လူနေထိုင်ခွင့် လက်မှတ်(ဘီစီစီ) မကျသေးတဲ့ တိုက်ခန်းမှာ ဝင်နေရင် ချမှတ်ခံရမယ့် ပြစ်ဒဏ်များ

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ထုတ်ပြန်ထားတဲ့ နည်းဥပဒေမှာ အဆောက်အအုံ ဆောက်လုပ်ခြင်း လုပ်ငန်းပြီးစီးကြောင်းကို လုပ်ငန်းပြီးစီးသည့်နေ့မှ ရက်ပေါင်း ၃ဝ အတွင်း မြို့တော် စည်ပင်သာယာရေးကော်မတီသို့ စာဖြင့်တင်ပြလျှောက်ထားရမည်ဟု ပြဋ္ဌာန်းထားပါတယ်။

ကော်မတီမှ အဆောက်အအုံပြီးစီးကြောင်း တင်ပြချက်ကို အင်ဂျင်နီယာဌာန (အဆောက်အအုံ) အား သက်ဆိုင်ရာ အဆောက်အအုံကို စစ်ဆေး၍ ရက်ပေါင်း ၃ဝ အတွင်းတင်ပြရန် ညွှန်ကြားရမှာ ဖြစ်ပါတယ်။

ကော်မတီမှ အဆောက်အအုံပုံစံနှင့်အညီ ဆောက်လုပ်၍ ဆောက်လုပ်ခြင်း ပြီးစီးကြောင်း စိစစ်တွေ့ရှိပါက အဆိုပါ အဆောက်အအုံတွင် လူနေထိုင်ခွင့် လက်မှတ် B.C.C ကိုထုတ်ပေးမှာ ဖြစ်ပါတယ်။

အကယ်၍ သတ်မှတ်ပုံစံနှင့် ကိုက်ညီခြင်းမရှိသည့် အဆောက်အအုံများဖြစ်ပါက ပြန်လည်ပြင်ဆင်ဆောက် လုပ်ရန် ညွှန်ကြားပြီး သတ်မှတ်ပုံစံဖြင့် ပြင်ဆင်ဆောက်လုပ်ပြီးကြောင်း စိစစ်ရရှိမှသာ လူနေထိုင်ခွင့်ကိုခွင့်ပြု ပေးမှာ ဖြစ်ပါတယ်။

ယင်းအချက်နှင့် ပတ်သက်၍ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေပုဒ်မ-၆၁ (ဃ) တွင် မည်သူမျှ ကော်မတီ၏ ခွင့်ပြုထားသည့် အဆောက်အအုံပုံစံနှင့် ကွဲလွဲခြားနားသည့် အဆောက်အအုံကို ဆောက်လုပ်ခြင်းမပြုရဟုလည်းကောင်း၊ ပုဒ်မ ၆၁ (င) တွင်-မည်သူမျှ ဆောက်လုပ်ပြီးသော အဆောက်အအုံတစ်ခုတွင်ဖြစ်စေ၊ ယင်းအဆောက်အအုံ၏ အစိတ်အပိုင်းတစ်ခုတွင် ဖြစ်စေ၊ ကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်နေထိုင်ခြင်း၊အသုံးပြုခြင်းမပြုရ ဟုလည်းကောင်း တားမြစ်ပြဋ္ဌာန်းထားပါတယ်။

အဆိုပါ တားမြစ်ချက်ကို ချိုးဖောက်ပြီး လူနေထိုင်ခွင့် လက်မှတ်မရရှိသေးတဲ့ အဆောက်အအုံထဲမှာ ဝင်ရောက် နေထိုင်ပါက ပြစ်ဒဏ်အဖြစ် ထောင်ဒဏ် တနှစ်နဲ့ ငွေဒဏ် ငါးသိန်း ချမှတ်နိုင်တယ်လို့ သိရပါတယ်။

ထို့ကြောင့် လူနေထိုင်ခွင့် လက်မှတ် မရရှိဘဲ အဆောက်အအုံအတွင်း ဝင်ရောက်နေထိုင်ခွင့် ရှိမည်မဟုတ်ပါကြောင်း ဗဟုသုတသိရှိစေရန် ဖော်ပြလိုက်ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page