ဂြိုလ်သားရုပ်ရှင်ကြိုက်တဲ့ အာနန္ဒာဘုရား ဂေါပကအဖွဲ့နဲ့ ပျက်စီးတော့မယ့် နှစ် ၉၀၀ ကျော် စဉ့်ထည်များ
အာနန္ဒာဘုရား တောင်ဘက်မုခ်၊ အရှေ့ဘက်ခြမ်းက စဉ့်ထည် ၆၄ ချပ်ကို သင်္ဘောဆေးသုတ်ထားတာတွေ့ရတယ်။ ပုဂံခေတ် ပိသုကာဟန်မှာ စဉ့်ထည်ဆိုတာ ရှားပါးပစ္စည်း။ ထီးလှိုင်မင်း (ကျန်စစ်သား) လက်ထက်မှာ စဉ့်ထည်ဆိုတာ ထီးသုံး နန်းသုံးလို့ပြောရမယ်။ စဉ့်ထည်သုံးနိုင်တာ ဘုရင် နှင့် မိဘုရားတွေသာလို့ပြောလို့ရတယ်။ အကုန်ကျလည်းများပုံရတယ်။ လူတိုင်းမသုံးနိုင်ဘူး။
ဘုရားတွေရဲ့ ပစ္စယံတွေကိုအလှဆင်တဲ့နေရာမှာ ၅၅၀ ဇာတ်နိပါတ်တော်နဲ့ အလှဆင်ကြတယ်။ ဘုရားတွေများလှပါတယ်ဆိုတဲ့ ပုဂံမှာ ၅၅၀ ဇာတ်နိပါတ်တော် စဉ့်ထည်တွေတွေ့ရတာ ၃ ဆူတည်းပါ။ အဲ့ဒါ အာနန္ဒာ၊ မင်္ဂလာစေတီ နှင့် ဓမ္မရာဇက။
စည့်ထည်တွေဖောဖောသီသီသုံးပီး အလှဆင်တာ ရှေးအကျဆုံးဖြစ်တဲ့ ထီးလှိုင်မင်းရဲ့ အာနန္ဒာဘုရား။ အောက်- အလယ် နှင့် အထက်ပစ္စယံတွေမှာ အလှဆင်ပီးသုံးသွားတယ်။ နဂါးရုံဘုရားမှာတောင် အထက်ပစ္စယံမှာ စိန်တောင်လေးတွေအဖြစ်စမ်းသုံးနိုင်သေးတာ။ ထားတော့။ ခုပြောမှာ စဉ့်ထည်တွေအကြောင်းမဟုတ်ပါ။
ပုဂံမှာ ၅၅၀ ဇာတ်နိပါတ်တော်တွေရှိတဲ့ ဘုရား ၃ ဆူမှာ အပြည့်စုံဆုံးအကောင်းဆုံးအဖြစ်ကျန်နေသေးတာ အာနန္ဒာဘုရားသာဖြစ်ပါတယ်။ သို့ပေမယ့် ဘုရားဂေါပကဟာ ဟောလိဝုတ်ရုပ်ရှင်ကား အဗာတား ကားသိပ်ကြိုက်ဟန်တူပါတယ်။ အာနန္ဒာဘုရားတောင်ဘက်မုခ်၊ အရှေ့ဘက် အခြမ်းက စဉ့်ထည် ၆၄ ချပ်ကို သင်္ဘောဆေး အပြာရောင်တွေသုတ်ထားတာတွေ့ရတယ်။ ဆေးသုတ်မခံရတာ ၂ ချပ်ဖဲကျန်တယ်။
အားလုံးသိတဲ့အတိုင်း သင်္ဘောဆေးဆိုတာ ဓာတုဗေဒ ဓာတ်ပေါင်းပါတယ်။ ရှေးပစ္စည်းနဲ့ ဘယ်လိုမှ မသင့်တော်ပါ။ ရှားပါးပီး တန်ဖိုးကြီးတဲ့ ဒီလိုစဉ့်ထည်တွေအပေါ်မှာ ဘာကြောင့်ဆေးသုတ်တယ်ဆိုတာ တကယ်ကိုနားမလည်နိုင်ပါ။ တော်တော်မိုက်မဲတဲ့လုပ်ရပ်ပါလို့ပြောရမယ်။
အဗားတား ရုပ်ရှင် ပထမကားထွက်ပီးကတည်းက သုတ်တာလား၊ အခု ဒုတိယကားထွက်မှ သုတ်တာလား ကျနော်မသိပါ။ ဘုရားတစ်ဆူးလုံးရဲ့ အောက်ပစ္စယံပတ်ပတ်လည်မှာရှိတဲ့ စဉ့်ထည်တွေအကုန်လုံးကို ဆေးသုတ်မခံရအောင် အချိန်မီတားဆီးနိုင်ကြပါစေဗျာ။
ပုံတွေက ဒီဇင်ဘာ ၂၄ ရက်နေ့ ၊ ၂၀၂၂ ခုနှစ်မှာရိုက်ထားတာ။ မှတ်တမ်းကျန်အောင် ပုံတွေပါတင်ပေးလိုက်ပါတယ်။ (Zay Myo Lin)