ဂျပန်မှာ နာမည်ကြီးသွားတဲ့ မြိတ်ကတ်ကြေးကိုက်နဲ့ ဂျပန်တွေ ချမ်းသာရတဲ့ အကြောင်းရင်း

“ဂျပန်ကတ်ကြေးကိုက်”၊ ဂျပန်မူလီဆိုတာတော့ ကြားဖူးတယ် မဟုတ်လား။ တခြားမူလီတွေထက် ဂျပန်မူလီက အရစ်ပိုရှည်တယ်။ ဒါကြောင့် ကိစ္စတခုခု လက်ပေါက်ကပ်ပြီး အရစ်ရှည်နေရင် ဂျပန်မူလီလို့ ပြောကြတယ်။ ဂျပန်ကတ်ကြေးကိုက်ကတော့ ပုံစံတမျိုးပေါ့လေ။

ကျနော် ဂျပန်မှာ နေတုန်းက တရက်တော့ ဂျပန်သူငယ်ချင်း တိုယိုကာဝါ အကူအညီတောင်းလာတယ်။ မြန်မာအစားအစာတွေထဲမှာ “ယာကိဆိုးဘ” နဲ့တူတာ ဘာရှိသလဲတဲ့။ ယာကိဆိုးဘဆိုတာ ပဲငံပြာရည် ဆော့စ်နဲ့ ကြော်တဲ့ ဂျပန်ခေါက်ဆွဲကြော်ပါ။ ကျနော်တို့ မြန်မာပြည်မှာ တရုတ်ခေါက်ဆွဲကြော်ပဲ ရှိတယ်။ မြန်မာ ခေါက်ဆွဲကြော်မရှိဘူးလေ။ ရှမ်းခေါက်ဆွဲလည်း ရှိတော့ ရှိတယ်၊ ဒါပေမယ့် သူက အကြော်မဟုတ်ဖူး၊ အရည်နဲ့ အသုပ်ပဲ ရမယ်။ သူ့ကို ပြောပြတော့ ထပ်ပြီး စဉ်းစားကြည့်ပါဦးကွာတဲ့။

တိုယိုကာဝါက အင်နီမေးရှင်း ဝါသနာကြီးတယ်။ ဂျပန်လို အာနီမဲလို့ အတိုကောက်ခေါ်တဲ့ ရုပ်ပြရုပ်ရှင် ဇာတ်လမ်းတွေ ဖန်တီးတာ ဝါသနာပါလို့ သူတို့ချင်းစုပြီး အသင်းဖွဲ့ထားတယ်။ ဘွဲ့လွန်တန်းတက်နေတာတောင် ကလေးကလား ကာတွန်းရုပ်ရှင်တွေ ဝါသနာပါတုန်းပဲလားလို့ မအံ့ဩပါနဲ့။ ဂျပန်မှာ အသက် ၄၀-၅၀ လူကြီးတွေလည်း ‘မန်းဂ’ လို့ခေါ်တဲ့ ရုပ်ပြကာတွန်းတွေ ဖတ်ကြတယ်။

အာနီမဲဝါသနာရှင်များ အသင်းအတွက် ရန်ပုံငွေရှာဖို့ နာမည်ကြီး ဘုရားပွဲတခုမှာ မနှစ်က ယာကိဆိုးဘ သွားရောင်းတာ အမြတ်သိပ်မကျန်ဘူးတဲ့။ ဘုရားပွဲထဲမှာ ယာကိဆိုးဘဆိုင်တွေ အများကြီးမို့ ဒီနှစ်တော့ ထူးထူးခြားခြားဖြစ်အောင် တခြားဟာတခု ရောင်းကြမယ်လို့ စိတ်ကူးပြီး မြန်မာအစားအသောက်ကို စဉ်းစားကြည့်တာလို့ သူက ပြောတယ်။

