ယနေ့ခေတ်မှာ ပျောက်ကွယ်သွားတဲ့ ကုန်းဘောင်ခေတ် အီနောင်ဇာတ်တော်ကြီးရဲ့ မူလဇစ်မြစ်

အမည်ရင်း “ဣန္ဓာဝုဓ” ဟူသော အမည်ပျောက်၍ ယိုးဒယားလူမျိုးတို့၏ နှုတ်ဖျားမှကြားရသော “အီနောင်-အီနောင်” ဟူသော အသံကိုအစွဲပြု၍ အီနောင်ဇာတ်တော်ကြီး ဟုအမည်တွင်ခဲ့လေသည်။ ကုန်းဘောင်ခေတ်တွင် အကျော်ကြားဆုံးသော ဇာတ်တော်ကြီးအဖြစ် ထိပ်ဆုံးစာရင်းမှ မဆင်းခဲ့သောဇာတ်တော်လည်းဖြစ်၏။

ထိုဇာတ်တော်ကြီးအတွက် အသုံးပြုသော အဆင်တန်ဆာတို့အား ပကတိရွှေစင်ရွှေသားရွှေပြားများကိုပင် ဆင်ယင်စေပြီး မိဖုရားငယ်တို့ပမာ ပွတ်စပါးမင်းသမီးအားလည်းကောင်း၊ မင်းသားများပမာ အီနောင်မင်းသားအားလည်းကောင်း ဆင်ယင်ကပြခွင့်ပြုခဲ့သော နန်းတွင်းသြဇာကြီးဇာတ်တော်ဖြစ်လေ၏။

ယနေ့အခါတွင် အီနောင်ဇာတ်တော်ကြီးမှာ လူအပေါင်း၏နှုတ်ဖျား၌ နာမည်သာရှိတော့၍ ဇာတ်လမ်းဇာတ်ကွက်တို့မှာ တစတစတိမ်မြုပ်နေပြီဖြစ်လေ၏။ ဖော်ပြပါပုံမှာ မင်းတုန်းမင်း လက်ထက် ရွှေတိဂုံဘုရား ထီးတော်တင်ပွဲသို့ လာရောက်ခဲ့ကြသော နန်းတွင်းဇာတ်အဖွဲ့မှ ကပြအသုံးတော်ခံခဲ့သည့် အီနောင်ဇာတ်ဝင်ခန်းတခုဖြစ်လေ၏။ (မင်းနန်သူ)

“အီနောင် ဇာတ်တော်ကြီး ရှာပုံတော်”၊ ကုန်းဘောင်ခေတ် နန်းတွင်းဇာတ်တော်ကြီးများ အနက် အီနောင်ဇာတ်တော်ကြီးသည် အလွန်ထင်ရှား လှပြီး ခမ်းခမ်းနားနားကပြလေ့ရှိသည်။ “အီနောင်”ကို ယိုးဒယားလူမျိုးတို့ ကကြရာမှ မြန်မာ့နန်းတွင်းသို့ ရောက်ရှိလာခဲ့သည်။ ၁၇၈၉ခုနှစ်တွင် ဘိုးတော်ဘု ရား(ဗဒုံမင်း)၏ သားတော် ရခိုင်နိုင်အိမ်ရှေ့မင်းသား ဦးပေါ် အမိန့်ဖြင့် ယိုးဒယားအီနောင်ဇာတ်တော်ကို မြန်မာပြန်ဆိုရန် အဖွဲ့တစ်ဖွဲ့ဖွဲ့စည်းခဲ့သည်။ ယင်း အဖွဲ့တွင် တောင်ငူမင်းသား သတိုးဓမ္မရာဇာ၊ စဉ့်ကူးမင်း၏ မိဘုရားဟောင်း သခင်မင်းမိ၊ ပြင်စည်မြို့စား မြင်းမှူးမင်းသား၊ ငယ်တိုးအတွင်းဝန် ဦးကျီစိုး၊ မိုးတားဝန်ထောက် ဦးရွှဲ၊ အိမ်ရှေ့ရွှေတိုက်စိုး ဦးတိုး (ရာမရကန်) နှင့် မြဝတီမင်းကြီးဦးစ တို့ပါဝင်သည်။

