ယနေ့ အသက် ၂၀ ကျော် မန္တလေးသားတွေ မသိကြတော့တဲ့ ဈေးချိုအစစ် အကြောင်း

“ဈေးချိုအစစ်ကို မသိကြတော့ဘူး” (ဆူးငှက်)၊ သည်ကနေ့ အသက်၂ဝ ကျော်အရွယ် လူငယ်လေးတွေက မန္တလေးရဲ့ အသည်းနှလုံး မူလဈေးချို အစစ်အကြောင်း မသိကြတော့ပေ။ အထူးသဖြင့် သာမန်လူငယ်များထက် မီဒီယာများနှင့် ပတ်သက်သော လူငယ်များ မသိကြခြင်းက အရုပ်ဆိုးသည်။ မူလဈေးချိုအစစ်ဆိုသည်မှာ ဤသို့ဖြစ် သည်။

ဈေးသည် တိုင်းပြည်၏ ဝမ်းစာ၊ မန္တလေးမြို့သစ် နန်းသစ်တည်ကတည်းက ခုနစ်ဌာန အပါအဝင် မြို့ပြမြေယာတွင် ဈေးများလည်း ပါရှိခဲ့သည်။ ဈေးသည် တိုင်းပြည်၏ ဝမ်းစာဖြစ်သည်။ တိုင်းပြည်စီးပွား ရေး၏ ပြဒါးတိုင်ဖြစ်သည်။ ထို့ကြောင့် မန္တလေးရတနာပုံ၏ ရွှေမြို့တော်တည်ဆောက်သောအခါ ဈေးများကို စနစ် တကျနေရာချခဲ့သည်။

မန္တလေးအနောက်ပြင် ကျယ်ဝန်းသောနေရာတွင် လက်ကားဈေးကြီးတစ်ဈေးဖြစ်သော “မလွန်ဈေး” ရှိ သည်။ ရေလမ်းခရီးဖြင့် ရောက်ရှိလာမည့် ကုန်ပစ္စည်း များအတွက် ဧရာဝတီနှင့်လည်း နီးသည်။ ရှမ်းပြည်နယ်မှ ဆင်းလာမည့် တောင်ပေါ်ကုန်များအတွက် ရှမ်းကုန်သည် များ စတည်းချရာ ရှမ်းပွဲရပ်၊ ဒေးဝန်းရပ်နှင့်လည်း နီးသည်။ မတ္တရာနယ်တစ်ဝိုက်မှ ထွက်ရှိသော ကွမ်း၊ ကွမ်းရွက်နှင့် အသီးအနှံများ ဝင်ရောက်လာရာ ရွှေတချောင်း ရေရှင်မြောင်းနှင့်လည်း အရှေ့နှင့်အနောက် ကပ်လျက် ဖြစ်သည်။

မလွန်ဈေး၊ မလွန်ဈေးက (ယခု) ၃၁လမ်းနှင့် ၃၄လမ်းကြား တောင် မြောက်ရှည်၍ အရှေ့အနောက်အနေဖြင့်မူ ၈၅လမ်းမှ ၈၆လမ်းကြား တစ်ပြကျယ်သည်။ ပေအနေဖြင့်တွက်ပါမူ တောင်မြောက် ပေ၂၀၀ဝ နီးပါးရှည်၍ အရှေ့အနောက်၊ ပေ ၆၀ဝ နီးပါးကျယ်သည့် ဈေးကြီးဖြစ်သည်။

ဈေးကြီး ဖွဲ့စည်းပုံတွင် သူ့ကုန်ပစ္စည်းအမျိုးအစားလိုက် တူရာစု ကာ တစ်ထပ်မျှရှိသော လုံခြုံသည့် အဆောက်အအုံများ ဖြင့်လည်း ရောင်းချရသည်။ မြောက်မှစ၍ အရှေ့အနောက် ၃၁လမ်းကို မလွန်ဈေးတွင် မြောက်ယွန်းတန်းဟု ခေါ် သည်။ ထို့နောက် တောင်ဘက်တစ်ပြ ၃၂ လမ်းကို တောင် ယွန်းတန်းဟု ခေါ်တွင်ပြီး ထိုနှစ်လမ်းအကြား တစ်ပြ အရှည်တွင် တောင်မြောက်တိုးလျှိုပေါက် အနောက်မှစ၍ အိုးတန်း၊ ခဲလန်တန်း၊ ငါးပိတန်း၊ ထန်းလျက်တန်း၊ ထုံး တန်းဟူ ၍ ရှိသည်။ ဈေးတန်းများအကြား လှည်းနှစ်စီး ရှောင်နိုင်သည့် လမ်းရှိသည်။

