ဂျပန်လေတပ်ရဲ့ တိုက်လေယာဉ် တစင်း ပျံသန်းနေစဉ် ထူးဆန်းစွာ ပျောက်ဆုံးမှု ဖြစ်ပွား

ပျောက်ဆုံးသွားတဲ့ အက်ဖ် ၁၅ ရှေ့တန်းတိုက်လေယာဉ်တစ်စီး ဟာ ပျက်ကျသွားတယ်လို့ ယုံကြည်ရပြီး လေယာဉ် အမှု ထမ်းနှစ်ဦး ကိုရှာ မတွေ့သေးဘူးလို့ ဂျပန် အစိုးရ ကဖေဖော်ဝါရီ ၁ ရက်က ပြောကြား လိုက်ပါတယ်။

ဂျပန် လေတပ်ရဲ့ အက်ဖ် ၁၅ တိုက်လေယာဉ် ဟာ ပျံတက်သွားပြီး မကြာခင်မှာ ဂျပန် ပင်လယ် ကမ်းရိုးတမ်း မှာရှိတဲ့ ကိုမတ်ဆု လေတပ်အခြေစိုက်စခန်း က ၅ ကီလိုမီတာ လောက်အကွာမှာ လေကြောင်းထိန်းချုပ်ရေး စင်တာရဲ့ ရေဒါကနေ ပျောက်ဆုံးသွားခဲ့ကြောင်း ဂျပန် ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားလိုက်ပါတယ်။

အစောပိုင်းက ပင်လယ်ထဲမှာ လေယာဉ် အပျက်အစီးတွေ တွေ့ရှိခဲ့ပြီးနောက် ရှာဖွေ ကယ်ဆယ်ရေး ရဟတ် ယာဉ် တွေနဲ့ ကမ်းခြေစောင့် သင်္ဘော သုံးစီး က ဆက်လက်ရှာဖွေ နေတယ်လို့ ဂျပန် ကမ်းခြေစောင့်တပ်က ထုတ်ပြန်ထားပါတယ်။

ဂျပန်က အသုံးပြုနေတဲ့ ဘိုးရင်း အက်ဖ် ၁၅ တိုက်လေယာဉ်အများစု ကို မစ်ဆူဘီရှီ ကုမ္ပဏီက လိုင်စင် နဲ့ တည်ဆောက် ထုတ်လုပ်ထားတာဖြစ်ပြီး ယင်းလေယာဉ်တွေကို ဂျပန်လေတပ် က အဓိကပင်မ တိုက်လေယာဉ်တွေ အဖြစ် အသုံးပြုနေတာ နှစ်ပေါင်း လေးဆယ်လောက် ရှိနေပါပြီ။

ဂျပန် မှာ အက်ဖ် ၁၅ တိုက်လေယာဉ် အစီး ၂၀၀ ရှိပြီး ထက်ဝက်လောက်ကို သက်တမ်း ပိုရှည်အောင် နဲ့ စွမ်းပကားတိုးမြှင့်ဖို့ ဘိုးရင်း ကုမ္ပဏီ ကဆောင်ရွက်ပေးခဲ့ပါတယ်။

ဂျပန် နိုင်ငံရဲ့ အက်ဖ် ၁၅ တိုက်လေယာဉ် အများစု ဟာ တစ်ယောက်စီး လေယာဉ်တွေ ဖြစ်ပြီး နှစ်ယောက်စီး လေယာဉ်တွေ ကိုတော့ လေ့ကျင့်ရေး အတွက် အသုံးပြုတယ်လို့ သိရပါတယ်။

၂၀၁၉ အတွင်း ဂျပန် နိုင်ငံ ရဲ့ လော့ခ်ဟီးမာတင် ကုမ္ပဏီထုတ် အက်ဖ် ၃၅ ကိုယ်ပျောက် တိုက်လေယာဉ် တစ်စီး ဟာ လေ့ကျင့်ရေး အစီအစဉ် အတွင်း ပစိဖိတ် သမုဒ္ဒရာ ထဲ ကိုပျက်ကျသွားခဲ့ပြီး လေယာဉ်မှူး ဟာ လမ်းကြောင်းဆိုင်ရာ အာရုံရှုပ်ထွေးမှု ဖြစ်တာကြောင့် ပျက်ကျခဲ့တာဖြစ်တယ်လို့ သုံးသပ်ခဲ့ကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page