လက်ဝှေ့နဲ့ မြန်မာကို ကမ္ဘာကသိစေခဲ့ပြီး တခေတ်မှာ တယောက်ပဲ ထွန်းပေါက်ခဲ့တဲ့ ကျားဘညိမ်း

“ကျားဘညိမ်း” ၊ မြန်မာ့ဂုဏ်ဆောင် လက်ဝှေ့သမား ကျားဘညိမ်း, မန္တလေးသား လက်ဝှေ့သမား ကျားဘညိမ်းသည် ၁၉၂၃ ခုနှစ်ဖွားဖြစ်ပြီး အရပ် ၅ ပေ ၄ လက်မ၊ ကိုယ်အလေးချိန် ၉ စတုံခန့် (၁၂ဝ ပေါင်) ရှိသည်။ ကျားဘညိမ်းသည် ကျားထိုး အလွန် ဝါသနာပါသည်။ ဆယ်နှစ်သား အရွယ်တွင် ညီဖြစ်သူ ကိုဘသိန်း (ချစ်ညို) နှင့် ၁၂ ကောင် ကျားထိုးရာ သူနိုင် ငါရှုံး၊ ဘတပြန် ကျားတပြန် ဖြစ်နေသည်။

ထိုအခါ မန္တလေးမှ ကျားဘုရင် ဦးဘသိန်း ရောက်လာပြီး မင်းတို့ ကစားပုံကလည်းကွာ ဟု အပြစ်တင်ကာ ကျားရွှေ့နည်းများကို သင်ပေးခဲ့သည်။ ထိုစဉ်က မန္တလေးတွင် ပန်းချီဆရာများ ခေတ်စားနေသည်။ ဘရင်ကလေး၊ ကြွယ်လေး၊ ညိုလေးစသည့် ပန်းချီဆရာ တစုက သူတို့၏ ပန်းချီပုံများ အောက်တွင် ကိုယ့်နာမည်ကိုယ် လက်မှတ်ထိုးခဲ့သည်။ ကျားဘုရား (ခ) ကျားဘုရင် ဦးဘသိန်းကလည်း ကျားကြီး ဘသိန်းဟု လက်မှတ်ထိုးသည်။ သို့နှင့် ဆရာညိမ်းမှာ ကျားကလေး ဖြစ်လာခဲ့သည်။

ငယ်စဉ်အခါက မန္တလေးမြို့ရှိ ဝက်စလီယံ သာသနာပြု ကျောင်းတွင် ပညာ စတင်သင်ကြားပြီး အမျိုးသား ခေါင်းဆောင်ကြီး တဦးဖြစ်သည့် ဆရာကြီး ဦးရာဇာတ် ကျောင်းအုပ် အဖြစ် တာဝန် ထမ်းဆောင်သည့် အမျိုးသား အထက်တန်းကျောင်းတွင် ပြောင်းရွှေ့ ပညာသင်ယူခဲ့သည်။

ဦးရာဇာတ်က ကျောင်းသားများ၏ အားကစား လုပ်ငန်းအနေဖြင့် အင်္ဂလိပ် လက်ဝှေ့ထိုးခြင်း အတတ်ပညာကို နိုင်ငံခြားသား ပညာရှင်တဦး ဖြစ်သည့် ဘီလ်ဖစ်ရှားအား သင်ကြား ပို့ချစေခဲ့သည်။ ၁၉၄၇ ခုနှစ်က ကျင်းပခဲ့သော လက်ဝှေ့ပွဲတွင် ဘင်တန်ဝိတ်တန်းတွင် ဆရာ ချန်ပီယံ ဖြစ်ခဲ့သည်။ ဒီအခါ လူထုသတင်းစာမှာ ကျားဘညိမ်း နိုင်သွားပြီ ဟု ရေးလိုက်ရာ ထိုအချိန်မှ စ၍ ကျားဘညိမ်း ဖြစ်လာခဲ့သည်။

ကျားဘညိမ်းသည် လက်ဝှေ့ထိုးသက် အနှစ် ၂ဝ တွင် ပွဲပေါင်း ၅ဝ ကျော် ထိုးခဲ့သည်။ ထိုငါးဆယ်ကျော်တွင် ၇ ပွဲသာ အမှတ်ဖြင့် ရှုံးခဲ့သည်။ ကျန်ပွဲ ၄ဝ ကျော်တွင် ကျားဘညိမ်းက နိုင်ခဲ့သည်။ ထိုပွဲလေးဆယ်ကျော် အနက် သူ အနှစ်သက်ဆုံး ဆုဖလားပွဲမှာ သိပ္ပံနည်းအကျဆုံး လက်ဝှေ့ထိုးသူဆု ရခဲ့သည့် ပွဲပင်ဖြစ်၏။

