ညီအစ်မ ဖြစ်ပေမယ့် တဦးနဲ့တဦး မတည့်ကြတဲ့ မင်းတုန်းမင်း မိဖုရားကြီး (၂) ပါးအကြောင်း
မိဖုရားကြီးနှစ်ပါး အတူတကွ ထွက်ကြွခဲ့သော ခရီးစဉ်၊ မင်းတုန်းမင်းကြီး၏ တောင်နန်းမိဖုရားနဲ့ အလယ်နန်းမိဖုရား ဟာ ညီမဝမ်းကွဲတော်စပ်ပြီး ကုန်းဘောင်မင်းသွေးစစ်များ ဖြစ်ခဲ့လေသည်။
ထို့ပြင်တဝ တချိန်သောအခါက အလယ်နန်းမိဖုရား ၏အသက်ကိုပင် တောင်နန်းမိဖုရားကြီးက ကယ်ဆယ်ထားခဲ့သော ကျေးဇူးတရားသည် အလယ်နန်းမိဖုရားကြီးအပေါ်၌ ရှိခဲ့လေသည်။
သို့သော် တဖက်လူဖြစ်သော အလယ်နန်းမိဖုရားဘက်မှ ကြည့်သော် သူမ ရရှိမည့် တပင်တိုင်နန်းနဲ့တကွအလုံးစုံသောရာထူးဘွဲ့အဆောင်အယောင်တို့အား အစ်မတော်ဖြစ်သူ တောင်နန်းမိဖုရားကြီးမှ လုယူသွားခဲ့လေသည်ဟု တွေးထင်နိုင်ဖွယ်ရှိ၏။
နောက်ပိုင်း ထိုပုဂ္ဂိုလ်နှစ်ဦးလုံး မင်းတုန်းမင်းကြီး၏ နန်းရမိဖုရားကြီး များအဖြစ် အာဏာလက်ဝယ်အသီးသီး ရောက်ရှိလာချိန်မှာတော့ သူတို့နှစ်ပါး ၏ဆက်ဆံရေးမှာကြဲသွားခဲ့လေသည်။ အထူးသဖြင့် ညီမတော်အလယ်နန်းမိဖုရား မှ စတင်၍ ဆက်ဆံရေးကြဲသည်ဟုယူဆနိုင်သည်။
သို့သော် ကနောင်မင်း လုပ်ကြံမခံရမီ ၃-၄လ အလိုခန့်တွင် (၁၂၂၇ခုနှစ် တပေါင်းလ) ထိုမိဖုရားကြီးနှစ်ပါးသည် နန်းတော်အနောက်ဆောင်မှ ထူးဆန်းစွာဖြင့် အတူတကွ ထွက်ကြွခဲ့ဖူးလေသည်။ ထွက်ကြွသည့်ခရီးသည်ကား တောင်နန်းမိဖုရားကြီး၏ ဆရာရင်းဖြစ်သော သာသနာပြုဆရာတော်ဦးညေးယျ ပျံလွန်တော်မူသည်အား သင်္ဂြိုလ်တော်မူမည့် စျာပနအခမ်းအနားသို့ သွားရောက်ရေစက်ချ ကုသိုလ်ပြုခြင်းဖြစ်လေသည်။
ထိုအခမ်းအနားတွင် မိဖုရားကြီးနှစ်ပါးသည် ထောင်ချီသော သံဃာတော်အပေါင်းတို့အား လှုတန်းဖွယ်ရာအသီးသီး လှုတန်းခဲ့ကြလေပြီးမှသာ နန်းသို့ အတူတကွ ဝင်ခဲ့သည် ဖြစ်လေ၏။
ထိုခရီးသည် ဤမိဖုရားကြီးညီအစ်မနှစ်ဦး၏ မိဖုရားကြီးများဘဝ ပထမဦးဆုံးသောနှင့် နောက်ဆုံးသော အတူတကွ အလှုအတန်းပြုခြင်းဖြစ်ခဲ့ပေသည်ဟု ယူဆနိုင်လေတော့သည်။ ကိုးကား – ကုန်းဘောင်ဆက်မဟာရာဇဝင်ကြီး တတိယတွဲ
ဦးမောင်မောင်တင် (မင်းနန်သူ – Historynotes) (မူရင်းရေးသားသူအား လေးစားမှုဖြင့် – bkr)