ယင်းမှတ်တမ်းအရ အီနောင်ဇာတ်တော်ကြီး၏ မူရင်းဝတ္ထုမှာ ယိုးဒယား “ဣန္ဒာဝုဓ”ဇာတ်ဝတ္ထုဖြစ် သည်ဟုဆို၏။ “ဣန္ဒ”သည် သိကြားမင်းဖြစ်ပြီး “အာ ဝုဓ”သည် လက်နက်ဖြစ်၏။သို့ဖြစ်၍ သိကြားလက် နက်ဟု ဆိုအပ်သော သိကြားမင်းကလက်နက်ပေး အပ်ခံရသော အီနောင်မင်းသား ဟုဆိုလိုသည်။ ဆင်ဖြူရှင်မင်းလက်ထက် ယိုးဒယားမှ မင်းမိဖုရားမောင်း မမိဿံများအပါအဝင် အပေါင်းအကျစ် အကြော်အလှော်တတ်သူများ အတီးအမှုတ်အကအခုန် သဘင်ပညာရှင်များအစုစုကို အင်းဝနေပြည်တော်သို့ ယူဆောင်ကာ အကွက်အရပ်ချထားနေထိုင်စေသည်။ ယင်းသို့ယိုးဒယားအဆက်အနွယ်များစွာလည်း ကုန်းဘောင်ခေတ်တလျှောက်လုံး မြန်မာ့နန်းတွင်း၌ ဝင်ရောက်ခစားကြရသည်။

ဒဂုန်ခင်ခင်လေး၏ မြဝတီစာစုစာရင်းနှင့် သီချင်းစု၌ ဣန္ဒာဝုဓဇာတ်ဝတ္ထုကို ယိုးဒယားနွယ်ဖွား မင်းသားမင်းသမီးများက ဖတ်ပြ ကပြကြသည်ကို မြန်မာပြန်ဆိုကာ မြဝတီမင်းကြီးဦးစ က ဇာတ်ချင်း များသီကုံးရေးဖွဲ့ရသည်ဟု ဖော်ပြခဲ့သည်။သို့သော် ဇာတ်တစ်ပုဒ်လုံး မပြီး။ “ကာလံပြည်”တွင် အီနောင် မင်းသားနှင့် ယောင်္ကျားဟန်ဆောင်ထားသော ပွတ်စပါး မင်းသမီးလေးတို့ ကြက်တိုက်ခန်း၌ ရပ်နားခဲ့ ရသည် ဟုဆိုသည်။ အဘယ်ကြောင့် ထိုနေရာအထိသာ ရပ်ခဲ့ရသည့်အကြောင်းကို မသိရပေ။ အီနောင် ဇာတ်ကို ဇာတ်တိုက်ကြရင်း မြဝတီမင်းကြီးဦးစနှင့် ယိုးဒယားမင်းသမီး နှင်းနုတို့ ရင်းနှီးကျွမ်းဝင်ခဲ့ပုံကိုလည်း ဦးစ၏ နှင်းနုဘွဲ့ဒွေးချိုးတစ်ပုဒ်ဖြင့် မှတ်တမ်း တင်ခဲ့သည်။ “ဆင်းမတု နှင်းနုရွှေနှစ်ကဲ့၊ စိမ်းလေပစ်အား၊ သည်ညဉ့်ကြီးလယ်၊ ဘယ်နှယ့်ပြန်ရပါ့ ကင်း ရန် က များ။”ဟူ၍ ဖြစ်သည်။

အီနောင်ဇာတ်ဝတ္ထုတွင် ပါဝင်သော အမည်များ ကိုလေ့လာကြည့်ပါက အချို့က ပါဠိ နွယ်၏။အချို့ မှာ ယိုးဒယားအခေါ်အဝေါ်များဖြစ်ပြီး အချို့သည် သက္ကတ ဝေါဟာရများလည်းပါ၏။ အချို့အမည် တို့မှာကား မည်သည့်ဘာသာစကားမှန်းမသိသော ဝေါဟာရများလည်း တွေ့ရပြန်သည်။ အဓိကဇာတ် ဆောင်ဖြစ်သော မင်းသမီးအမည် “ပွတ်စပါး”မင်းသမီးဟူသည်ကပင် ဆန်းကြယ်နေသည်။ ပါဠိဘာသာ “ပုပ္ဖ”ဟူသော ပန်း ကို သက္ကတဘာသာဖြင့် “ပုသျှပ” ဟုခေါ်ဆိုရာ ယိုးဒယားအသံဖြင့် ဖလှယ်၍ “ပွတ် စပါး”ဟုဖြစ်သွားခဲ့ရသည်။

အီနောင်ဇာတ်တော်တွင် ဇာတ်ကွက်ဇာတ်လမ်း အလိုက်သီဆိုရသောသီချင်းများမှာလည်း အများစု မှာ ယနေ့မဟာဂီတ၌ ယိုးဒယားသီချင်း ဟူသော သီချင်းများအဖြစ်တွေ့ရသည်။ အီနောင်ဇာတ်ဝင်သီ ချင်းဖြစ်သော”အို သာတင့်ဆုံး”ဟူသော ယိုးဒယား သီချင်းကြီးမှာ အလွန်ထင်ရှားပါသည်။ ဤသို့ဆို လျှင် အီနောင် သည် ယိုးဒယားဇာတ်တော်ကြီးဖြစ် ကြောင်း အဖြေကရှင်းနေပါသည်။