အဲဒါနဲ့ ကိုယ်နဲ့ခင်တဲ့ မြန်မာစားသောက်ဆိုင်တခုကို ခေါ်သွားပြီး မီနူးကို နှစ်ယောက်သား သဲကြီးမဲကြီး ရှာတော့ “မြိတ်ကတ်ကြေးကိုက်” ကို တွေ့ပါလေရော။ တပွဲမှာစားကြည့်ပြီး ကြိုက်သွားတယ်။ ကြော်ပုံကြော်နည်း ကျနော့ကို မေးတော့ ဘယ်သိပါ့မလဲဗျာ။ ဒီတော့ အဲဒီ မြန်မာစားသောက်ဆိုင်က စားဖိုမှူးလုပ်တဲ့ အစ်မကို သင်ပြပေးဖို့ အကူအညီတောင်းရတာပေါ့။ သူကလည်း ဂျပန်ကျောင်းသားတွေ ရန်ပုံငွေပွဲအတွက်မို့ ကူညီမယ်လို့ ပြောပါတယ်။

အဲလိုဆိုတော့ ဆိုင်မှာ အလုပ်မများတဲ့တရက်၊ ညနေ ၄ နာရီလောက်မှာ သင်ဖို့ ချိန်းလိုက်ကြတယ်။ အဲဒီနေ့က ဆိုင်ကို ချီတက်လာကြတဲ့ ဂျပန်အဖွဲ့ကို ကြည့်ပြီး လန့်သွားတယ်။ ယောက်ျားလေး နှစ်ယောက်၊ မိန်းကလေး သုံးယောက်၊ ဗီဒီယိုကင်မရာ၊ မှတ်စုစာအုပ်၊ အလေးချိန်ကိရိယာ၊ ချင်တွယ်ခွက်၊ အချိန်မှတ်နာရီတွေ အပြည့်အစုံနဲ့ခင်ဗျ။

ဓာတ်ခွဲခန်းထဲကဟာတွေလားလို့ မေးတော့ သူတို့ အူကြောင်ကြောင် ဖြစ်သွားတယ်။ မဟုတ်ဖူး၊ မီးဖိုချောင်သုံးပစ္စည်းတွေလေ ဆိုပြီး သူတို့က ကျနော့ကိုတောင် အံ့ဩနေသေး။ ဂျပန်အိမ်ရှင်မတွေ ထမင်းဟင်းချက်ရင် အဲဒီလို အလေးချိန်၊ ပမာဏ၊ အချိန်နဲ့ တိတိကျကျ ချက်သတဲ့။

ဒါပေမယ့်၊ အလွယ်နည်းလည်း ရှိကြောင်း ကောင်မလေးတယောက်က ရှင်းပြတယ်။ ဥပမာ အသားဝယ်ရင် ထည့်ထားတဲ့ ဖော့ခွက်လေးပေါ်မှာ ဘယ်နှစ်ကီလို၊ ဘယ်နှစ်ဂရမ်ဆိုတာ ဆိုင်က တံဆိပ်ကပ်ပြီးသား။ တစ်ကီလိုကို တဝက်ဝက်ရင် ၅၀၀ ဂရမ်၊ လေးပုံတပုံဆိုရင် ၂၅၀ ဂရမ်ဆိုပြီး ထပ်ချိန်နေစရာ မလိုတော့ဘူး။ ကျနော်တို့ မြန်မာတွေ ဈေးဝယ်ရင် ဈေးနှုန်းကိုပဲ ကြည့်တာများတယ်လေ၊ အလေးချိန်တို့ ဘာတို့ မကြည့်မိပါဘူး။

လက်တွေ့ မကြော်ခင်မှာ ထည့်မယ့် ပစ္စည်းအမယ်တွေကို အလေးချိန်၊ ပမာဏ အရင်ပြခိုင်းပြီး ကြော်နည်းကို ပါးစပ်နဲ့ ပြောတာ ရေးမှတ်ကြပါတယ်။ ဆိုင်က မီးဖိုကျဉ်းကျဉ်းမို့ ကြော်ပြမယ့် အစ်မရယ်၊ တိုယိုကာဝါနဲ့ ဗီဒီယိုရိုက်မယ့် ကာတိုရယ် သုံးယောက်ပဲ ဝင်ကြတယ်။

