အရင်းအနှီး နည်းနည်းနဲ့ လုပ်ငန်းစမယ့်သူတွေ မသိမဖြစ် သိထားသင့်တဲ့ နည်းလမ်း (၈) ခု

စွန့်ဦးတီထွင်လုပ်ငန်းရှင်များဟာ အောင်မြင်နိုင်လောက်တဲ့ စီးပွားရေးအိုင်ဒီယာများ ရှိတတ်ကြပါတယ်။ ဒါပေမယ့် ရင်းနှီးမြုပ်နှံနိုင်တဲ့ စွမ်းအားမရှိတာကြောင့် ရှေ့မဆက်ကြတော့ပါဘူး။ သူတို့မှာ ရင်းနှီးငွေ မရှိရင်ပဲ ခြေတလှမ်းတောင်မှ ဆက်မလှမ်းနိုင်တော့ဘူးလို့ ယူဆကြပါတယ်။

နေ့စဉ်နေ့တိုင်း လုပ်ငန်းသစ်များဟာ ဒေါ်လာ မီလျံနဲ့ချီပြီးတော့ စွန့်စားရင်းနှီးတဲ့လုပ်ငန်းတွေကနေ ငွေကြေးအရင်းအနှီးတွေ ရနေကြပါတယ်။ ဒါပေမယ့် သင်မကြားလိုက်တာကတော့ လုပ်ငန်းတစ်တော်တော်များများဟာ အချိန်အတိုင်းအတာတစ်ခုအတွင်းမှာ ကျရှုံးသွားပြီးတော့ ရင်းနှီးထားတဲ့ မီလျံချီဒေါ်လာတွေဟာလည်း မီးရှို့လိုက်သလို ဆုံးရှုံးသွားပါတယ်။

သင့်မှာ ငွေဘယ်လောက်ရှိရှိ ပထမချင်းအိုင်ဒီယာနဲ့ အလုပ်လုပ်ဖို့ စီမံကိန်းချတာသာ မကောင်းခဲ့ရင် အဲဒီငွေတွေဟာ သင့်ကို အောင်မြင်အောင် လုပ်ပေးနိုင်မှာမဟုတ်ပါဘူး။ အိုင်ဒီယာကောင်းကောင်းရှိတယ်၊ ဒါပေမယ့် ငွေနည်းနည်းပဲရှိတယ်ဆိုရင် ဘယ်လိုလုပ်မလဲ။ ဒီအကြောင်းလေးနဲ့တော့ သင့်အိပ်မက်တွေကို ရပ်မပစ်လိုက်ပါနဲ့။

အိပ်ချိန်မရလိုက်တဲ့ နေ့တွေလည်း ရှိကောင်းရှိမယ်။ စိတ်ဖိစီးမှုတွေလည်း အလူအလိမ့် ခံစားမယ်။ ဒါပေမယ့် လိုချင်စိတ်ပြင်းပြနေရင်တော့ တချိန်မှာ ဖြစ်လာမှာပါ။ လုပ်ငန်းသစ်စတင်ဖို့အတွက် အကန့်အသတ်ရှိတဲ့ ရင်းနှီးငွေနဲ့ အလုပ်ဖြစ်မယ့် နည်းလမ်းကောင်းရှစ်ခုကို ဖော်ပြပေးထားပါတယ်-

၁။ သင်ကောင်းကောင်းသိတဲ့ အလုပ်ကိုလုပ်ပါ။ သင် သိပ်မကျွမ်းကျင်တဲ့ နယ်ပယ်က အလုပ်ကို စွန့်စားပြီးစတင်မယ့်အစား သင်သေချာသိတဲ့၊ ကျွမ်းကျင်မှုရှိတဲ့ လုပ်ငန်းကို လုပ်ဖို့ကြိုးစားပါ။

အပြင်ကိုအားကိုးနေရတာ လျော့နိုင်လေ သင့်အတွက် ကောင်းလေပါပဲ။ သင်ကျွမ်းကျင်ပြီးသား အလုပ်ကိုသာလုပ်မယ်ဆိုရင်တော့ အတိုင်ပင်ခံခလျော့ချနိုင်သလို ကုန်ကျစာရိတ်လည်း လျော့နိုင်မှာပါ။

စွန့်ဦးတီထွင်လုပ်ရတဲ့ လုပ်ငန်းအောင်မြင်ဖို့အတွက် ကျွမ်းကျင်မှုတခုတည်းက လုံလောက်တဲ့ အရင်းအနှီးဖြစ်နေ တတ်ပါတယ်။

၂။ သင်ဘာလုပ်နေလဲဆိုတာ အားလုံးကို ကြေငြာပါ။

သင့်ရဲ့ မိသားစု၊ မိတ်ဆွေ၊ သူငယ်ချင်း၊ လုပ်ဖော်ကိုင်ဖက် စတဲ့သူတွေအားလုံးကို သင့်ရဲ့ လုပ်ငန်းသစ်အကြောင်း ပြောပြပါ။ ဖုန်းခေါ်ပါ၊ မတ်ဆေ့ချ်ပို့ပါ။ သင့်ရဲ့ ဆိုရှယ်မီဒီယာပေါ်မှာ တင်ပါ။

