ကြက်ဥနဲ့ ကန်စွန်းရွက်တောင် နပ်မမှန်တော့တဲ့ မြန်မာပြည် အခြေခံလူတန်းစားတွေရဲ့ ဘဝများ
အခြေခံစားသောက်ကုန်ကစပြီး အထွေထွေကုန်စျေးနှုန်းတွေ အဆမတန်ကြီးမြင့်လာတာ ကြောင့် ပုံမှန်ကာလမှာတောင် ရုန်းကန် နေရတဲ့ အခြေခံမိသားစုတွေဟာ လက်ရှိမှာတော့ ကြက်ဥကို တောင် နပ်မှန်အောင်မစားနိုင်တော့တဲ့ အခြေအနေထိ ဖြစ်နေတယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ စျေးကွက်အတွင်း အခြေခံမိသားစုတွေရဲ့ အဓိကဟင်းစာဖြစ်နေတဲ့ ကြက်ဥ တစ်လုံးကို ကျပ် ၁၈၀ ကနေ ကျပ် ၂၀၀ အထက်ထိရှိနေပြီး ထိုင်ဝမ်ကန်စွန်းတစ်စည်းဆိုရင် ကျပ် ၄၀၀ အထက်မှာ ရှိနေပါတယ်။
“အရင်ကတော့ ဖောဖောသီသီနဲ့ အာဟာရပြည့်တဲ့ ကြက်ဥကိုပဲ အဓိကစားတယ်၊ အခုကတော့ စျေးကြီးလွန်းလို့ နပ်မှန်အောင်မစားနိုင်တော့ဘူး။ ကြက်ဥ ၁၅၀ တန်လောက်ဆိုရင်လည်း အလုံးသေး သေးလေးပဲရတယ်၊ ဒါကိုပဲ တစ်ခါတလေ ဝယ်စားတယ်၊ ထိုင်ဝမ်ကန်စွန်းတောင် မဝယ်စားဖြစ် တော့ဘူး၊ ချွေတာရတာကို၊ တစ်စည်း ၁၀၀ ပေးရတဲ့ ရေကန်စွန်းပဲ ဝယ်ကြော်လိုက်တယ်၊
ငါးပိရည် ၂၀၀ ဖိုးလောက်နဲ့ တစ်ရက်စာ ပြီးသွားရတာပဲ၊ အလုပ်လုပ်တာက တစ်ရက်ကို သုံးလေးငါးထောင် လောက်ပဲ ရတယ်လေ၊ ဆန်ဝယ်၊ ဆီဝယ်တာနဲ့ အိမ်စရိတ်နဲ့ ဆိုတော့ ဟင်းစားကောင်းကောင်း မစား ရတာ ကြာပါပြီ၊ ဟင်းစားဝယ်တာပေါ့၊ တစ်နေ့၊ တစ်နေ့ ကုန်စျေးနှုန်း ကြောင့် ကျွန်တော်တို့လို မိသား စုတွေလည်း လုံးပါးပါးနေပါပြီ”လို့ ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင်ပွဲရုံကမ်းနားမှာ ကုန် ထမ်းနေသူတစ်ဦးက ဆိုပါတယ်။
ခေတ်ကာလအခြေအနေကြောင့် အလုပ်အကိုင်တွေ ရှားပါးလာတဲ့အတွက် လုပ်အားနည်းပြီး မိသားစုများတဲ့ အခြေခံ မိသားစုတွေဆိုရင် နေ့စဉ် ထမင်း၊ ဟင်း နပ်မှန်ဖို့တောင် မနည်းရုန်း ကန် နေရတဲ့ အခြေအနေလို့ ဆိုပါတယ်။
“အဓိက ဆန်၊ ဆီစျေးတွေ အရမ်းတက်လာတော့ တောင့်ခံဖို့ ဘယ်လိုမှ မရနိုင်တော့ဘူး၊ ရုန်းလေ မြှုပ်လေပါပဲ၊ အရင်ကဆိုရင် လူတစ်ယောက်အလုပ်လုပ်ရင် မိသားစု လေးယောက်လောက် စား လောက် တယ်၊ အခုက အကုန်လုပ် ရင်တောင် မလောက်တော့ဘူး၊ ဒီအချိန်က ဝမ်းဝဖို့၊ အာဟာရ ပြည့်ဖို့ထက် အသက်ဆက်ရှင်ရုံ စားသောက်နေရတဲ့ ဘဝပါပဲ”လို့ လှိုင်သာယာမြို့နယ်မှာနေထိုင်တဲ့ စျေးသည်တစ်ဦးက ပြောပါတယ်။
လက်ရှိမှာတော့ လူလတ်တန်စား အလုပ်အကိုင်ရှိသူတွေအနေနဲ့လည်း လစာမတိုးဘဲ အထွေထွေ ကုန်စျေးနှုန်းပဲ တိုးလာနေတဲ့အတွက် အရင်ကငွေပိုစုမိပေမယ့်လက်ရှိမှာ အိမ်စရိတ်၊ စားသောက် ကုန် စရိတ်၊ ကျန်းမာရေးနဲ့ အထွေထွေ ကုန်ကျစရိတ်တွေ တိုးလာတာကြောင့် မနည်းရုန်းကန်နေထိုင်နေရ တယ်လို့ သိရပါတယ်။
ပြိုလဲသွားပြီဖြစ်တဲ့ မြန်မာ့စီးပွားရေးကြောင့် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်မလာတော့ဘဲ ဖြစ်နေတဲ့ အချိန်မှာ နိုင်ငံရေး အခြေအနေကြောင့် ကမ္ဘာ့အလယ်မှာ အထီးကျန်နိုင်ငံအဖြစ်သို့ တဖြည်းဖြည်း ရောက်ရှိလာပြီ ဖြစ်ပါတယ်။
နိုင်ငံရေးမတည်ငြိမ်မှုကြောင့် ကျဆင်းသွားတဲ့ မြန်မာ့စီးပွားရေးကို တိုင်းတာဖို့ ကမ္ဘာ့ဘဏ်ကတောင် လက်လျော့ထားရတဲ့ အခြေအနေ ရောက်နေပါပြီ။ စီးပွားရေး ကျဆင်းမှုကို ပြန်လည်ကုစားဖို့ နည်းလမ်း မရှာဘဲ မိမိအာဏာတည်မြဲရေးကိုသာ အဓိကထားနေတဲ့ လူတစုကြောင့် မြန်မာပြည်က အခြေခံလူတန်းစားတွေရဲ့ ရှေ့ဆက်ရမယ့်ဘဝတွေကတော့ မတွေးဝံ့စရာတွေ ဖြစ်နေပါပြီ။