လွတ်လပ်ရေး ရပြီးစ ၁၉၄၉ ခုနှစ်အတွင်း ကျားဘညိမ်းသည် မင်းကြွယ်၊ ဆင်မြူရယ်၊ ကီးဝှိုက်၊ စောဟာဒီ၊ မဂျစ်တို့နှင့် ယှဉ်ပြိုင်ခဲ့သည်။ တညတွင် ကျားဘညိမ်းနှင့် စိန်ပေါလ်မှ လင်းမာဆယ်တို့ ထိုးကြသည်။ ထိုပွဲတွင် ကျားဘညိမ်းက မာဆယ်အား ရှောင်ကာ တိမ်းကာ ဘယ်ဝိုက်၊ ညာ ဖြောင့်လက်သီးများဖြင့် တစ်ဖက်လူကို အနိုင်ယူခဲ့သည်။ ဒိုင်အဖွဲ့က ကျားဘညိမ်းကို သိပ္ပံနည်းကျ ထိုးနိုင်သူဆု ပေးသည်။

၁၉၅၁ ခုနှစ်တွင် အိန္ဒိယပြည် ဖယ်သာဝိတ် ချန်ပီယံနှင့် အိုလံပစ်တွင် ၂ ကြိမ် ဆုရခဲ့သော အိန္ဒိယ၏ အကောင်းဆုံး လက်ဝှေ့အကျော်ဗီဘို့စ်ကို ကျားဘညိမ်းက အနိုင်ယူ ထိုးနိုင်သဖြင့် ဗမာလူထုကကျားဘညိမ်းကို အထူး ချီးကျူးခဲ့လေသည်။

ထို့နောက် ၁၉၅၂ ခု ဖင်လန်တွင် ပြုလုပ်သော ၁၅ ကြိမ်မြောက် အိုလံပစ်ပွဲသို့ ကျားဘညိမ်း သွားခွင့်ရခဲ့သည်။ ကျားဘညိမ်းသည် အနာဂတ် မျိုးဆက်သစ် လက်ဝှေ့လူငယ်များကိုလည်း မွေးထုတ်ပေးခဲ့သည်။ မန္တလေး ဒါးတန်း ၂၅ လမ်းနှင့်၊ ၈၃ လမ်းဖက်တွင်လက်ဝှေ့ကလပ်များ ထောင်ထားသည်။ သို့အတွက်မန္တလေးမှ လက်ဝှေ့အကျော် ၂ဝ လောက် ထွက်လာသည်။

ရဲချစ်၊ ရဲဆွေ၊ ရဲမြင့်၊ ရဲတင့်တို့မှာ ကျားဘညိမ်း၏ တပည့်ကျော်များ ဖြစ်သည်။ ထိုမန္တလေးသားများ အပြင် ရန်ကုန်ဘက်မှ တင်ထွန်း၊ အဲလက်ဇန်းဒြား၊ ရေတပ်မှ လှရွှေတို့မှာလည်း ဆရာညိမ်း၏ တပည့်များ ဖြစ်သည်။ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ် များတွင်လည်း တပည့်များ ရှိသည်။ ၎င်းသည် လက်ဝှေ့ကြောင့် ၁၅ ကြိမ်မြောက် ကမ္ဘာ့အိုလံပစ်ပွဲကို ရောက်ခဲ့သည်။

ကျားဘညိမ်းသည် ၁၉၅၃ မှစ၍ မြန်မာ့လက်ဝှေ့ကို မြေဝိုင်းလက်ဝှေ့အဆင့်မှ အမြင့်စင်အထိ ဖြစ်အောင်အားထုတ်ခဲ့သူ တစ်ဦးဖြစ်သည်။ လက်ဝှေ့ကျော်များစွာကိုစင်တင်ပေးခဲ့သူတစ်ဦးလည်းဖြစ်သည်။ အချို့တို့ကို မူရင်းနာမည်ဖျောက်ပြီးလက်ဝှေ့အမည်များကိုယ်တိုင်ပေးခဲ့သည်။ သမန်းကျား၊ သမိန်ဗရမ်းတို့မှာ သူပေးခဲ့သောနာမည်များပင်။

