လေဆိပ်ထဲ ဝင်ချင်ရင် လူတယောက် ငွေ သုံးသောင်းပေးရတဲ့ ကမ္ဘာ့အထူးဆန်းဆုံး ရန်ကုန်လေဆိပ်

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ လေယာဉ်နဲ့ထွက်ခွာမယ့် ခရီးသည်တွေကို လိုက်ပို့ချင်တဲ့ မိသားစုတွေ၊ မိတ်ဆွေတွေအနေနဲ့ လေဆိပ်အထဲကိုဝင်ချင်ရင် တစ်ဦးကို ၃ သောင်းကျပ် ပေးရတယ်လို့ ကိုယ်တိုင်ကြုံလာသူတွေက ပြောပါတယ်။

လေဆိပ်ကို သွားတဲ့ လမ်းတစ်လျှောက်လည်း လုံခြုံရေးတွေတင်းကြပ်ကာ မှတ်ပုံတင်နဲ့ ကားလိုင်စင်တွေ စစ်ဆေးမှုတွေ ရှိနေတယ်လို့ သိရပါတယ်။ ထို့အပြင် လိုက်ပို့ချင်သူတွေ လေဆိပ်အထဲကို ဝင်ရောက်လိုပါက တစ်ယောက်လျှင် ၃ သောင်းကျပ်ကျသင့်မှာဖြစ်ပြီး မှတ်ပုံတင်ပေးရမှာဖြစ်ကာ စာရွက်စာတန်းတွေဖြည့်ရသလို စစ်ဆေးမေးမြန်းမှုတွေ ခံရတယ်လို့ ကိုယ်တိုင်ကြုံခဲ့ရသူတစ်ဦးက ပြောပါတယ်။

“အိမ်က အစ်ကို ကိုရီးယားသွားတာ အရင်လည်း လေယာဉ်ကွင်းလိုက်ပို့နေကျ။ လိုက်ပို့တဲ့လူများ အထဲ ၀င်ချင်ရင် တယောက် ၃ သောင်း တဲ့။ မှတ်ပုံတင်ပေး စာရွက်စာတန်းလုပ် ပြီးမှ စစ်ဆေးမေးတာဖြေရတယ်” လို့ ပြောပါတယ်။

လေယာဉ်ပေါ်တက်ပြီး ခရီးသွားတဲ့သူကို လိုက်ပို့တာဟာ ဘယ်နိုင်ငံမှာမှ ပိုက်ဆံမပေးရသလို မြန်မာနိုင်ငံမှာလည်း ခေတ်အဆက်ဆက်က ပိုက်ဆံမပေးခဲ့ရဘဲ အခု စကစ လက်ထက်ကျမှသာ ပေးနေရတာ ဖြစ်ပါတယ်။ ယခုလို ငွေကောက်ယူဖို့ တရားဝင် စာထုတ်ထားလားဆိုတာကို အသေအချာ မသိရသေးဘူးလို့ သိရပါတယ်။ မည်သည့်အဖွဲ့က ကောက်ယူတယ်ဆိုတာလည်း သေချာရေရာစွာ မသိရသေးပါဘူး။

လေဆိပ်ထဲ ဝင်သမျှကားတွေကိုလည်း လိုင်စင်ယူထားပြီး ပြန်အထွက်မှသာ လိုင်စင် ပြန်ပေးတာကြောင့် ယာဉ်ကြောပိတ်ဆို့မှုတွေ ဖြစ်ပွားနေတာကို တွေ့ရပါတယ်။ တခြားနိုင်ငံက လေဆိပ်တွေမှာ လူများများ လာစေဖို့ ဆွဲဆောင်မှုတွေ အပြိုင်အဆိုင် လုပ်နေကြပေမယ့် မြန်မာပြည် လေဆိပ်မှာတော့ ဝင်တဲ့သူတိုင်း ဝင်ကြေးပေးရတဲ့ အဖြစ်ကတော့ ကမ္ဘာ့အထူးဆန်းဆုံး ဖြစ်ရပ်လို့ သတ်မှတ်ရသလို ဖြစ်နေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page