ရန်ကုန်တမြို့လုံးနီးပါး ထူးဆန်းတဲ့ မြူခိုးငွေ့တွေ ရုတ်တရက် ဖုံးလွှမ်းသွားရတဲ့ အကြောင်းရင်း
ယနေ့ (၂-၁၂-၂၀၂၂) နေ့လည် ၃ နာရီခန့်မှာ ရန်ကုန် တမြို့လုံးနီးပါး ထူးဆန်းတဲ့ မြူခိုးငွေ့တွေ ဖုံးလွှမ်းနေတယ်လို့ သိရပါတယ်။ အဆိုပါ ထူးဆန်းတဲ့ မြူခိုးငွေ့တွေဟာ ရန်ကုန်မြို့ထဲမှာပါ သိသိသာသာ ဖုံးလွှမ်းနေတာ ဖြစ်ပါတယ်။
အဆိုပါ မြူခိုးငွေ့တွေနဲ့ ပတ်သက်ပြီး ပြည်သူများက အမျိုးမျိုး ထင်ကြေးပေးပြောဆိုလျက် ရှိနေပါတယ်။ ယခု မြူခိုးငွေ့တွေဟာ ဗုဒ္ဓဟူးနေ့ညက ရုတ်တရက် ဖြစ်ပေါ်ခဲ့တဲ့ စိုက်ဆင်း လေပြင်းကြီးနဲ့ မိုးသည်းထန်စွာ ရွာသွန်းခဲ့တဲ့ ဖြစ်စဉ်အပြီးမှာ မိုးအုံ့ပြီး စိုထိုင်းဆများလာတာကြောင့် ဖြစ်ပေါ်လာရတာ ဖြစ်ကြောင်း ပညာရှင်အချို့က သုံးသပ်ထားပါတယ်။ ရုတ်တရက် ဖြစ်ပေါ်လာတဲ့ ထူးဆန်းတဲ့ မြူခိုးငွေ့တွေနဲ့ ပတ်သက်ပြီး မိုးလေဝသပညာရှင် ဦးဝင်းနိုင်ရဲ့ ရှင်းပြထားတဲ့ အကြောင်းကို ဆက်လက် ဖော်ပြလိုက်ပါတယ်-
အနောက်တောင်ဘက်က ရွေ့လာတဲ့ တိမ်တိုက်ကဖုံးနေတယ်၊ အပူချိန်က ၂၇ ဒီဂရီလောက်ကျနေပြီး လေထုစိုထိုင်းဆက ၉၀% လောက်ဖြစ်နေတယ်။
ဘေးပတ်လည်(အနောက်/အရှေ့နဲ့ မြောက်ဘက်)မှာ ဖိအား 1009hPa ရှိနေပြီး မြို့ပေါ်မှာတော့ 1007 1008 hPa အထိ ကျနေတယ်။ ရေပြင်ညီမှာ မြောက်ဘက်က လေတိုက်နှုန်း တစ်နာရီ ၂ မိုင်လောက်ရှိပေမဲ့အမြင့်ပေ ၂၀,၀၀၀ မှာ လေတိုက်နှုန်းက သုံည လုံးဝမတိုက်ဘူး။
မြေဆီလွှာစိုထိုင်းဆ ၉၃% အထိ ရှိနေသေးတော့ မြေကြီးထဲက ရေခိုးရေငွေ့တွေ အငွေ့ပျံတယ် အပေါ်ကိုတက်လာကြတယ်။ ရန်ကုန်မြို့ထဲက တချို့နေရာတွေမှာ မြူတွေဆိုင်းနေသလိုဖြစ်ပြီး လေကလဲ ငြိမ်နေတယ်။ အဲ့သလိုဖြစ်နေတာပါဘဲ။