နှစ်ပေါင်း နှစ်ထောင်ကျော်ကြာ လက်ဆင့်ကမ်း ပြုလုပ်ခဲ့ကြတဲ့ မြန်မာ့ရိုးရာပွဲတော်တခုအကြောင်း

သရေခေတ္တရာ ပြည်မြို့ က ပျူလူမျိုးတို့၏ ရိုးရာ ညံရိုး မီးပူဇော်ပွဲ၊ လွန်ခဲ့သော နှစ်ပေါင်း နှစ်ထောင်ကျော်ခန့်က စတင်ကျင်းပခဲ့ပြီး ဗုဒ္ဓဘုရားရှင်အား ပူဇော်လာခဲ့ကြတဲ့ ပျူလူမျိုးတို့၏ အထူးခြားဆုံးသော ဘာသာရေးပွဲတော်ဖြစ်တဲ့ ညံရိုးမီး ပူဇော်ပွဲကို တပို့တွဲလပြည့်နေ့ မှာ လေးဆူဓာတ်ပျော် ရွှေဆံတော် စေတီတော်မြတ်ကြီးမှာ ကျင်းပပြုလုပ် ပူဇော်မှာပါ။

ချမ်းအေးလှတဲ့ တပို့တွဲလ ဆောင်းရာသီမှာ မြတ်စွာဘုရားကို အလင်းဓာတ်နှင့် အနွေးဓာတ်လှူဒါန်းတဲ့ အနေနဲ့ သရေခေတ္တရာ ပျူမြို့ပြနိုင်ငံကို တည်ထောင်ခဲ့တဲ့ ဒွတ္တပေါင်မင်းကြီးက သာသနာ သက္ကရာဇ် ၁၂၆ ခုနှစ်တွင် ရွှေဆံတော်ဘုရားကြီးကို ထပ်ဆင့်တည်ခဲ့ပြီး ၁၂၇ ခုနှစ် တပို့တွဲ လပြည့်နေ့မှ စ၍ ပြည်မြို့၀န်းကျင်မှာ တောထအောင် ပေါက်နေသည့် ညံရိုင်းပင်များကို ခုတ်ကာ မြတ်စွာဘုရားကို ချမ်းအေးလှသည့် တပို့တွဲ လပြည့်နေ့ အခါသမယမှာ ညံရိုးမီး ပူဇော် လှူဒါန်းခဲ့ပါတယ်။

လေးဆူဓာတ်ပျော် ရွှေဆံတော် စေတီတော်မြတ်ကြီး ညံရိုးမီး ပူဇော်ပွဲ ပြုလုပ်ကျင်းပမယ့် အချိန်ကတော့ တပို့တွဲ လပြည့်နေ့ နံနက် ၄နာရီ မှ နံနက် ၆ နာရီအထိ ညံရိုးမီး ပူဇော်ပါမယ်။ ညံရိုး ဆိုတာ အဖြူရောင် ရှိတဲ့ သစ်ချောင်းလေးတွေပဲ ဖြစ်ပါတယ်။

ညံရိုး တစ်ချောင်းရဖို့ တောထဲမှာ ခုတ်ထွင် ယူရတာပါ။ တောအရပ်က စျေးသည်တွေက ညံရိုး မီးပူဇော်ပွဲ မတိုင်ခင်ကတည်းက တောတောင်တွေထဲမှာ ပေါက်နေတဲ့ ညံရိုးပင်တွေကို ခုတ်ယူပြီး မီးပူဇော်လို့ ရမယ့် အနေအထား ဖြစ်အောင် နေပူလှန်းတာတွေ လှပမှု ရှိအောင် အချော ကိုင်တာတွေ ပြုလုပ်ရပါတယ်။