ဟဲလ်စင်ကီးနှင့် ဘာကင်ဟန် နန်းတော်တွင်းသို့ ဝင်ရောက်လေ့လာခဲ့ဖူးသည်။။ အနောက် ဘာကင်ဟန်၊ အရှေ့ တိန်အန်မြင် (တရုတ်ပြည်) ထိသွားပြီး ခေါင်းဆောင်ကြီးများနှင့် စကားပြောခဲ့ဖူးသည်။ ၁၉၆၅ ခုလောက်တွင် ကွာလာလမ်ပူ ဆီးဂိမ်းပွဲ သွားခဲ့ရသည်။ နိုင်ငံတကာ အကဲဖြတ် ဒိုင်တဦးအဖြစ် သွားခဲ့ရခြင်း ဖြစ်၏။

မန္တလေးမြို့တွင် နေထိုင်စဉ် ၁၉၄ဝ ပြည့်နှစ်တွင် မန္တလေးမြို့သူ ဒေါ်ကြည်⁠ကြည်နှင့် အိမ်ထောင် ကျခဲ့သည်။ မန္တလေး လူထု သတင်းစာတိုက် ပိုင်ရှင် လူထုဦးလှ၊ဒေါ်အမာတို့နှင့် ရင်းနှီးသဖြင့် လူထု သတင်းစာတွင် အားကစား သတင်းများ ဝင်ရောက် ရေးသားခဲ့သည်။

၁၉၅၆ ခုနှစ်တွင် အမျိုးသား ကိုယ်လက် ကြံ့ခိုင်ရေး ကောင်စီ၌ လက်ဝှေ့ နည်းစနစ်မှူး အဖြစ် ဝင်ရောက် တာဝန် ထမ်းဆောင်သဖြင့် ရန်ကုန်မြို့သို့ ပြောင်းရွှေ့နေထိုင်ခဲ့ပြီး ရန်ကုန် စာပေလောကနှင့် နီးစပ်လာခဲ့သည်။ မြဝတီ၊ ငွေတာရီ၊ ရှုမဝ အစရှိသည့် မဂ္ဂဇင်းကြီးများတွင်လည်း အားကစား ဆောင်းပါးများ ဝင်ရောက် ရေးသားခဲ့သည်။ နောင်အခါတွင် အားကစားဂျာနယ် တခု ဖြစ်သည့် တံခွန်ဂျာနယ် ပေါ်ထွက်လာသည့် အခါ၌လည်း ပင်တိုင် ဝင်ရောက် ရေးသားခဲ့သည်။ အထောက်တော် လှအောင်၏ သတင်းဂျာနယ်တွင် မြန်မာ့ရိုးရာ လက်ဝှေ့နှင့် ပတ်သက်၍ ဆောင်းပါးများ အဆက်မပြတ် ရေးသားခဲ့သည်။

စာရေးဆရာ ရန်ကုန်ဘဆွေ၏ ကူညီပံ့ပိုးမှုဖြင့် မင်းခေါင် အမည်ရှိ လုံးချင်း ဝတ္ထုတပုဒ်ကို ရေးသား ထုတ်ဝေခဲ့သည်။ မင်းခေါင်သည် ထိုခေတ် အခါက အောင်မြင် ထင်ရှားခဲ့သော မန္တလေး ရတနာပုံခေတ် နောက်ခံ ဝတ္ထုတပုဒ် ဖြစ်ခဲ့သည်။ ကြေးစားလက်ဝှေ့ ထိုးခြင်းအကြောင်းကို နောက်ခံထားကာ ရေးသားခဲ့သော သဲခင်းပေါ်မှ သွေးတကွက် ဝတ္ထုကို လည်းကောင်း၊ ရေးဖော် စာရေးဆရာများ ဖြစ်ကြသော ဗိုလ်မြင့်၊ ဗိုလ်ဘသော်၊ မောင်သင်တို့နှင့် တွဲဖက်ကာ အတ္ထုပ္ပတ္တိလေးဦး စုစည်းမှုတွင်၎င်း၊ ပါဝင် ရေးသားခဲ့သည်။

ကမ္ဘာ့လက်ဝှေ့ ချန်ပီယံ လက်ဝှေ့ကျော်များ၏ အတ္ထုပ္ပတ္တိများ ဖြစ်သော ကမ္ဘာကျော် လက်သီးမဲကြီးများ၊ မိုဟာမက်အလီ၊ ကင်ရှာဆာမှ မနီလာသို့ လုံးချင်း စာအုပ်များကိုလည်း ရေးသား ထုတ်ဝေခဲ့သည်။ စာပေကို ဝါသနာအရ ရေးသားခဲ့သည့် အပြင် ကျားဘညိမ်းသည် ပန်းချီကိုလည်း ကျွမ်းကျွမ်းကျင်ကျင် ရေးဆွဲတတ်သူ ဖြစ်သည်။ မန္တလေးတွင် နေထိုင်စဉ် ကာလက စတိုးဆိုင်ကြီးများ၏ သံဆိုင်းဘုတ်ကြီးများကို တာဝန်ယူ ရေးဆွဲခဲ့သူ ဖြစ်သည်။