ဤပုံစံအတိုင်း ၃၂ လမ်း၊ တောင်ယွန်းတန်းနှင့် ၃၃လမ်း ကျောက်စိမ်းတန်းအကြားတွင် ကြက်သွန်တန်း၊ ချင်းတန်း၊ ငါးပိတန်း၊ ဆားတန်း၊ ကွမ်းသီးတန်းဟူ၍ လည်းကောင်း၊ ၃၃ လမ်း ကျောက်စိမ်း တန်းနှင့် ၃၄ လမ်း ညောင်ဇင်တန်းအကြားတွင် နီပါးတန်း၊ ပွတ်တန်း၊ ဆေးရိုးဝင်းဟူ၍ သူ့ပစ္စည်းသူ့အတန်းနှင့်သူ လမ်းများခြား၍ စနစ်တကျတည်ပေးခဲ့သည့် လက်ကားပွဲ ရုံဈေးကြီး ဖြစ်သည်။ ယခုတိုင် ရောင်းဝယ်ဖောက်ကားဆဲ ဖြစ်၏။

မလွန်ဈေးကို ကြိုသောကြောင့်၊ လက်ကားဈေးကြီးဖြစ်သော မလွန်ဈေးကို ကြိုသည့် ဈေးတစ်ဈေးလည်း မြောက်ဘက်မလှမ်းမကမ်းတွင် အတူတည်ထားခဲ့သည်။ မလွန်ဈေးကို ကြိုသောကြောင့် “ဈေးကြို”ဟု ခေါ်တွင်သည်။ “ဈေးကြို”ကို နောက်တစ်ခါ “ဈေးချိုတော်”ဟု ခေါ်တွင်ခဲ့သည်။ ဈေးကြိုများက ယခင် မင်းနေပြည်များဖြစ်ခဲ့သော အင်းဝနေပြည်တော်၊ အမရပူရ နေပြည်တော်၏ ပန္နက်များတွင်လည်း ပါရှိခဲ့သည်။

“ဈေးကြို”၏ မူလနေရာသည် ယခုငါးပိတန်း လက်ကြား (ဈေးချိုတော်တိုက်တန်းကြီး၏ အရှေ့ဘက်) ၂၆ ဘီလမ်း (အာဇာနည်လမ်း)နှင့် ၂၇ လမ်း (ဘာဘူတန်း)ကြားနေရာများ ဖြစ်သည်။ မူလမန္တလေး “ဈေးကြို”က အမရပူရ “ဈေးကြို”ပုံစံအတိုင်း တည်ဆောက်ခဲ့သည်။ ၁၈၇၆ ခုနှစ်တွင် မူလ “ဈေးကြိုတော်” ကို ပြင်ဆင်တည် ဆောက်လိုက်၏။

သစ်သားများဖြင့်သာ ပြန်လည် တည်ဆောက်ခဲ့သည့် အဆိုပါ ဈေးကြို (ဈေးချို) မှာ ၁၉၀၂ ခုနှစ် ဧပြီ ၁၂ ရက် (သက္ကရာဇ် ၁၂၆၃ ခုနှစ် တန်ခူးလဆန်း ၅ ရက်)တွင် မီးကြီးလောင်ကျွမ်းသည်။ ထို့နောက် နှစ် ၉၀ ကျော်ကြာ သက်တမ်းရှည်၍ ကမ္ဘာကျော်ခဲ့သော ၁၂ ရုံ အုတ်တိုက် ဈေးချိုတော်ကြီးကို “အုတ်ကာသွပ်မိုး” ဟူသော နေ့နာမ်သင့်အတိုင်း ၁၂၆၅ ခု (၁၉၀၃ ခု)တွင် တည်ဆောက်ခဲ့သည်။ ဗိသုကာမှာ မန္တလေးမြူနီစီပယ်၏ ပထမဆုံးအတွင်း ရေးမှူး အီတလီလူမျိုးဖြစ်သည်။

