ရန်ကုန်နဲ့ မန္တလေးကို အချိန် (၈) နာရီပဲ ကြာမြင့်မယ့် မြန်နှုန်းမြှင့် ရထား ပြေးဆွဲတော့မယ်

ရန်ကုန်-မန္တလေး မီးရထားလမ်းမှာ မြန်နှုန်းမြှင့် ရထားတွေကို မကြာခင် စတင်ပြေးဆွဲတော့မှာ ဖြစ်တယ်လို့ မြန်မာ့မီးရထားက သတင်းထုတ်ပြန်လိုက်ပါတယ်။

ဇန်နဝါရီလ ၂၄ရက်နေ့မှာ ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ပိန်းဇလုပ်မြို့မှ ကျောက်တံခါးမြို့နယ်၊ တောကျွဲအင်းမြို့အထိ အဆန်ရထားလမ်းသစ်မှာ ရထားတွဲဆိုင်းအသစ်ဖြင့် တစ်နာရီလျှင် ကီလိုမီတာ ၁၀၀ နှုန်း စမ်းသပ်ပြေးဆွဲမှာ ဖြစ်တယ်လို့ မြန်မာ့ရထား တာဝန်ရှိသူတဦးက ပြောပါတယ်။

စမ်းသပ်ပြေးဆွဲမှု ပြီးစီးပါက မြန်နှုန်းမြှင့် ရထားတွေကို ရထားသံလမ်းသစ်ပေါ်မှာ ပြေးဆွဲတော့မှာဖြစ်တဲ့အတွက် ရထားသံလမ်းဘေးတစ်လျှေက် နေထိုင်နေတဲ့ ပြည်သူများနဲ့ ရထားသံလမ်းကူးတွေကို ဖြတ်သန်းသွားလာတဲ့ ပြည်သူများ မလိုလားအပ်တဲ့ မတော်တဆမှုများ မဖြစ်ပွားစေဖို့ အထူးဂရုပြု ဖြတ်သန်းသွားလာကြဖို့ မြန်မာ့မီးရထားက သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။

ထို့ပြင် တရားမဝင် ရထားလမ်းကူးများမှ ဖြတ်သန်းသွားလာခြင်းနဲ့ မော်တော်ယာဉ်များ မောင်းနှင်ခြင်းမပြုကြရန်၊ ရထားသံလမ်းပေါ်မှာ ကျွဲနွားများ ထိန်းကျောင်းခြင်း၊ အဝတ်များလှန်းခြင်းနဲ့ ကလေးများ ဆော့ကစားခြင်း မပြုလုပ်ကြရန်၊ ဖြတ်သန်းသွားလာမယ့်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များနဲ့ ပြည်သူများအနေနဲ့ သတ်မှတ်ထားတဲ့ သတိပေးဆိုင်းဘုတ်များနဲ့ တာဝန်ရှိသူများရဲ့ အချက်ပြများကို အလေးထား လိုက်နာကြစေဖို့ မြန်မာ့မီးရထားက အသိပေးကြေညာထားပါတယ်။

ရန်ကုန်-မန္တလေး မီးရထားလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်းကို ဂျပန်နိုင်ငံရဲ့ ချေးငွေနဲ့ ရန်ကုန်မှ မန္တလေးလမ်းပိုင်းကို အပိုင်းနှစ်ပိုင်းခွဲပြီး ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။

လုပ်ငန်းများ အားလုံး ဆောင်ရွက်ပြီးစီးပါက ရန်ကုန်မှ တောင်ငူအထိ ၃ နာရီခွဲနဲ့ မန္တလေးအထိ ၈ နာရီ သာ ကြာမြင့်တော့မှာ ဖြစ်တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page