စပြီဆိုတာနဲ့ ဆီဘယ်လောက် မီလီလီတာ ထည့်တယ်လို့ တိုယိုကာဝါက အော်ပြောရင် အပြင်က ကောင်မလေးတွေက မှတ်စုထဲမှာ မှတ်တယ်။ ပြီးရင် သူတို့ကလည်း ဆီဘယ်လောက် မီလီလီတာလို့ ပြန်အော်ပြောတယ်။ အထဲက ဂေါ်ဖီထုပ် ဘယ်နှစ်ဂရမ်ဆိုရင် အပြင်ကလည်း အချိန်ကိုပါ မှတ်ပြီးတာနဲ့ ဂေါ်ဖီထုပ် ဘယ်နှစ်ဂရမ်ဆိုတာ ပြန်အော်တယ်။ အဲဒီလို အပြန်အလှန် အော်ပြောတာက နားကြားလွဲမှာစိုးလို့ သေချာအောင် ပြန်အတည်ပြုတာပါ။

အဲဒါနဲ့ တပွဲကြော်ပြီးသွားရော။ သူတို့ချင်း ဗီဒီယိုကြည့်၊ မှတ်စုစာအုပ်နဲ့တိုက်ပြီး ပြန်ဆွေးနွေးကြတယ်။ ကြော်ပြရတဲ့ အစ်မလည်း တော်တော် စိတ်လေသွားရှာတယ်။ ဒီလို အတိအကျ တခါမှ မကြော်ခဲ့ဖူးပါဘူးလို့ ညည်းတာပေါ့။

နောက်တပွဲ ကြော်ပြန်ရော၊ ဒီအတိုင်းပဲ အားလုံး မှတ်သားပြီး ပထမပွဲနဲ့ ပြန်တိုက်ကြည့်ကြတယ်။ ပြီးတော့ တိုယိုကာဝါကြော်တာကို အစ်မက ဘေးက ကြည့်ပေးရတယ်။ နောက်တပွဲကျ ကာတိုရဲ့ အလှည့်။ နောက်ဆုံးပွဲကတော့ အစ်မကို အပြင်ထွက်ခိုင်းပြီး သူတို့ဖာသာ ကြော်ကြတယ်။ အားလုံးပြီးတဲ့အခါ ၅ ပွဲစလုံးကို မြည်းကြည့်ကြတယ်။ သူတို့ဖာသာ ကြော်ထားတဲ့ပွဲကို ကျနော်နဲ့ အစ်မက မြည်းကြည့်ပြီး တူမတူ၊ ကောင်းမကောင်း ပြောပြရတယ်။

ပြီးတာနဲ့၊ ၅ ပွဲစာ ကျသင့်တဲ့ ပိုက်ဆံကိုရှင်း၊ ဆိုင်က ငွေရပြေစာကို ကောင်မလေးတယောက်က ငွေစာရင်းစာအုပ်ထဲမှာ တိပ်နဲ့ကပ်ပြီး သိမ်းတယ်။ လိုအပ်တဲ့ ပစ္စည်းတွေကို ဝယ်ဖို့ ကောင်မလေး နှစ်ယောက်က စာရင်းလုပ်တယ်။ တပွဲအတွက် ထည့်ရတဲ့ ပစ္စည်းပမာဏကို မူတည်ပြီး ပွဲ ၁၀၀ စာ ဆိုရင် ဘယ်လောက်လိုမယ်ဆိုတာကို တွက်ချက်၊ ဘယ်ဆိုင်မှာ ဘယ်သူက သွားဝယ်မယ်ဆိုတာ ဆွေးနွေးအတည်ပြုပြီး လူစုခွဲကြရော။

ဘုရားပွဲနေ့မှာ ဟိုနေ့က ၅ ယောက်အပြင် တခြား အသင်းဝင်တွေပါ လာကြတယ်။ တိုယိုကာဝါက ခေါင်းဆောင်၊ တတန်းပိုကြီးတဲ့ ကာတိုက ဒုတိယခေါင်းဆောင်၊ ကျန်တဲ့ အသင်းသူအသင်းသားတွေကို ဘယ်သူက ဘာတာဝန်၊ ဘာလုပ် ဆိုပြီး တာဝန်ခွဲတဲ့အခါ “ဟိုက်” “ဟိုက်” “ဟိုက်” ဆိုတဲ့ အသံတွေပဲ ကြားရတယ်။ စောဒကတက်တာ၊ ဆင်ခြေပေးတာ၊ ဝေဖန်တာ၊ လေကန်တာတွေ မရှိဘူး။ အဲဒီလို အပြန်အလှန် ဆွေးနွေးငြင်းခုန်တာတွေက အရင်နေ့ အစည်းအဝေး တခုမှာ ပြီးခဲ့ပြီးပြီ။ ဒီနေ့က အလုပ်လုပ်ရမယ့်နေ့။ ခေါင်းဆောင် တာဝန်ပေးတဲ့အတိုင်း တသွေမတိမ်း လုပ်ရုံပဲ။ မလုပ်ချင်ရင် စောစောစီးစီး ထွက်သွား။

