ရန်ကုန်မှာ သောင်းကျန်းနေတဲ့ အိပ်မွေ့ချဂိုဏ်းနဲ့ လူငယ်လင်မယား ပျောက်ဆုံးမှု ဖြစ်စဉ် အပြည့်အစုံ

ရန်ကုန်မြို့မှာ မြောက်ဥက္ကလာပမြို့နယ်သို့ လှိုင်သာယာမှ အငှားယာဉ်နဲ့ လိုက်ပါလာတဲ့ ညားကာစ ဆယ်ကျော်သက် ဇနီးမောင်နှံ ၂ ဦး နေအိမ်သို့ မရောက်ရှိဘဲ အဆက်အသွယ်ပြတ် ပျောက်ဆုံးခဲ့ပြီးနောက် ၂ ရက်ကျော်အကြာ ဒီဇင်ဘာ ၂၉ ရက်နေ့က ပြန်လည် ရှာတွေ့ခဲ့ပါတယ်။

ညားကာစ ဆယ်ကျော်သက် ဇနီးမောင်နှံ ၂ ဦးဟာ အမျိုးသမီး ဖြစ်သူရဲ့ မိဘတွေ နေထိုင်ရာ မြောက်ဥက္ကလာသို့ လှိုင်သာယာမှ အငှားယာဉ်နဲ့ ထွက်ခွာလာပြီးနောက် အဆက်အသွယ် မရတော့ဘဲ ပျောက်ဆုံးခဲ့တာဖြစ်ပြီး မှော်ဘီမြို့နယ် မြောင်းတကာ ဆောက်လုပ်ရေး မှတ်တိုင်အနီး လမ်းဘေး မုန့်ဆိုင်ပိုင်ရှင်က ကူညီ ဆက်သွယ်ပေးခဲ့တာလို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

“ကလေးတွေက မျက်နှာငယ်လေးတွေနဲ့ လမ်းလျှောက်လာတာ မြင်တော့ မေးလိုက်တာ။ သူတို့ ၂ ယောက် တောထဲက ဇရပ်ပေါ်မှာ ၂ ည အိပ်ခဲ့ရတယ်။ ဆေးအရှိန်နဲ့ မူးပြီး အိပ်ပျော်သွားတာလည်း ပါမယ်။ လမ်းပေါ်တက်ပြီး ၂၈ ရက်နေ့ကလည်း သူတို့ အကူညီ တောင်းကြတယ်။ ဒီကာလမှာ ကြတော့ လူတိုင်းက မသိဘဲတော့ ဘယ်ကူညီရဲမလဲ။ ပြီးတော့မှ ကောင်မလေးရဲ့ အဖေကို ဖုန်းဆက်ပေးလိုက်ပြီး သက်ဆိုင်ရာ လူတွေနဲ့ လာပြီး ခေါ်သွားကြတာ” လို့ မျက်မြင်တွေ့သူ တစ်ဦးက ရှင်းပြပါတယ်။

“ကောင်မလေးက မူးတယ်ဆိုပြီး ဖုန်းပြောပြီး ကားပေါ်မှာ အိပ်ပျော်သွားတယ်။ ကောင်လေးလည်း ကားသမားနဲ့ စကားပြောပြီး အိပ်ချင်သလို ဖြစ်လာပြီး မေ့သွားတယ်။ သူတို့ ၂ ယောက်လုံး နိုးတော့ ညနေ ၅ နာရီ ဝန်းကျင်ရှိပြီလို့ ပြောတယ်။ သူတို့ ရောက်နေတဲ့ နေရာမှာ ဘုရားတစ်ဆူနဲ့ ဇရပ်ပျက် တစ်ခုရှိတယ်။ အဲ့ဒီမှာ ငိုရင်း လင်မယား ၂ ယောက် အိပ်ရတာပေါ့။