အေ၊ ဘီ၊ စီ ဟူ၍၊ ၂၆ဘီလမ်း (အာဇာနည်လမ်း)မှ တောင်ဘက် ၂၈ လမ်း (သံဖြူတန်း)အထိ နှစ်ပြ(ပေ ၁၅၀ဝ နီးပါး) ရှည်၍ အရှေ့ အနောက်အနေဖြင့် ၈၄ လမ်းအထိ တစ်ပြ (ပေ ၆၀ဝ နီး ပါး) ကျယ်သည်။ အုတ်တိုက် သွပ်မိုးရုံကြီး ၁၂ ရုံ ပါရှိ၏။ တောင်မြောက်အလျားလိုက်ရှိသော ရုံကြီးသုံးရုံတွဲပြီး ကြားတွင် မလွယ်ပေါက်။

ထို့နောက် နောက်ထပ် သုံးရုံတွဲပြီး အလယ်တွင် ကျယ်ဝန်းသော အလယ်ပေါက် ကြီးထားရှိကာ ထိုပုံစံအတိုင်း တောင်ဘက်တွင်လည်း ခြောက်ရုံတွဲရှိသည်။ အေ၊ ဘီ၊ စီ ဟူ၍ နာမည်ပေးပြီး အယ်လ် အထိရှိသည်။ ရုံအလိုက် အမျိုးအစားတူ ကုန်ပစ္စည်းများကိုပဲ တစုတစည်းတည်း ရောင်းချကြ သည်။

ကြားတန်းများမပါဘဲ တစ်ရုံလျှင် ဆိုင်ခန်းပေါင်း ၁၆ဝ ရှိသည်။ ၁၂ ရုံတွင် ဆိုင်ခန်းပေါင်း ၂၀၀ဝ နီးပါး ရှိမည်။ ထိုအရေအတွက်သည် ရုံကြီးအတွင်း ဝင်လမ်း၊ ထွက်လမ်း၊ ဝင်ပေါက်၊ ထွက်ပေါက်များ မူလအတိုင်း မပျက်မယွင်းရှိ စေရန် နှစ် ၉ဝ စလုံး နေရာချထားခဲ့သည့်စနစ်ဖြစ်သည်။

ထို့ကြောင့် မည်သည့်သဘာဝအန္တရာယ်နှင့် ရင်ဆိုင်ရ သည်မဆို ဝင်လမ်း၊ ထွက်လမ်း ရှင်းသည်။ ထို့ပြင် မလွယ် ပေါက်လမ်းများနှင့် အလယ်ပေါက်လမ်းမကြီးများပေါ်တွင် ယာဉ်များ၊ အထူးသဖြင့် မီးသတ်ကားများ လွယ်ကူစွာ ဝင်နိုင်ပြီး ထွက်လမ်းများလည်း ရှိသည်။ ထိုလမ်းများပေါ် ၌ မီးသတ်ရေကန်များလည်း ရှိသည်။ ရုံတစ်ရုံနှင့် တစ်ရုံ ကြားတန်းများတွင်လည်း မီးသတ်ကန်များထားရှိကာ ရေအပြည့်ရှိသည်။

ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ မန္တလေးဈေးချိုတော်တွင် ရုံကြီး ၁၂ ရုံအပြင် အရှေ့ ဘက်၌ ၈၄ လမ်း (ဗိုလ်ချုပ်အောင်ဆန်းလမ်း)ကို မျက်နှာ ပြု၍ ၂၆ ဘီလမ်းနှင့် ၂၈ လမ်းကြား၌ တိုက်တန်းကြီး တည်ရှိပြီး ၂၆ ဘီလမ်း၊ ၈၄ လမ်းနှင့် ရွှေတချောင်းမြောင်း ကြားတွင် တိုက်တန်းလေးတည်ရှိသည်။ ၁၉၇ဝ ဝန်းကျင် တွင် အဆိုပါ တိုက်တန်းလေးကို ဖျက်သိမ်းပြီး မန္တလေး မြူနီစီပယ် (ယခုစည်ပင်သာယာရေးကော်မတီ)က မြို့တော်ခန်းမ(၂)နှင့် မြို့တော်ခန်းမ(၃)ဟူ၍ ခေတ်မီ နှစ်ထပ်တိုက်တန်းကြီး တည်ဆောက်ခဲ့သည်။

အပေါ် ထပ်တွင် ခန်းမများထားရှိပြီး အောက်ထပ်တွင် ကုန် ပဒေသာဆိုင်များ၊ ရုံးခန်းများနှင့် တစ်ချိန်က နာမည်ကျော် ကြားခဲ့သည့် မန္တလေးတိုင်းသမဝါယမအသင်းစု၏ သမ ဝါယမစာနယ်ဇင်း စာအုပ်အရောင်းဆိုင်ကြီးတို့ ဖွင့်လှစ်ခဲ့၏။

မြို့တော်ခန်းမ(၂)နှင့် ခန်းမ(၃)တို့တွင် မင်္ဂလာဧည့်ခံပွဲ များ ကျင်းပလေ့ရှိပြီး ယခုအခါ ခန်းမ(၃) နေရာတွင် ရတနာပုံဘဏ်အဆောက်အအုံနှင့် အရောင်းပြခန်းများ ပြုပြင်တည်ဆောက်ခဲ့သည်။ ဈေးချိုတော်ပင်မရုံကြီး ၁၂ ရုံ၏ တောင်ဘက်ခြမ်းရုံ ခြောက်ရုံတွဲ၏ အနောက်ဘက် တွင် ပန်းတန်း၊ ထိုးမုန့်တန်း၊ သံဖြူတန်းလေး၊ မုန့်စုံတန်း တို့ တည်ရှိပြီး မြောက်ဘက် ခြောက်ရုံတွဲ၏ အနောက်ဘက်တွင် ငှက်ပျောတန်း၊ မွေ့ရာတန်း၊ လင်းရောင်ခြည် ဈေးတန်း၊ အောင်ဈေးတန်းတို့ တည်ရှိသည်။

သံဖြူတန်းကြီး၊ ဈေးချိုတော်ကြီး၏ တောင်ဘက် ၂၈လမ်း၊ ၈၄ လမ်းနှင့် ၈၅ လမ်းကြားကို သံဖြူတန်းကြီးဟု ခေါ်တွင်ပြီး သံသေတ္တာများ၊ သံဖြူနှင့်ပတ်သက်သော အထည်များ ရောင်းချကြသည်။ ထို့ပြင် ပွဲရုံများလည်း တည်ရှိသည်။ သံဖြူတန်းကြီးတွင် ဦးခင်မောင်၏ ရွှေဥဒေါင်းသံသေတ္တာ ဆိုင်တည်ရှိသလို မြန်မာပညာရှိကြီး ရွှေပြည်ဦးဘတင်၏ တိုက်လည်းရှိသည်။

ထို့ပြင် မြို့မဒိုးတီးအကျော် ဦးလှဒင် ကလည်း သံဖြူတန်းကြီးတွင် နေထိုင်သည်။ ထို ၂၈ လမ်း ကိုပင် ၈၅ လမ်းနှင့် ရွှေတချောင်းကြားကို အိုးတန်းကြီးဟု ခေါ်ပြီး မြေအိုး၊ စဉ့်အိုးများ ရောင်းချသည်။ အိုးတန်းကြီးနှင့် တစ်ဆက်တည်း ၂၈ လမ်းနှင့် ၂၉ လမ်းကြား၊ ၈၅ လမ်းနှင့် ရွှေတချောင်း ကြားမှာ ထီးတိုင်ဈေးဖြစ်ပြီး မနက်ပိုင်းတွင် ကုန်စိမ်းများ၊ ပန်းများရောင်းချပြီး စားသောက်ကုန်၊ ကုန်ခြောက်နှင့် ပွဲရုံများလည်း တည်ရှိသည်။ ၂၇ လမ်းနှင့် ၂၈ လမ်းကြား၊ ၈၆ လမ်းပေါ်တွင်လည်း မုန့်စုံတန်းနှင့် ပျံကျဈေးတန်းတို့ တည်ရှိပြီး အဆိုပါ ၈၆ လမ်းပေါ်တွင် ဆင်ကြီးနှစ်ကောင်ရှိသည်။

