ကိုဗစ်ကာကွယ်ဆေး အောင်/မအောင် သိရှိနိုင်တဲ့ နည်းလမ်းနဲ့ ကာကွယ်ဆေး အတွေ့အကြုံ

ကိုဗီရှီး ကာကွယ်ဆေး (ကိုဗစ်ကာကွယ်ဆေး) ထိုးခြင်း ခရီးစဉ်

ဒါကို ရေးသင့်မရေးသင့် စဉ်းစားရင်းကနေပဲ ရေးဖြစ်ပါတယ်။ သမားတော်ကြီးများက ပြည်သူလူထု ကြောက်လန့်မှာစိုးလို့ မရေးစေချင်ပါဘူးတဲ့။ ကျွန်တော်ကတော့ သူတို့နဲ့ အမြင်မတူပါဘူး။

ကြုံရတဲ့ အဖြစ်အပျက်တွေကို ကြိုပြီး ပြောပြထားမှ ကြောက်ရွံ့မှုက ပိုနည်းမှာပါ။ ကံကောင်းလို့ ဆေးကို တုံ့ပြန်မှုမရှိတဲ့ ကျန်းမာရေးဝန်ထမ်းတွေလည်း ရှိပါတယ်။ ကျွန်တော်တို့ကတော့ ဆေးကို တုံ့ပြန်မှုအားကောင်းတဲ့ ကျန်းမာရေးဝန်ထမ်းစာရင်းထဲ ပါသွားတဲ့အတွက် အတွေ့အကြုံကို မျှဝေဖြစ်ပါတယ်။ ပြည်သူလူထုကြားမှာလည်း ဒီလိုမျိုး ကြုံရတဲ့လူတွေ ရှိလာနိုင်တာမို့ပါ။

ပထမရက်

ဆေးစထိုးတဲ့အချိန်က မနက် ၁၁ နာရီပါ။ အပ်ကို လုံးဝမကြောက်ကြပါနဲ့။ အပ်က ရှည်တယ်ဆိုပေမယ့် သွယ်သွယ်လေးပါ။ ကျွန်တော်ဆို စကားပြောရင်းနဲ့ ကြည့်တောင် မကြည့်မိလို့ ထိုးလိုက်မှန်းတောင် မသိတာပါ။ (ညပိုင်ကျမှ ထိုးတဲ့နေရာမှာ အောင့်လာတာပဲ ရှိမှာပါ)

ထိုးပြီးတော့ ကျန်းမာရေးဝန်ထမ်းတွေ အမှတ်တရ ဓာတ်ပုံရိုက်ကြတဲ့အထိ အကောင်းအတိုင်းပါပဲ။ တစ်နေကုန် တစ်ညလုံး အကောင်းအတိုင်းပါပဲ။ ဘာဆိုဘာမှကို မဖြစ်တာပါ။

ဒုတိယနေ့

မနက် ၄ နာရီမှ စဖြစ်တဲ့အတွက် ဒုတိယနေ့ ထဲပဲ စထည့်လိုက်ပါတယ်။ မနက် ၄ နာရီ တစ်ရေးနိုးတဲ့အချိန်မှာ အဖျားတက်ပြီးတော့ လူက အတွင်းကနေ လှိုက်လှိုက် ချမ်းလာတာမို့ ပါရာစီတမောတစ်လုံး သောက်ပြီး ပြန်အိပ်လိုက်ပါတယ်။ အကိုက်အခဲပျောက်ဆေးသောက်ရင် ကာကွယ်ဆေးရဲ့အာနိသင်ကို နှောင့်နှေးစေမယ်ဆိုတာမျိုး ရှိမယ်ဆိုရင်တောင် လက်ရှိဖြစ်ပျက်နေတဲ့ ဝေဒနာကို ပျောက်ကင်းအောင် ကုသထားတာက မမှားပါဘူး။

မနက်လင်းတော့ လူက နုံးပြီး ကိုယ်တွေလက်တွေ ကိုက်ခဲနေတာပဲရှိပါတယ်။ ဒီတော့ မနက်စာ စားပြီး ပါရာစီတမော တစ်လုံး ထပ်သောက်ပါတယ်။ အဲဒီတစ်ရက်တော့ ခွင့်ယူပြီးတော့ အိမ်မှာပဲ နားနေလိုက်ပါတယ်။ ရေများများ သောက်ပါတယ်။ ဓာတ်ဆားသောက်ပါတယ်။

ညနေပိုင်းကျတော့ အတော်လေး သက်သာသွားပါပြီ။ ညဘက် ပါရာစီတမောတစ်လုံး သောက်ပြီး စောစောအိပ်လိုက်ပါတယ်။