သို့သော် အီ နောင် ဇာတ်တော်ပါ ယိုးဒယားမဆန်သော အခေါ် အဝေါ်များ၊ ဒေသအမည်များ၊ လူအမည်များကို လည်း တွေ့ရပါသည်။ထို့ကြောင့် အီနောင်သည် ယိုးဒယားတို့၏ မူရင်းဇာတ်တော်မဟုတ်မူပဲ ယိုးဒယားတို့ကိုယ်တိုင် ထပ်ဆင့်မှီငြမ်းသော ဇာတ် ဝတ္ထုဖြစ်နိုင်သည်ဟုလည်းကောင်း ယိုဒယားတို့ မည်သူတို့ထံမှ ရရှိနိုင်ခဲ့သည်လောဟုလည်းကောင်း တွေးတော သံသယဖြစ်စရာရှိလာပါသည်။

တကယ်တမ်း အီနောင်ဇာတ်တော်ကြီး၏ မူရင်းကို သံသယဝင်ကာ ရှာပုံတော်ဖွင့်ခဲ့သူမှာ ကင်းဝန်မင်းကြီး ဦးကောင်း ပင်ဖြစ်သည်။ ကင်းဝန် မင်းကြီးသည် မင်းတုန်းမင်းတရားကြီးလက်ထက် ၁၈၇၃ ခုနှစ်တွင် ပြင်သစ်နိုင်ငံသို့သံတမန်စေလွှတ် ရာ ပြင်သစ်သို့အသွား စင်္ကာပူသို့ဝင်ရောက်ခဲ့ပါ သည်။

ထိုစဉ်က စင်္ကာပူသည်မလေးရှားပိုင်ကျွန်း ဖြစ်၍ ကင်းဝန်မင်းကြီးနှင့်အဖွဲ့သည် ဂျာဟိုးမင်း (ကင်းဝန်မှတ်တမ်းပါ အခေါ်) ဂျိုဟိုးစော်ဘွားနှင့် ဝင်ရောက်တွေ့ဆုံခဲ့၏။ ယင်းအချိန်က မာလာယု ကျွန်းဆွယ်တစ်ခုလုံး နေထိုင်ကြသူများကို မြန်မာ တို့က ပသျှုးဟုခေါ်ဆိုသည့် မလေးလူမျိုးများပင် ဖြစ်သည်။

ဂျိုဟိုးစော်ဘွားက ဧည့်ခံရာ ကပြအသုံးတော် ခံသည့် သဘင်ပညာရှင်များ၏ ဇာတ်လမ်းဇာတ်ကွက် မှာ ယိုးဒယားအီနောင်ဇာတ်တော်နှင့်ဆင်သဖြင့် ကင်းဝန်မင်းကြီးနှင့် စကားစပ်မိကာပြောဆိုဆွေးနွေးခဲ့၏။ ဂျိုဟိုးစော်ဘွားက ကင်းဝန်မင်းကြီးအား အီနောင် ဇာတ်၏ မူရင်းဇာတ်ဝတ္ထုမှာ သူတို့ထံမှဖြစ်ကြောင်း အထောက်အထားအခိုင်အမာရှိကြောင်း ပြောဆိုသည်။

ကင်းဝန်မင်းကြီးကိုယ်တိုင် အံ့အားသင့်စွာဖြင့် ထိုအကြောင်းကို လေးဆစ်တစ်ပုဒ်ဖြင့် မှတ်တမ်းတင် ရေးသားခဲ့ပေသည်။ “အီနောင်ခံ ဣန္ဒာဝုငယ်၊ မျိုး ဗသျှု ဂျာဟို။ ပွတ်စပါး စရကား တစ်ပြည်စံ နှင့် ပဇာငံ ဘယာဘိငယ်တို့၊ အရှိကြည့်ဖွယ်သာ များလှ ထိုထို။ သည်စာမူ သည်ပြည်ထွက်ကယ်လို့၊ စာလက် ကိုင် ခုတိုင်ရှိသည်ဟု၊ ညွှန်းတုံဘိနှုတ်ချို ဂျာဟိုမင့်း မိန့်ခွန်း၊”ဟူသောလေးဆစ်ကဗျာကို ရေးသား ခဲ့၏။

ဂျာဟိုသည် ယနေ့တိုင် ဂျိုဟိုးပြည်နယ်အဖြစ် တည်ရှိဆဲဖြစ်၏။ မလေးရှားနိုင်ငံ၏တောင်ဘက်စွန်း ဂျိုဟိုးဗာရူး(ဂျိုဟိုးနယ်သစ်)သည် စင်္ကာပူနှင့်ရေလက် ကြားတစ်ခုသာခြား၍ ထိုခေတ်ကမူ စင်္ကာပူကျွန်းသည် လည်း ဂျိုဟိုပြည်နယ်တွင်းအပါအဝင်ဖြစ်သည်။ ကင်း ဝန်မင်းကြီးဦးကောင်းသည် ပြင်သစ်ပြည်အသွား စင်္ကာပူအရောက်တွင် ဂျိုဟိုးစော်ဘွား(ဂျာဟိုမင်း) နှင့်တွေ့ဆုံပြီးနောက် အီနောင်ဇာတ်၏ ရင်းမြစ်သည် ပသျှုးနယ် (မလေးရှားမြောက်ပိုင်း)ဟု သိရှိခဲ့ရသည်။