ဆင်ကြီးနှစ်ကောင်၊ ဆင်ကြီး နှစ်ကောင်ဟူသည်မှာ ၈၆ လမ်းမှ အနောက် ဘက်အိမ်တော်ရာဘုရားအရှေ့မုခ်အထိတည်ဆောက် ထားသော အုတ်တံတားကြီး၏ ထိပ်၌တည်ရှိကာ အုတ် ဆင်ရုပ်ကြီးနှစ်ကောင်ကို အစွဲပြုကာ ထိုနေရာကို “ဆင် ကြီးနှစ်ကောင်” ဟု ခေါ်ဝေါ်ကြသည်။ အိမ်တော်ရာ ဘုရားကို မန္တလေးမြို့တည်၊ နန်းတည်နှစ်မတိုင်မီ ၁၂၀၉ ခုနှစ်တွင် ပုဂံမင်းက သူ၏အိမ်တော်နေရာတွင် တည်ထား ကိုးကွယ်ခဲ့ခြင်းဖြစ်သည်။

ဆင်တံတားမှာ အိမ်တော်ရာ စေတီတော်ကြီးပြီးမှ တည်ဆောက်ခြင်းဖြစ်ပြီး တံတား ဒါယကာမှာ “နိဗ္ဗာနပစ္စယနာဂဆဒ္ဒန်ဆင်မင်း” ကြီးဖြစ်သည်။ ထိုဆင်မင်းမှာ ဘိုးတော်ဘုရားလက်ထပ်တွင် ဟံသာဝတီတောင်ဘက် နိဗ္ဗာန်ရွာ၏ အရှေ့ဘက် ကုန်းသာယာအမည်ရှိ တောတွင်းမှ ဖမ်းယူရရှိပြီး တစ်ကိုယ်လုံး ဆွတ်ဆွတ်ဖြူသော ဆင်ဖြူတော်ဖြစ်သည်။ ပုဂံမင်းက အိမ်တော်ရာစေတီတော် တည်ထားပြီးနောက် ၁၂၁ဝ ခုနှစ်တွင် ဆင်မင်းပိုင်ငွေတော်များဖြင့် အုတ်တံတားကြီး တည်ဆောက်ကာ တံတားဦးတွင် အုတ်ဆင်ရုပ်ကြီး နှစ်ရုပ် တည်ဆောက်ပြီး အလှူတော်ပြုလုပ်ပေးခဲ့ ၏။

အိမ်တော်ရာထီး၊ ထိုဆင်တံတားပေါ်တွင် ယခင်က မန္တလေးမြို့၏ နာမည်ကြီး အိမ်တော်ရာထီးများကို ထုတ်လုပ်ရောင်းချ ခဲ့သည်။ အိမ်တော်ရာထီးသည် ရဟန်းဆောင်း၊ လူ ဆောင်းသာမက မိန်းမပျိုကလေးများပင် နှစ်သက်စွာ ဆောင်းကြသည်။ အိမ်တော်ရာထီးကို တစ်ပြည်လုံး ကျယ်ပြန့်စွာရောင်းချရသဖြင့် ထီးရိုးပြုလုပ်သော လုပ်ငန်းအစုအဝေးကြီးပင် ရှိခဲ့ဖူးသည်။ ထိုနေရာကို ထီးရိုးဝင်းဟု ခေါ်တွင်ခဲ့၏။

