(၁၀) တန်းမအောင်ဘဲ ရန်ကုန်နည်းပညာတက္ကသိုလ်မှာ လိမ်လည်ပြီး ပါမောက္ခ လုပ်ခဲ့သူတစ်ဦး
ရုပ်ရှင်ထဲကလိုပဲ အင်ဂျင်နီယာ တက္ကသိုလ်မှာ ပါမောက္ခလုပ်နေသူက ဆယ်တန်းတောင် မအောင်ခဲ့သောအခါ (သို့) အင်ဂျင်နီယာလောကကို တုန်လှုပ်သွားစေခဲ့သော ဇာတ်လမ်းတစ်ပုဒ်…
အင်ဂျင်နီယာလောကအတွင်း အံ့သြစရာသတင်းတစ်ခု ပြီးခဲ့သောရက်သတ္တပတ်အတွင်းက ဖြစ်ပေါ်ခဲ့သည်။ ဟောလိဝုဒ်ရုပ်ရှင်လောကတွင် အောင်မြင်ခဲ့သော နာမည်ကျော်မင်းသား လီယိုနာဒိုသရုပ်ဆောင်ခဲ့သော Catch Me If You Can ဟောလိဝုဒ်ဇာတ်လမ်းကဲ့သို့ပင် ရင်ခုန်စိတ်လှုပ်ရှားစရာ အပြည့်နှင့်ဖြစ်သည်။
Catch Me If You Can ဇာတ်ကားထဲမှ လီယိုနာဒိုဇာတ်ရုပ်က ဆေးကျောင်း၊ လေယာဉ်မှူးသင်တန်း၊ ဥပဒေကျောင်းများ မတက်ခဲ့ပါဘဲ ဆရာဝန်၊ လေယာဉ်မှူး၊ ရှေ့နေအဖြစ် တစ်လျှောက်လုံး ဟန်ဆောင်လိမ်လည်ခဲ့သည်။
ယခုဇာတ်လမ်းက စိတ်ကူးယဉ်ရုပ်ရှင်၊ ဗီဒီယိုဇာတ်လမ်းမဟုတ်ဘဲ သမိုင်းအစဉ်အလာ ကြီးမားသည့် ရန်ကုန်နည်းပညာတက္ကသိုလ် (YTU) ၌ ဖြစ်ပွားခဲ့ပါသည်။ YTU တွင် ဧည့်ပါမောက္ခအဖြစ် လေးနှစ်ကျော် တာဝန်ထမ်းဆောင်ခဲ့သည့် ဒေါက်တာ တင်ထွန်း၏ ပညာအရည်အချင်း အစစ်အမှန်မှာ ဒသမတန်းပင် မအောင်မြင်ခဲ့ကြောင်း သိလိုက်ရသောအခါ အားလုံးအံ့သြမှင်တက်သွားသည်။
၁၉၈၁ တွင် ရန်ကုန်နည်းပညာတက္ကသိုလ်မှ မြို့ပြဘာသာရပ်ဖြင့် BE ဘွဲ့ရပြီးနောက် M.Sc, Ph.D (Project Management) NTU ဘွဲ့ရရှိထားသည်ဟု ဦးတင်ထွန်းက ၎င်း၏ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ဖော်ပြထားသည်။ သို့သော် မော်လမြိုင်မြို့ အထက(၅)တွင် နဝမတန်း တက်ရောက်ခဲ့ပြီးနောက် ရန်ကုန်မြို့၌ ဒသမတန်းလာရောက်ဖြေဆိုခဲ့သော်လည်း မအောင်မြင်ခဲ့ဘဲ ၁၉၈၁ မှစကာ ဆောက်လုပ်ရေးလုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်ခဲ့သူတစ်ဦးဖြစ်ကြောင်း ၎င်းနှင့်နီးစပ်သည့် အင်ဂျင်နီယာများကပြောသည်။
ထို့အပြင် ၎င်းသည် ပြည်တွင်း ဆောက်လုပ်ရေးလုပ်ငန်းများအပြင် နိုင်ငံရပ်ခြားသို့ပါ သွားရောက်၍ ဆောက်လုပ်ရေးလုပ်ငန်းများတွင် လုပ်ကိုင်ခဲ့ဖူးသူတစ်ဦးဖြစ်ပြီး နှစ်ပေါင်း ၃၀ ကျော်ကြာ လုပ်ငန်းအတွေ့အကြုံရှိသူ တစ်ဦးဖြစ်သည်။