တတိယနေ့

မနက်လင်းတဲ့အချိန်မှာတော့ ဘာဝေဒနာမှ ခံစားရတာမျိုး မရှိတော့ပါဘူး။ လူကောင်းပကတိအတိုင်းပါပဲ။ အဲ့ တစ်ခုပဲ ရှိပါတယ်။ မနက်နိုးတော့ စားချင်စိတ်တွေ နင်းကန်များလာတာပါပဲ။ ငိ ငိ ဘာစားစား မဝတာက ပြဿနာပါ။

သေချာတွက်ကြည့်ရင် ကိုယ်ခံအားအလုပ်လုပ်တဲ့အချိန် နာရီပိုင်းလောက်ပဲ ခံရတဲ့သဘောပါ။ ဒါကို ကျော်နိုင်ရင် ဆေးအောင်သွားပါပြီ။ ဒီတော့ အားလုံးပဲ မကြောက်ကြပါနဲ့။ ကာကွယ်ဆေး ထိုးခွင့်ရတဲ့အချိန်မှာ ထိုးထားကြပါ။ ဖြစ်လာရင် ခံရမယ့်ဝေဒနာတွေက ဒီထက် အများကြီး ဆိုးပါတယ်။

ကာကွယ်ဆေးကြောင့် ဖြစ်တတ်သော နောက်ဆက်တွဲများ

၁။ ကိုယ်လက်နုံးချိခြင်း ၇၀ % ၂။ ခေါင်းကိုက်ခြင်း ၆၈ ချမ်း၍ တုန်ခြင်း ၅၁% ၃။ ဆေးထိုးထားသော လက်မောင်းနေရာမှ အောင့်ခြင်း ၆၇% ၄။ ကြွက်သားများ နာကျင်ကိုက်ခဲခြင်း ၆၀ % ၅။ ချမ်း၍ တုန်ခြင်း ၅၁% ၆။ အဆစ်အမြစ်များ နာကျင်ကိုက်ခဲခြင်း ၃၁% ၇။ ဖျားခြင်း ၁၈%

ဒီ ၇ ချက်ကတော့ စာတွေထဲမှာ ပါတဲ့ ဘေးထွက်ဆိုးကျိုးပါ။ အပြင်မှာ လက်တွေ့ ဖြစ်ကြသေးတာကတော့ ၈။ ပျို့ခြင်း အန်ခြင်း မအီမသာဖြစ်ခြင်း ၉။ ခံတွင်းပျက်ခြင်း၊ ပါးစပ်ခါးခြင်း ၁၀။ မူးဝေခြင်း တွေ ပါပဲ။

မထိုးသင့်သောသူများ

ကိုဗစ်အတည်ပြုလူနာ၊ သံသယလူနာ၊ ကိုဗစ်ပျောက်တာ ၂ ပတ်မပြည့်သေးသူတွေ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ နို့တိုက်မိခင်များ နဲ့ အသက် ၁၈ နှစ်အောက် လူငယ်များပဲ ဖြစ်ပါတယ်။ ကိုယ်အင်္ဂါ အစားထိုးထားသူများ နဲ့ ခုခံအားကျရောဂါရှိသူများအနေနဲ့ကတော့ ဆရာဝန်များနဲ့ တိုင်ပင်ပြီးမှ ထိုးသင့်ပါတယ်။

နှလုံးသွေးတိုး ဆီးချို နဲ့ ကင်ဆာရောဂါအခံရှိသူများအနေနဲ့ကတော့ ထိုးနှံထားတာက ပိုပြီး စိတ်ချရပါတယ်။ ရောဂါအခံရှိတဲ့သူတွေမှာ ကိုဗစ် ဖြစ်ရင် အသက်အန္တရာယ် ရှိလာနိုင်တာကြောင့်ပဲ ဖြစ်ပါတယ်။ ကိုဗစ် ပျောက်ကင်းပြီး ၂ ပတ်ကျော်တဲ့သူတွေကတော့ ထိုးရမှာပဲ ဖြစ်ပါတယ်။

ကာကွယ်ဆေးထိုးမှသာ ရောဂါထပ်မကူးဘဲ ကိုဗစ်ရဲ့နောက်ဆက်တွဲဆိုးကျိုးတွေကို ခုခံနိုင်တဲ့ ခုခံအားကို ရရှိမှာပါ။ ကာကွယ်ဆေးထိုးပြီးရင်လည်း အရင်လို Mask တပ်တာ၊ လက်ဆေးတာကို အနည်းဆုံး ၂ ပတ်လောက် ဆက်နေရဦးမှာပါ။ ပဋိပစ္စည်းက ချက်ချင်း ထွက်တတ်တာမျိုး မဟုတ်လို့ပါ။

Myo Nyunt

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page