အီနောင်ဇာတ်တော်တွင် မင်းသားယောင်ဆောင် ထားသူ “ဥဏှကံ”သည် ရုပ်ဖျက်ထားသည့် အီနောင် တစ်ဖြစ်လဲ “ပန်းရည်”ကို တွေ့သော်ငြားမမှတ်မိပေ။ ကင်းဝန်မင်းကြီးပြင်သစ်နိုင်ငံအရောက်တွင် ကြိုတင် ရောက်ရှိနေသူ ပညာတော်သင် ဖန်ချက်ဝန်မောင်ရွှေ အိုးက သူ၏ချစ်သူဖြစ်သောပြင်သစ်သူနှင့်အတူ သင်္ဘော ဆိပ်သို့လာရောက်ကြိုဆိုခဲ့၏။ ပြင်သစ်သူဆင်မြန်း ပေးသောဥရောပဝတ်စုံနှင့်အတူတွေ့ရသော မောင် ရွှေအိုးကို ကင်းဝန်မင်းကြီးအဖွဲ့မြင်သော် မမှတ်မိနိုင် အောက်ပင်ရှိချေ၏။ ဤအကြောင်းကို ကင်းဝန်မင်း ကြီးက လေးဆစ်ကဗျာဖြင့်မှတ်တမ်းတင်ရာတွင် နေ ပြည်တော်တွင် ကျန်ရစ်ခဲ့သော မောင်ရွှေအိုး၏ ဇနီး သည်မခင်တုတ် (တိုင်တားမင်းကြီးဦးဖိုး သမီး)သာ သူ့ခင်ပွန်းကို ဤပုံအတိုင်းတွေ့ပါကလည်း လုံးဝ မှတ်မိနိုင်စရာမရှိဟူ၍ အီနောင်ဇာတ်ဝင်ခန်းဥပမာ ဖြင့် ” ဥဏှကံ ပန်းရည် တွေ့သလိုပ ” ဟူ၍ ရေးဖွဲ့ ခဲ့သည်။

အီနောင်ဇာတ်တော်ပါ “ဥဏှကံ”သည်လည်း ကောင်း၊ “ပန်းရည်” သည် လည်းကောင်း ပသျှုး(မလေး) စကားများဖြစ်သည်ဆို၏။ ဥဏှကံ သည် ဥနကူ(Ung Ku)မှဆင်းသက်လာပြီး အကြီးအကဲမင်းသားဟု အဓိပ္ပါယ်ရသည်။ ရှေးခေတ်မလေးအခေါ်အဝေါ်ဖြစ် ပြီး ယခုအခါ တွန်ဂု(Tonggu)ဟုခေါ်သည်။အလား တူ ပန်းရည် ဟူသည်မှာလည်း ပန်ဂျီ(Panji)မှဆင်း သက်လာပြီး မလေးဘာသာဖြင့် အလံ၊ အလံကိုင် ဆောင်ထားသူဟု အဓိပ္ပါယ်ရသည်။ မင်းသားများ၏ ရှေ့တွင် “ရဓည်”တပ်၍ ခေါ်ဆိုသည်ကပင် ပသျှုး ဓလေ့ပင်ဖြစ်သည်။အီနောင်ဇာတ်တော်ပါ “ကာလံ ပြည်”သည် ယင်းဇာတ်ဝတ္ထုမူရင်းဒေသဂျာဟိုးပြည် နှင့်စပ်ဆက်နေသော ကလန်းပြည်နယ်(Klang)ပြည် ဖြစ်နိုင်ပြီး သင်္ဘောဆိပ်မြို့တည်ရှိရာယင်းကို ပို့ကလန်း ဟုယခုခေါ်ဆိုကြသည်။ထို့ကြောင့် ကလန်းဒေသ သည်ပင် အီနောင်ဇာတ်တော်ပါ ကာလံပြည်ဖြစ်မည် ဟု တွေးထင်မိပါသည်။

စာကိုး။ တင်နိုင်တိုး “သမိုင်းအတွေး သမိုင်းအရေး” မြဝတီစာစုသီချင်းစုနှင့် အီနောင်နန်းတွင်းဇာတ်တော်ကြီး အကြောင်းမှ ကောက်နှုတ် ဖော်ပြပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page