ရန်ကုန်နည်းပညာတက္ကသိုလ်တွင် ၂၀၁၂ အတွင်း ပြုလုပ်ခဲ့သည့် ဟောပြောပွဲတစ်ခုသို့ လာရောက်ခဲ့ပြီးနောက် ဧည့်ပါမောက္ခအဖြစ် လျှောက်ထားခဲ့ကြောင်း အဆိုပါတက္ကသိုလ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ထိုအချိန်က ရန်ကုန်နည်းပညာတက္ကသိုလ်တွင် အနယ်နယ်အရပ်ရပ်မှ ထင်ရှားသည့် အင်ဂျင်နီယာပညာရှင်များအား ဧည့်ပါမောက္ခအဖြစ် လက်ခံသင်ကြားစေခဲ့ပြီး အစဉ်အလာအရ ဧည့်ပါမောက္ခ လျှောက်ထားသူကို ၎င်း၏ကိုယ်ရေးရာဇဝင်ကိုသာ ကြည့်၍ ခန့်ထားခဲ့ကြောင်း ၎င်းက ဆက်လက်ပြောသည်။
ကိုယ်ရေးရာဇဝင်စစ်ဆေးခဲ့သူသည် ဦးတင်ထွန်းအား ဘွဲ့လက်မှတ်တောင်းခံရာ အင်ဂျင်နီယာကောင်စီ၌ PE (Professional Engineer) လျှောက်ထားနေသောကြောင့်ဟု အကြောင်းပြခဲ့၍ ကိုယ်ရေးရာဇဝင်တွင် ပါဝင်သည့် ၁၉၈၁ RIT BE အောင်စာရင်းကို သွားရောက်စစ်ဆေးရာ ခုံနံပါတ် ၁၁၃ တွင် တင်ထွန်းဟူသောနာမည်ကို တွေ့ရှိရ၍ ရန်ကုန်နည်းပညာတက္ကသိုလ်မှ ဧည့်ပါမောက္ခအဖြစ် လက်ခံခဲ့သည်။ သို့သော် အမှန်တွင် ၎င်းမဟုတ်ဘဲ အမည်တူတစ်ဦး ရှိနေခြင်းဖြစ်သည်။
ဦးတင်ထွန်းအား ရန်ကုန်နည်းပညာတက္ကသိုလ် မြို့ပြအင်ဂျင်နီယာ မဟာတန်း (ME) ကျောင်းသူ၊ ကျောင်းသားများအား Construction Project Manage-ment ဘာသာရပ်နှင့်ပတ်သက်၍ ဧည့်ပါမောက္ခအဖြစ် ၂၀၁၃ မေလတွင် စတင်သင်ကြားစေခဲ့သည်။
ဦးတင်ထွန်း၏ နှစ် ၃၀ ကျော်ရှိသည့် လုပ်ငန်းအတွေ့အကြုံနှင့် လေ့လာမှုများအရ မြို့ပြအင်ဂျင်နီယာ မဟာတန်းကျောင်းသူ၊ ကျောင်းသားများအား အခက်အခဲမရှိ သင်ကြာပေးနိုင်ခဲ့ပြီး ကျောင်းသားများ၏ လေးစားမှုကို ရရှိခဲ့ကြောင်း ၎င်းနှင့်နီးစပ်သည့် အင် ဂျင်နီယာတစ်ဦးက ပြောသည်။
ဦးတင်ထွန်းသည် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းသို့ အသင်းဝင်အဖြစ် လျှောက်ထားခဲ့သည်။ ၎င်းသည် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ (Myanmar Engi-neering Council) က ၂၀၁၄ ဧပြီတွင် အသိအမှတ်ပြုအင်ဂျင်နီယာလက်မှတ် (PE-Professional Engineer) နှင့် အာဆီယံအသိအမှတ်ပြု PE (ACPE) လက်မှတ်ရရှိထားသူတစ်ဦးဖြစ်သည်။
ထို့နောက် မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းနှင့် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီတွင် အဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး အသင်း၏လုပ်ငန်းစဉ်များကို တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်ခဲ့သူတစ်ဦးဖြစ်ကြောင်း မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းဝင်တစ်ဦးက ပြောသည်။