မြန်မာ့ရိုးရာ လက်ဝှေ့ကို အပတ်တကုတ် ကြိုးပမ်း ဖော်ထုတ်ခဲ့သူ အဖြစ်လည်း အားကစား ဝါသနာရှင်များက သိထားခဲ့ကြသည်။ သူတာဝန်ယူ ကျင်းပသည့် ရိုးရာ လက်ဝှေ့ပွဲများတွင် ပါဝင် ယှဉ်ပြိုင်ကြသည့် လက်ဝှေ့ကျော်များ အားမာန် တက်စေရန် လက်တန်းစပ်ဆိုကာ ရွတ်ခဲ့သည့် လင်္ကာများမှာလည်း ယနေ့ထက်တိုင် ရိုးရာ လက်ဝှေ့ပွဲများတွင် ကြားနေရဆဲ ဖြစ်သည်။

ကျားဘညိမ်းမှာ မိသားစုအပေါ်တွင် အလွန် ကြင်နာတတ်သူ ဖြစ်၏။ သားသမီး ဆယ်ယောက်မွေးရာ ၂ ဦးဆုံးသဖြင့် ၈ ယောက်သာ အဖတ်တင်သည်။ အကြီးဆုံးသား ကိုဝင်းငြိမ်းသည် စာရေး ဝါသနာပါသည်။ ဆန်နီညိမ်းသည် ပန်းချီ၊ ပန်းပု အနုပညာရှင် ဖြစ်၏။

ကိုရဲမြင့်ညိမ်းသည် စာရေးစာဖတ် ပန်းချီ ဝါသနာရှင် ဖြစ်၏။ ကိုမျိုးမြင့်ညိမ်းသည် လက်ဝှေ့ ဝါသနာ ပါသော်လည်း စာရေး၊ စာဖတ် လုပ်နေသည်။ သူတို့နောက်တွင် မာလာညိမ်း၊ စန္ဒာညိမ်း၊ ထွန်းမောင်ညိမ်း၊ ထွန်းအောင်ညိမ်း တို့ကို မွေးသည်။ စန္ဒာညိမ်းမှာ အသက် ၂ဝ အရွယ် လက်ခုပ်ကုန်း၌ ပျော်ပွဲစားရင်း ရေနစ် သေဆုံးခဲ့ရာ ကျားဘညိမ်း၊ ဒေါ်ကြည်တို့ အလွန် စိတ်ထိခိုက်ခဲ့သည်။

ကျားဘညိမ်းကဲ့သို့ အားကစားသမား ရှားမှ ရှားသည်။ အားကစား လုပ်ခဲ့သော်လည်း အသက် ၆ဝ လောက်တွင် အစာအိမ် အူလမ်းကြောင်း ကင်ဆာဖြစ်၍ ၁၉၇၉ ခုနှစ်တွင် ဆုံးပါးသွားသည်။ ၎င်းဆုံးပါးသော်လည်း သူ မွေးထုတ်ပေးခဲ့သော လက်ဝှေ့သမားများစွာ ကျန်ခဲ့ပေသည်။

ကွယ်လွန်ချိန်တွင် မိသားစုနှင့်အတူ ပုဇွန်တောင်မြို့နယ် အမှတ် (၃) ရပ်ကွက်၊ ပြည်တော်သစ်အိမ်ရာ တိုက်အမှတ် (၄)၊ အခန်းအမှတ် (၁၃) တွင် နေထိုင်လျက် ရှိသည်။ ကွယ်လွန်ချိန်တွင် အသက် ၅၆ နှစ်ဖြစ်ပြီး ဇနီး ဒေါ်ကြည်ကြည် သားသမီးများ ဖြစ်ကြသည့် ဝင်းငြိမ်း၊ ဆန်နီညိမ်း၊ ရဲမြင့်ညိမ်း၊ မျိုးမြင့်ညိမ်း၊ မြင့်မြင့်ညိမ်း၊ ထွန်းမောင်ညိမ်း၊ ထွန်းအောင်ညိမ်းတို့ ကျန်ရစ်ခဲ့ကြသည်။ ကိုးကား – လူထုဒေါ်အမာပြောသော ကျားဘညိမ်း၊ ဓါတ်ပုံ – Sunny Nyein နှင့် M-Media (မူရင်းရေးသားသူအား လေးစားမှုဖြင့် – bkr)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page