ဒီဇင်ဘာ ၂၈ ရက်နေ့ကျတော့ ကားလမ်းပေါ် ရောက်အောင်သွားပြီး လမ်းသွားလမ်းလာတွေကို အကူအညီတောင်းလို့ မရတော့ နောက်တစ်ည ထပ်အိပ်ကြတယ်။ ၂၉ ရက်နေ့ မနက်ကျတော့ တစ်နာရီလောက် လမ်းလျှောက်ပြီး မုန့်ဆိုင်က ကူညီပေးတဲ့ ဦးဝင်းမောင်နဲ့ တွေ့တာ။ သူက ကူညီပြီး ဖုန်းဆက်လို့ ကလေးတွေ ပြန်တွေ့ရတာ” လို့ မိသားစုဝင် တစ်ဦးက ပြောပါတယ်။

ဇနီးမောင်နှံဟာ အသက် ၁၉ နှစ်အရွယ် မောင်ထက်အာကာထွန်း(ခ) ဒေါ်လာနဲ့ အသက် ၁၈ နှစ်အရွယ် မမြတ်သိမ်မွေ့ထွန်း (ခ) ဂျူးဂျူး တို့ဖြစ်ကြပြီး သတိရချိန်မှာတော့ သူတို့ ဝတ်ဆင်ထားတဲ့ ရွှေထည် ပစ္စည်းတွေ လက်ကိုင်ဖုန်းနဲ့ ငွေကျပ် ၄ သိန်း အပါအဝင် စုစုပေါင်း တန်ဖိုး ကျပ်သိန်း ၂၀ ဝန်းကျင် ပျောက်ဆုံးခဲ့တယ်လို့ သူကပြောပါတယ်။

“ကားစီးတဲ့အခါ သတိထားပြီး ယာဉ်မောင်း အချက်အလက်ပါတဲ့ ဆိုင်းဘုတ်လေး ပါမပါစစ်ပါ။ ကားနံပါတ်ကို ဓာတ်ပုံရိုက် မှတ်ထားပါ။ အဲ့လို ခွင့်မပြုရင် အဲလိုကားကို မစီးနဲ့။ ရန်ကုန်မှာ အပေါဆုံးက Taxi ပါ။ အိပ်မွေ့ချပြီး လူကို ဘာမှ လုပ်မသွားတာ ကံကောင်းတယ်လို့ ပြောလို့ရတယ်။ သတိထားပြီး သွားကြပါ” လို့ အငှားယာဉ်မောင်း တစ်ဦးက ပြောပါတယ်။

အခုဖြစ်စဉ်နဲ့ ပတ်သက်ပြီး လှိုင်သာယာ အရှေ့ပိုင်း ရဲစခန်းမှာ လူပျောက်မှု ဖွင့်ထားတဲ့အတွက် အမျိုးသမီး ဖခင်ဖြစ်သူမှ ဇနီးမောင်နှံ ၂ ဦးကို အန္တရာယ်ကင်းစွာ ပြန်လည်တွေ့ရှိခဲ့လို့ လူပျောက်မှုကို ပြန်လည်ပိတ်သိမ်းခဲ့တယ်လို့ သိရပါတယ်။

တို့ဆေးနဲ့ ခေါ်ဆောင်သွားခြင်း၊ အိပ်မွေ့ချသွားခြင်း စတဲ့ ဖြစ်စဉ်တွေဟာ ယခင်ကတည်းက ရှိခဲ့ပြီး ယခု နှစ်ပိုင်းတွေမှာ ပိုမို ပြုလုပ်လာကြပါတယ်။ တာဝန်ရှိသူလို့ ခံယူထားတဲ့သူတွေကလည်း ထိရောက်စွာ မတားဆီး နိုင်တာကို တွေ့ရပါတယ်။ ပြည်သူတွေအနေနဲ့ မိမိ အန္တရာယ်ကို မိမိကိုယ်တိုင် ကာကွယ်နေရတဲ့ အခြေအနေ ဖြစ်နေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page