ဦးတင်ထွန်းသည် မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီက ပေးအပ်သည့် PE(Professional Engineer) နှင့် RSE (Registered Senior Engineer) များ စိစစ်ရေးတွင်လည်း ပါဝင်ခဲ့သူတစ်ဦးဖြစ်ကြောင်း ၎င်းနှင့်နီးစပ်သည့် အင်ဂျင်နီယာများက ဆိုသည်။
ဦးတင်ထွန်းသည် ဆရာကန်တော့ပွဲများသို့ တက်ရောက်လေ့ရှိသူမဟုတ်ဘဲ ကျောင်းပြီးသည့် နှစ်တူကျောင်းသားဟောင်းများနှင့် တွေ့ဆုံပါက ရှောင်ရှားလေ့ရှိကြောင်း ၎င်းနှင့်နီးစပ်သည့် အင်ဂျင်နီယာတစ်ဦးက ပြောကြားသည်။ ၎င်း၏ အကြံအစည်သည် အင်ဂျင်နီယာအသင်းနှင့်ကောင်စီတွင် နေရာရယူ၍ ပြင်ပလုပ်ငန်းရှင်များထံမှ လုပ်ငန်းများရယူရန် ဖြစ်နိုင်ကြောင်း အင်ဂျင်နီယာအများစုက သုံးသပ်ကြသည်။
မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းတွင် ဗဟိုကောင်စီဝင်ဖြစ်ရန် ၂၀၁၅ ဇန်နဝါရီအတွင်း လျှောက်လွှာတင်ခဲ့ရာမှ ဘွဲ့လက်မှတ်မူရင်း တင်ပြနိုင်ခြင်းမရှိသောကြောင့် လေ့လာစုံစမ်းရင်း စက်မှုတက္ကသိုလ် (RIT) တွင် ၁၉၈၁ ၌ BE ဘွဲ့ ရရှိခဲ့သည်မှာ မဟုတ်မှန်ကြောင်း တွေ့ရှိခဲ့ရသောကြောင့် အသင်းကထုတ်ပယ်ခဲ့ကြောင်း မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းမှ သိရသည်။
‘‘အသင်းအနေနဲ့ သူ့ကို အသင်းသားတစ်ယောက်မှာရှိရမယ့် ကျင့်ဝတ်နဲ့မညီလို့ ထုတ်ပယ်လိုက်တာပါ။ အင်ဂျင်နီယာတစ်ယောက်မှာ ရှိရမယ့် ကျင့်ဝတ်နဲ့ အသင်းရဲ့ စည်းမျဉ်းစည်းကမ်းနဲ့ မညီလို့ ထုတ်ပယ်ထားတာပါ’’ ဟု မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း ဒုဥက္ကဋ္ဌ ဦးအောင်မြင့်က ပြောသည်။
ထို့အပြင် ၂၀၁၅ အတွင်းက ၎င်း၏ဇာတိမြေဖြစ်သည့် မော်လမြိုင်မြို့တွင် ပြုလုပ်ခဲ့သည့် ဟောပြောပွဲတစ်ခု၌ ဦးတင်ထွန်းအား ဒသမတန်းမအောင်မြင်ဘဲ ဟောပြောသည်ဟု ဝိုင်းဝန်းကန့်ကွက်မှုများရှိခဲ့ပြီးနောက် ၎င်းကိုသတိထားမိ၍ စုံစမ်းမှုများ စတင်ပြုလုပ်ခဲ့ကာ ယခုကဲ့သို့ အဖြစ်မှန်ပေါ် ပေါက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းနှင့်နီးစပ်သည့် အင်ဂျင်နီယာများက ဆိုသည်။