လူအများစုကတော့ တပို့တွဲလဆန်း ၁၄ ရက်နေ့ ညနေကတည်းက ဘုရား စောင်းတန်းရှေ့က ညံရိုး ရောင်းသူတွေဆီမှာ အသီးသီး ဝယ်ယူကြပါတယ်။ တပို့တွဲ လပြည့်နေ့ နံနက် ၄ နာရီထိုးတာနဲ့ ပြည်မြို့သူ မြို့သားများ ပြည်မြို့ အနီးတဝိုက် ဒေသခံများက ညံရိုး ချောင်းလေးများကို ကိုယ်စီကိုင်ပြီး ဘုရားရင်ပြင်တော်ပေါ်သို့ တက်ကြပါပြီ။

ဘုရား ရင်ပြင်တော် အရှေ့တောင် ထောင့်နေရာမှာ မီးပုံ အဖြစ် ပြုလုပ်ပူဇော်ဖို့အတွက် ပေ ၆၀ ပတ်လည်ရှိ လေးထောင့်ပုံစံ အုတ်စီ ထားပါတယ်။ လွန်ခဲ့သော နှစ် ၂၀ ခန့် မှာတော့ ရင်ပြင်တော်ပေါ်တွင် နေရာကျဉ်းကြပ်သည့်အတွက် တောင်ဘက် နဂါးစောင်းတန်း တောင်ခြေမှာ ညံရိုးမီး ပူဇော်ခဲ့တာ ယခုအချိန်ထိ ပါပဲ။

စတင်ပြီး မီးပူဇော်ကြပါပြီ ဆိုတာနဲ့ နံ့သာတုံးများအပါအဝင် ညံရိုးချောင်းလေးများကို မီးပုံပေါ်သို့ အဝေးကနေ ပစ်ထည့်ပြီး ဝတ်ပြု ဆုတောင်း ကြပါတယ်။ နံနက် ၆ နာရီ ညံရိုးမီးပူဇော်ပွဲ ပြီးတာနဲ့ ဘုရား ရင်ပြင်တော်ပေါ်မှာ စတုဒီသာ ကျွေးမွေး ဧည့်ခံတာတွေ တရားသဘင် ဆက်လက် ကျင်းပတာတွေ ပြုလုပ်ပါတယ်။

ညံရိုး မီးပူဇော်ပွဲနဲ့ တစ်ဆက်တည်းမှာပဲ ဘုရား မီးပူဇော်ပြီးတာနဲ့ ဧရာဝတီမြစ် တစ်ဖက်ကမ်းမှာ ရှိတဲ့ ဖိုးဦး တောင်တော်သို့ ဆက်လက် ဘုရားဖူး ချီတက် ကြပါတယ်။ ဖိုးဦး တောင်တော်ဟာ မြတ်စွာဘုရား ကြွလာပြီး ဗျာဒိတ်တော် ပေးတော်မူခဲ့တဲ့ နေရာလည်း ဖြစ်သလို ပျူရှင်ဘုရင် ဒွတ္တဘောင်မင်းကြီးနဲ့ ဗိဿနိုး ပန်ထွာ မိဖုရားတို့ရဲ့ ဘဝဟောင်းက ပွေးဖိုပွေးမ တို့ နေထိုင် ကျက်စားခဲ့ရာ နေရာဒေသတစ်ခုလည်းဖြစ်ပါတယ်။

ပျူလူမျိုး တို့နေထိုင်ခဲ့ရာ ပြည်မြို့နယ် တဝိုက်မှာ ညံရိုး မီးပူဇော်ပွဲကို ယနေ့အထိတိုင်အောင် ရှေးရိုးရာ ယဉ်ကျေးမှု အထိမ်း အမှတ်တစ်ခု အဖြစ် မြန်မာနိုင်ငံ၏ အထူးခြားဆုံးသော ဘာသာရေး ပွဲတော်ကို နှစ်ပေါင်း၂၀၀၀ကျော် စဉ်ဆက်မပျက် ဆက်လက် ထိန်းသိမ်း နိုင်တာကလည်း အင်မတန် အံ့သြစရာတစ်ခု ဖြစ်နေပါတော့တယ်။ သူရိန် (ပြည်) (မူရင်းရေးသားသူအား လေးစားမှုဖြင့် – bkr)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page