အမှန်ဆိုရင် သူတို့အဖွဲ့မှာ ကာတိုက အသက်ရော အတန်းပါကြီးတယ်။ ဒါပေမယ့်၊ ခေါင်းဆောင်ဖြစ်တဲ့ တိုယိုကာဝါရဲ့ စကားကို နာခံတယ်။ အဲဒီနေ့က ကောင်မလေး တယောက်က ခေါက်ဆွဲဖတ်နဲ့ အမယ်ပစ္စည်းတွေကို အလေးချိန် ချိန်ပြီး အဆင်သင့်လုပ်ပေးတာကို တိုယိုကာဝါနဲ့ ကာတိုတို့ နှစ်ယောက် တလှည့်စီ တဒယ်ပြီး တဒယ်ကြော်တာ လက်မလည်ဘူး။ ဒယ်ဆိုပေမယ့် တကယ်က ယာကိဆိုးဘကြော်တဲ့ သံပြားအပြန့်ကြီးပါ။ ကျန်တဲ့ ကောင်လေး၊ ကောင်မလေးတွေက ကြော်ပြီးတဲ့ ခေါက်ဆွဲတွေ ဖော့ခွက်ထဲထည့်၊ ငွေလက်ခံ၊ ဇယ်စက်သလို လုပ်တာတောင် မနိုင်ဘူး။ ဆိုင်ရှေ့မှာ လူတွေ တန်းစီနေတာ အရှည်ကြီးပဲ။

ဂျပန်တွေရဲ့ အကျင့်က စုပြုံတိုးဝှေ့တာ ဘယ်သောအခါမှ မရှိဘူး။ သေရေးရှင်ရေးတောင် စနစ်တကျ တန်းစီပြီး ထွက်တာ မြင်ဖူးတယ်။ ဘုရားပွဲတခုက ဆိုင်မှာ အခုလို လူတွေ တန်းစီဝယ်တယ်ဆိုရင် ကောင်းမှန်းသိတယ်။ ရှားရှားပါးပါး စားရခဲတဲ့ အာရှနိုင်ငံတခုက အစားအသောက်မို့ စားကြည့်ချင်တဲ့လူတွေ၊ စားပြီးသူတွေက ကောင်းတယ်ပြောလို့ လာဝယ်သူတွေနဲ့ စည်ကားနေတာပေါ့။ ပြီးတော့ ဂျပန်တွေရဲ့ နောက်အကျင့်တမျိုးကလည်း အဲလို သူများတန်းစီနေတာတွေ့ရင် ကိုယ်ပါ ဝင်တန်းစီကြတာလေ။

လူတွေတန်းစီနေလေလေ၊ ရောင်းကောင်းလေလေနဲ့ အဲဒီနေ့က ကုန်ကြမ်းပြတ်သွားလို့ နှစ်ခါလောက် ထွက်ဝယ်ကြရသေးတယ်။ မြန်မာအစားအသောက်ကို ဝိုင်းပြီး အားပေးကြတော့ ကျနော်လည်း ဘေးက အချောင် ပီတိဖြစ်နေတာပေါ့။ စာရင်းချုပ်လိုက်တော့ ယန်း တသိန်းတသောင်းကျော် (ဒေါ်လာ ၁,၀၀၀ ကျော်) လောက် အမြတ်ကျန်တယ်။ တခါမှ အဲဒီလောက် များများ မမြတ်ဖူးတော့ အားလုံးပျော်တာပေါ့နော်။ ဒီတော့၊ အောင်ပွဲခံပြီး စားကြသောက်ကြမယ်။