‘‘သတင်းကြားပြီး စိစစ်ဆက်သွယ်တဲ့အခါ ဦးတင်ထွန်းအား အဆက်အသွယ်မရခဲ့ပါ။ ၎င်းကို ၂၀၁၅ အောက်တိုဘာတွင် ထုတ်ပယ်ခဲ့ပြီးဖြစ်ပြီး သတင်းစာတွင် ဖော်ပြရာ၌ မပါဝင်ပါ။ လက်ရှိ MEngC က ယခင်က ဦးသန်းမြင့် ထုတ်ပေးထားတဲ့ PE လက်မှတ်ကို တစ်လအတွင်း ပြန်အပ်ခိုင်းထား၊ မအပ်လျှင် တရားစွဲအရေးယူသွားရန် ဆောင်ရွက်လျက်ရှိ၊ ရန်ကုန်မြို့တွင် လက်မှတ်အတု၊ နိုတြီအတုများ အစစ်နဲ့မခြားအောင် လုပ်ဆောင်နေသော ဆိုင်များလည်း ရှိနေတယ်’’ ဟု ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်နှင့် စက်မှုဝန်ကြီး ဦးဉာဏ်ထွန်းက ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ရေးသားခဲ့သည်။
ဦးတင်ထွန်းကို 7Day သတင်းဂျာနယ်က တယ်လီဖုန်းဖြင့် အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍မရခဲ့ဘဲ ၎င်း၏ဖေ့စ်ဘွတ်ခ်စာမျက်နှာ (Tin Tun) တွင် ‘‘ဖေ့စ်ဘွတ်ခ်မှာ ရေးနေတာကြောင့် ပိုစိတ်ဆင်းရဲရတယ်။ Engg လောကကို ကျွန်တော် ကောင်းအောင်သာ လုပ်ခဲ့တာ ဆရာအသိဆုံးပါ’’ ဟု မှတ်ချက်ရေးသားခဲ့ပြီး ယခုထွက်ပေါ်နေသည့် သတင်းမှာ မဟုတ်မှန်ကြောင်းနှင့် ပြန်လာလျှင် စာပြန်သင်ကြားမည့်အကြောင်းရေးသားခဲ့သည်။
အဆိုပါ လိမ်လည်မှုသည် မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း၊ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီနှင့် ရန်ကုန်နည်းပညာတက္ကသိုလ်ရှိ တာဝန်ရှိသူများ၏ စိစစ်မှု အားနည်းခဲ့ခြင်းကြောင့်ဖြစ်ပြီး နောင်လာမည့် ကာလများတွင် ထိုကဲ့သို့ ထပ်မံမဖြစ်ပွားစေရန် သတိထား ဆောင်ရွက်သင့်ကြောင်း ပြည်တွင်းရှိ အင်ဂျင်နီယာများက အကြံပြုထားသည်။
ဘွဲ့လက်မှတ်အတု၊ စာရွက်စာတမ်းအတုဖြင့် လိမ်လည်ပါက ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၄၂၀ (လိမ်လည်ခြင်း)/၄၆၈ (စာ ရွက်စာတမ်းအတုပြုလုပ်ခြင်း)/ ၄၇၁ (စာရွက်စာတမ်းအတုဖြင့် အသုံးပြုခြင်း) တို့ဖြင့် တရားစွဲဆိုနိုင်ပြီး အမြင့်ဆုံးထောင်ဒဏ် ၂၁ နှစ်အထိချမှတ်နိုင်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးလှမျိုးမြင့်က ပြောကြားသည်။