ယခုအိမ်တော်ရာထီး ပျောက်ကွယ်ခဲ့သည်မှာ ကြာပေပြီ။ ယခုတိုင်မန္တလေးတွင် အခိုင် အမာတည် ရှိနေဆဲဖြစ်သော ပွဲစားကုန်သည် စက်ပိုင်များ၏ ကထိန်တော်အသင်းကြီးသည် ၁၉၃ဝ ဝန်းကျင်ကာလ များက အိမ်တော်ရာ ဆင်ကြီး နှစ်ကောင်အနီး ပွဲစားကြီး ဦးသန့်အိမ်တွင် စတင်ဖွဲ့စည်းတည်ထောင်ခဲ့ခြင်း ဖြစ်သည်။

ညပိုင်းတွင်လည်း ဈေးချိုတော်ရုံကြီး ၁၂ရုံနှင့် တိုက် တန်းကြီးကြားတွင် ညဈေးတန်းတည်ရှိခဲ့သည်။ နေ့ခင်း ပိုင်း မအားလပ်သဖြင့် မဝယ်ခြမ်းရသူများ ဈေးချို ညဈေး တန်းတွင် စိတ်ချလက်ချ ဝယ်ယူနိုင်သည်။ အနယ်နယ် အရပ်ရပ်သာမက နိုင်ငံတကာအထိ စိတ်ဝင်စားခဲ့သော ညဈေးတန်းကြီးဖြစ်သည်။

ဈေးရပ်ကွက်ကြီး၊ ဈေးချိုတော်၏ မြောက်ဘက် ၂၅လမ်းနှင့် ၂၆ ဘီ လမ်းကြား၊ ၈၆လမ်း ရွှေတချောင်းမြောင်း အရှေ့ဘက် တွင်လည်း မန်းသီရိဈေးဟူ၍ တည်ရှိခဲ့၏။ ယခင်က ပင်လယ်ငါးနှင့် အသားငါးကုန်ခြောက်ဈေးကြီး ဖြစ် သည်။ ယခုအခါ အထပ်မြင့်ဈေးကြီး တည်ဆောက်ပြီး ဖြစ်သည်။ ဈေးချိုတော် တိုက်တန်းကြီး၏ အရှေ့ဘက် ၂၅လမ်းမှ ၂၈လမ်းကြား၊ ၈၃လမ်းမှ ၈၄လမ်းကြားတွင် ဆောက်လုပ်ရေး ကုန်မာပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများ၊ ဒီဇယ်အင်ဂျင် နှင့် ရေစုပ်စက်ပစ္စည်းများ ရောင်းချကြသည့် ဆိုင်ခန်းကြီး များ တည်ရှိကြသည်။

ယခင်က ၂၇ လမ်းနှင့် ၂၈လမ်းကြား၊ ၈၃ လမ်းနှင့် တောင်ဘက် တိုက်တန်းကြီးကြားတွင် သေတ္တာဝင်းဟု တည်ရှိခဲ့ပြီး ထင်းရှူးသေတ္တာများ၊ ကုန် ပစ္စည်းထည့် အသားကြမ်းသေတ္တာများ ပြုလုပ်ရောင်းချ ကြသည်။ ဈေးချိုတော်ကြီးကို ဗဟိုပြု၍ မြောက်မှ တောင် ဘက် ၂၅လမ်းမှ လမ်း၃ဝ အတွင်း၊ အရှေ့မှ အနောက် သို့ ၈၃လမ်းမှ ၈၈လမ်းအတွင်း နေရာကြီးသည် ဈေး ရပ်ကွက်ကြီးဖြစ်ခဲ့၏။ ၂၉လမ်းရှိ ဝါးတန်းရပ်သည်လည်း ဈေးလမ်းမကြီးဖြစ်သည်။ သကျသီဟဘုရား အနီးတွင် လည်း ပွဲရုံတန်း၊ ဆန်တန်းများ တည်ရှိသည်။ အဆိုပါ ဈေးရပ်ကွက်ကြီးလည်း မလွန်ဈေးရပ်ကွက်ကြီးနှင့် တစ်ဆက်တည်း ဖြစ်သွား၏။