အားလုံးစားသောက်ပြီးရင် ကျသင့်ငွေကို ရတဲ့ အမြတ်ထဲက ထုတ်ပေးလိမ့်မယ်လို့ ကျနော်ထင်တာ မှားတယ်။ ကျနော်တယောက်သာ အာနီမဲအသင်းဝင်မဟုတ်ပဲ ကူညီတဲ့ ဂုဏ်ထူးဆောင် ဧည့်သည်မို့ အသင်းက ဧည့်ခံကျွေးမွေးပါတယ်။ ကျန်တဲ့လူတွေအတွက် အစားတပွဲဖိုးပဲ အသင်းကပေးတယ်။ ဘီယာ၊ ဆာကေ၊ သောက်စရာအတွက် ကိုယ့်ဖာသာ ရှင်းရတယ်ခင်ဗျ။

ဒီလောက်နဲ့ ပွဲမပြီးသေးပါဘူး။ ဂျပန်မူလီမို့ အရစ်က ရှည်တယ်။ နောက်တနေ့မှာ ကျနော်နဲ့ချိန်းပြီး ပထမ သွားခဲ့တဲ့ ၅ ယောက်က သင်ပေးတဲ့ မြန်မာအစ်မဆိုင်ကို သွားကြတယ်။ ဘူတာနားက ပန်းဆိုင်မှာ ပန်းစည်းတစည်း ဝယ်၊ ဂျပန်တွေ လက်ဆောင်ပေးရင် သုံးတဲ့ စာအိတ်ထဲမှာ ယန်း ၃,၀၀၀ ထည့်ပြီး အစ်မရဲ့ ကူညီသင်ပြမှုကြောင့် သူတို့ ဘယ်လို အောင်မြင်မှုရခဲ့ကြောင်း သေသေချာချာ ရှင်းပြပြီးမှ ဦးညွှတ်ပြီး ပန်းစည်းနဲ့ စာအိတ်ကို ပေးကြတယ်။

အခုလို သေသေချာချာ မှတ်တမ်းတင်ထားတဲ့အတွက် နောက်နှစ်တွေမှာလည်း သူတို့အသင်းက ကတ်ကြေးကိုက်ရောင်းပြီး ရန်ပုံငွေ နှစ်တိုင်းရှာနိုင်ကြောင်း သိရပါတယ်။ အဲဒီပွဲမှာ ကျနော်သင်ခန်းစာ ရခဲ့တာကတော့ ဂျပန်တွေ အလုပ်လုပ်ရင် တပွဲတိုး မဟုတ်ဘဲ၊ ရေရှည်အတွက် စနစ်တကျ ပြင်ဆင်လုပ်ကိုင်ကြောင်း ကိုယ်တိုင် မြင်တွေ့ရတာပါပဲ။ အသင်းလိုက် လုပ်ဆောင်ရာမှာ တွက်ကပ်ငြိုငြင်တာ မရှိဘဲ ခေါင်းဆောင်ပြောတဲ့အတိုင်း ညီညီညွတ်ညွတ် လုပ်ကြတယ်။ ပြီးရင်လည်း ကျေးဇူးတင်ထိုက်သူ၊ ဂုဏ်ပြုထိုက်သူကို မမေ့မလျော့ ကျေးဇူးသိတတ်တယ်။

ကျနော့မှာလည်း အဲဒီလို ဝင်ပြီး ကူညီပေးတာတောင် မြိတ်ကတ်ကြေးကိုက် ကြော်နည်း တတ်မလာဘူးဗျာ။ ပြီးတော့၊ ခုထက်ထိ ကျနော်နားမလည်နိုင်တာက ဘယ်နေရာမှ ကတ်ကြေးနဲ့ ကိုက်တာမတွေ့တော့ ဘာဖြစ်လို့ ကတ်ကြေးကိုက်လို့ ခေါ်မှန်း မသိရပါဘူးဗျာ။ ဘာပဲဖြစ်ဖြစ်လေ၊ “ဂျပန်ကတ်ကြေးကိုက်” ကတော့ အသေးစိတ်ကအစ စနစ်တကျ လုပ်သွားတာ မှတ်သားမိပါတော့တယ်။ (Min Myat Maung)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page