မြန်မာနိုင်ငံ၌ လက်ရှိတွင် အဆင့်မြှင့်တင်ထားသည့် ရန်ကုန်နှင့်မန္တလေးနည်းပညာတက္ကသိုလ် အပါအဝင် နည်းပညာတက္ကသိုလ်များ ဖွင့်လှစ်ထားပြီး အင်ဂျင်နီယာများစွာ မွေးထုတ်ပေးလျက်ရှိပြီး ထိုစဉ်က တစ်နိုင်ငံလုံးတွင် ရန်ကုန်စက်မှုတက္ကသိုလ် (RIT) တစ်ခုတည်းသာရှိသည့် အချိန်တွင် ယခုကဲ့သို့ ဘွဲ့လက်မှတ်လိမ်လည်မှုရှိခဲ့သောကြောင့် နောက်နောင်တွင် အလားတူ လိမ်လည်မှုများစွာ ပေါ်ပေါက်လာနိုင်သဖြင့် ယခုလိမ်လည်မှုကို တရားစွဲဆို အရေးယူဆောင်ရွက်မှုများပြုလုပ်၍ ထပ်မံမဖြစ်ပွားစေရန် စီမံ ဆောင်ရွက်သင့်ကြောင်း အင်ဂျင်နီယာအများစုက ဆန္ဒပြုထားကြသည်။
မြန်မာနိုင်ငံအင်ဂျင်နီယာ ကောင်စီဥပဒေကို ပြည်ထောင်စုလွှတ်တော်တွင် ၂၀၁၃ နိုဝင်ဘာ ၂၈ ရက်တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က လက်မှတ်ရေးထိုး၍ အတည်ပြုပြဋ္ဌာန်းခဲ့ကြောင်း မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီမှ သိရသည်။
အဆိုပါ အင်ဂျင်နီယာကောင်စီဥပဒေပုဒ်မ ၃၇ တွင် ‘‘အစိုး ရဌာနနှင့် အစိုးရအဖွဲ့အစည်းများတွင် ခန့်ထားသော အင်ဂျင်နီယာဝန်ထမ်းများက တာဝန်အရ ဆောင်ရွက်ခြင်းမှအပ မည်သူမှ ဤဥပဒေအရ ထုတ်ပြန်သော နည်းဥပဒေများဖြင့် သတ်မှတ်ထားသည့် အများပြည်သူ ဘေးအန္တရာယ်ဖြစ်စေနိုင်မည့် အင်ဂျင်နီယာဆိုင်ရာလုပ်ငန်းနှင့် နည်းပညာဆိုင်ရာလုပ်ငန်းများကို ကောင်စီက ထုတ်ပေးသော မှတ်ပုံတင်လက်မှတ်မရှိဘဲ လုပ်ကိုင်ခြင်းမပြုရ’’ နှင့် ပုဒ်မ ၄၀ တွင် တားမြစ်ချက်ကို ဖောက်ဖျက်ပါက ပြစ်မှုထင် ရှားစီရင်ခြင်းခံရလျှင် ထိုသူသည် ၂ နှစ်ထက်မပိုသော ထောင်ဒဏ် ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်ခြင်းခံရမည်ဟု ပြဋ္ဌာန်းထားသည်။
ထို့ကြောင့် ပြည်တွင်း ဆောက်လုပ်ရေးလုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်နေသည့် အင်ဂျင်နီယာအများစုသည် မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီသို့ လာရောက်၍ RE,RSE,PE တို့ကို လျှောက်ထားမှု များပြားခဲ့သည်။ မြန်မာနိုင်ငံ အင်ဂျင်နီယာလောကအတွင်း ယခုကဲ့သို့ လိမ်လည်မှု ပေါ်ပေါက်လာပြီး အင်ဂျင်နီယာအသိုင်းအဝိုင်းအတွက် အရှက်ရစရာဖြစ်ကြောင်း အင်ဂျင်နီယာများက သုံးသပ်ကြသည်။ (ဇော်မျိုးလှိုင်)
(၁၀) တန်းတောင် မအောင်ဘဲ ရန်ကုန်နည်းပညာတက္ကသိုလ်မှာ ပါမောက္ခလုပ်ခဲ့တဲ့ ဦးတင်ထွန်းဟာ ၂၀၂၂ ခုနှစ် ဇွန်လထဲမှာ ကိုဗစ်ရောဂါနဲ့ ကွယ်လွန်သွားပြီလို့ သိရပါတယ်။