ခေတ်အခြေအနေနဲ့ ရောချပြီး ဖုန်းဆိုင်တွေကို လိမ်တဲ့နည်းအသစ် (ဖုန်းဆိုင်တွေ အထူး ဂရုစိုက်ကြပါ)

လွန်ခဲ့တဲ့ ၂ ရက်လောက်က ကျနော့် အသိ ဖုန်းဆိုင်မှာ ဖုန်း ၂ လုံး အလိမ်ခံရပါတယ်။ လိမ်တဲ့ ပုံစံက နိုင်ငံရေး မတည်ငြိမ်မှုနဲ့ လူတွေရဲ့ အကြောက်တရားကို အသုံးချပြီး လိမ်သွားတာ ဖြစ်တဲ့အတွက် တခြားလူတွေလဲ သိထားနိုင်အောင်လို့ တင်ပေးလိုက်တာပါ။

အဲ့ဒီနေ့က အသိ ဖုန်းဆိုင်ကို လူတစ်ယောက် ဖုန်း တစ်လုံး လာရောင်းသွားပါတယ်။ ညနေလောက်ရောက်တော့ ထောက်လှမ်းရေးကပါ ဆိုပြီး လူတစ်ယောက် ရောက်လာပြီးတော့ ဒီဆိုင်မှာ ဖုန်းလာရောင်းသွားတဲ့ လူက ပီဒီအက်ဖ်ကပါ ဆိုပြီး ပြောပါတယ်။

ပြီးတော့ ဖုန်းရောင်းသွားတဲ့လူက ဒူးထောက်ပြီး ဖမ်းခံထားရတဲ့ ဓာတ်ပုံကို ပြပြီးတော့ သူလာရောင်းသွားတဲ့ ဖုန်းတွေကို သိမ်းရပါမယ်။ ဖုန်းက ၂ လုံး ဆိုပြီး လာရောင်းသွားတဲ့ ဖုန်းနဲ့ တခြား ဆယ်သိန်းကျော်တန် အိုင်ဖုန်း တစ်လုံးကိုပါ ယူပါတယ်။ (ဓာတ်ပုံက ကြိုတင်ပြီး ရိုက်ထားတဲ့ပုံ(သို့) ဖိုတိုရှော့နဲ့ တည်းဖြတ် လုပ်ထားတဲ့ ပုံ တစ်ခုခု ဖြစ်နိုင်ပါတယ်)

ပြီးတော့ သူလာသွားတာကို မှတ်တမ်း မကျန်ခဲ့စေဖို့ ဆိုင်က စီစီတီဗီကို စစ်ဆေးဖို့လိုတယ် ဆိုပြီး ဆိုင်မှာ တပ်ထားတဲ့ စီစီတီဗီ အထိုင်စက်နဲ့ ဟာဒခ့် ကိုပါ တစ်ခါတည်း ဖြုတ်ယူသွားပါတယ်။ မင်းတို့ မဟုတ်တာ လုပ်မထားရင် ဘာပြဿနာမှ မတက်စေရဘူး ဆိုပြီး ပြောသွားပါတယ်။

လာပြီး လိမ်တဲ့လူက အရမ်းလည်ပါတယ် ဆိုင်ရှင်ရော၊ ဝန်ထမ်းတွေကိုပါ စကားပြောခွင့် စဉ်းစားခွင့် မပေးဘဲ သူပြောချင်တာတွေကိုပဲ ဆက်တိုက်ပြောပြီး ခြိမ်းခြောက်ပြီး လိမ်သွားတာပါ။

ဒါတင်မကပါဘူး ညဘက်ရောက်တော့ ဆိုင်ရှင်ဆီ ဖုန်းထပ်ဆက်ပြီး ဖုန်းက သူယူသွားတဲ့ ဖုန်းတင် မဟုတ်ဘူး နောက်တစ်လုံး ကျန်သေးတယ်ဆိုပြီး ဖုန်းဆက်ပြီး တောင်းပါတယ်။ ညနေက သွေးပူနေတုန်းမို့ ပေးလိုက်ရပေမယ့် ညဘက် ဖုန်းထပ်ဆက်တော့ ဘယ်ဌာနကလဲ၊ နာမည် ဘယ်သူလဲ၊ ဘာရာထူးလဲ အတိအကျ မေးလိုက်တော့ မင်းတို့ လေသံ မကြိုက်ဘူး ငါ့ကို တွေ့ချင်ရင် ရုံးကို လာခဲ့လိုက် ဆိုပြီး ဒေါသနဲ့ ပြောပြီး ဖုန်းချသွားပါတယ်။

နောက်ရက်ကျ အဲ့ဖုန်းနံပါတ်က လုံးဝဆက်လို့ မရတော့ဘူး၊ ဘယ်ဖုန်းနဲ့ ပြန်ခေါ်ခေါ် ဆက်လို့မရဘဲ တစ်ခါတည်း စက်ပိတ်သွားပါတယ်။ တကယ်တမ်း လိမ်တဲ့လူက ဘယ်ကမှ မဟုတ်ပါဘူး။ လူတွေကတစ်ခုခုဆို ပြဿနာ တက်မှာ၊ ကိုယ့်လုပ်ငန်းကို လာပြီး ထိခိုက်မှာ စိုးပြီးကြောက်တတ်တာကို အသုံးချပြီး လိမ်သွားတာပါ။ တခြား လုပ်ငန်းတွေလဲ အခုလို အလားတူ ဖြစ်စဉ်မျိုးနဲ့ အလိမ်မခံရစေဖို့ အတွက် ကြိုပြီး သိနိုင်အောင် တင်ပေးလိုက်တာပါ။ (Naing Linn Aung)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page