မန္တလေးမြို့၏ စီးပွားရေးအချက်အချာ၊ ထို့ကြောင့် မလွန်ဈေးနှင့် ဈေးချိုတော်ကြီးသည် မန္တလေးမြို့၏ စီးပွားရေးအချက်အချာ အသည်းနှလုံး ဖြစ်သည်။ မန္တလေးမြို့၏ စီးပွားရေးရေချိန်ကြီး ဖြစ်ခဲ့ သည်။ မြန်မာလူမျိုးတို့၏ စီးပွားရေးအတက်အကျ ပြဒါး တိုင်လည်း ဖြစ်ခဲ့သည်။ မြို့တည်ကတည်းက တည်ရှိခဲ့ သော အခင်းအကျင်းဖြစ်သဖြင့် ထိုရပ်ကွက်ကြီးများ၊ ဈေးကြီးများ၏ လူမှုဆက်ဆံရေးများသည် မြန်မာ့လူမှု ဆက်ဆံရေးစစ်စစ်ဖြစ်ခဲ့သည်။

ထို့ကြောင့် ဈေးချို တော်ရုံကြီး ၁၂ ရုံအတွင်းရှိ ဆိုင်ခန်းများမှာ အခန်းမရှိ၊ အကာမရှိ၊ အကန့်မရှိ။ ဟိုဘက်ဆိုင် ဒီဘက်ဆိုင် လှမ်းမြင် နေရသည်။ ဘိုးဘွားမှအစ သားသမီးမြေးမြစ်အထိ ပိုင်ဆိုင်မှုမပြောင်းလဲသဖြင့် အစဉ်အဆက် မိသားစု သဖွယ် ဖြစ်သည်။ ဤသို့ဖြင့် ဈေးရုံတစ်ရုံလုံး မိသားစုဖြစ်၏။ ဈေးရုံတစ်ရုံလုံးသာမက ဈေးချိုတော်ကြီးတစ်ခုလုံးကလည်း မိသားစုများပင် ဖြစ်ခဲ့သည်။

၁၉ရာစု ကနဦးအစက ဗိသုကာ၊ ထို့ကြောင့် ဈေးချိုတော်ရုံကြီး ၁၂ ရုံ၏ သက်တမ်း ၉ဝ အတွင်း (၁၉၀၉ ခုနှစ်မှ အဆိုပါရှေးဟောင်းဈေးရုံကြီးများ စတင်ဖျက်သိမ်းသည့် ၁၉၉၁ ခုနှစ်အတွင်း) ဈေးချိုမှ စတင်၍ ကြီးကြီးမားမားမီးဘေးမရှိခဲ့။ ကြီးကြီးမားမား ဆုံးရှုံးမှုမရှိခဲ့။ ယုတ်စွအဆုံး စစ်ကြီးအတွင်းမှာပင် ဈေးချို တော်က ဘေးမသင့်ခဲ့ပေ။ ၁၉ရာစု ကနဦးအစက ဗိသုကာ သည် ရေမြေဒေသနှင့်အညီ ခေတ်မီစနစ်ကျလှပါပေ၏။

၁၉၀၂ ခုနှစ် ဧပြီလ ၁၂ရက် (သက္ကရာဇ် ၁၂၆၃ခု တန်ခူး လဆန်း ၅ရက်) မီးကြီးလောင်၍ ယခင်သစ်သား ဈေးချို အဆောက်အအုံကြီး မီးသင့်သောကြောင့် ထိုကဲ့သို့ စနစ် ကျသော အုတ်တိုက်ဈေးချိုတော်ကြီး တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ ဒုတိယကမ္ဘာစစ်ကာလကြီးမှာပင် ထိုဈေးချိုကြီး မီးဘေးမသင့်ခဲ့။ ၁၉၉ဝ ခုနှစ်က ဖျက်သိမ်းလိုက်မှသာ နိဋ္ဌိတံခဲ့ခြင်းဖြစ်သည်။ (TheMandalayNewsJournal)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page