သင့်ရဲ့ သူငယ်ချင်းတွေနဲ့ မိသားစုကလည်း သင့်ရဲ့လုပ်ငန်းအကြောင်း တခြားသူတွေကို ထပ်ဆင့်ပြောပြနိုင်ကြပါတယ်။ ဒီ အခြေခံကျတဲ့ မားကက်တင်းနည်းလမ်းက သင့်အကြောင်းကို လူအများကြီး သိသွားစေနိုင်ပါတယ်။

၃။ မလိုအပ်တဲ့ အသုံးအစွဲတွေ လျော့ချပါ။

သင်ကုန်ကျစရာတွေ အများကြီး ရှိနေမှာပါ။ အဲဒီအထဲမှာ တချို့ကုန်ကျစာရိတ်တွေက ရှောင်လွှဲလို့ကို မရပါဘူး။ သင်ရှောင်လွှဲလို့ရတာကတော့ ပိုမသုံးမိဖို့ပါပဲ။

ဥပမာ – သင့်ရဲ့ လိပ်စာကဒ်ကို ကြည့်ပါ။ ဒေါ်လာ ၁၀၀၀ လောက်သုံးလို့ သတ္တုနဲ့လုပ်ထားတဲ့ လိပ်စာကဒ် ၅၀၀ ကိုလုပ်မလား (ဒါမှမဟုတ်) ဆယ်ဒေါ်လာလောက်ပဲကုန်မယ့် ပုံမှန်လိပ်စာကဒ် ၅၀၀ ကိုယူမလား။ ချွေချွေတာတာနဲ့ စတင်ခြင်းက အောင်မြင်မှုနဲ့ ကျရှုံးမှုကို ကွဲပြားစေနိုင်မှာပါ။

၄။ အကြွေးဝယ်ကဒ်တွေကြောင့် အကြွေးနွံမနစ်ပါစေနဲ့။

အကြွေးဝယ်ကဒ်တွေဟာ လုပ်ငန်းသစ်စလုပ်တဲ့အခါမှာ စမတ်ကျကျသုံးတတ်ရင် အတော်အသုံးဝင်သလို အသုံးမတတ်ရင်တော့ ကိုယ့်ကိုကိုယ်သတ်သေတာနဲ့ တူနေပါတယ်။

ရုံးသစ်လုပ်ဖို့အတွက် ကွန်ပျူတာတွေ၊ ပရိဘောဂပစ္စည်းတွေ၊ ဖုန်း နဲ့ အခြားသော အသုံးအဆောင်တွေ တခဏအတွင်း လိုအပ်လာမှာပါ။ ဒီ ကုန်ကျစာရိတ်အားလုံးကို အကြွေးဝယ်ကဒ်နဲ့ တပြိုင်နက်ဝယ်လိုက်မယ့်အစား ကုမ္ပဏီရဲ့ ဝင်ငွေပေါ်မူတည်ပြီး ဖြည်းဖြည်းချင်းဝယ်ယူသင့်ပါတယ်။

အကြွေးကြောင့်ရလာမယ့် စိတ်ဖိစီးမှုနဲ့ ပင်ပန်းမှုတွေသာမရှိရင် လုပ်ငန်းအောင်မြင်ဖို့ ရာခိုင်နှုန်းပိုများပါလိမ့်မယ်။

၅။ ငွေလက်ခံတဲ့ ပုံစံကြောင့် ဒုက္ခမရောက်ပါစေနဲ့။

ဝန်ဆောင်မှုပေးတဲ့လုပ်ငန်းပဲဖြစ်ဖြစ်၊ လက်လီရောင်းချတာပဲဖြစ်ဖြစ် ငွေလက်ခံပေးချေမှုပုံစံကို သေသေချာချာ စနစ်တကျလုပ်ထားသင့်ပါတယ်။

သင့်လုပ်ငန်းဟာ တလ၊ နှစ်လလောက်အထိ ငွေမဖော်နိုင်သေးပဲ ရပ်တည်နိုင်ပါသလား။ ဖောက်သည်တွေ ပေးလိုတဲ့အတိုင်းမလုပ်ဘဲ ကိုယ့်လုပ်ငန်းအဆင်ပြေမယ့် ပုံစံကိုလုပ်မယ်ဆိုရင် သင့်အတွက် ပိုပြီးအကျိုးရှိပါလိမ့်မယ်။

၆။ နဖူးကချွေး ခြေမကျလောက်တဲ့အထိ ကြိုးစားမှုနဲ့ အရင်းတည်ပါ။

ကျွန်တော်ရဲ့ ကိုယ်ပိုင်လုပ်ငန်းတစ်ခု စလုပ်တုန်းက ကျွန်တော် အချိန်ပြည့်လုပ်ခဲ့ပါတယ်။ အချိန်ပြည့်ဆိုတာ နံနက် ၉ ညနေ ၅ မဟုတ်ပါဘူး။ အိပ်ချိန်ကလွဲလို့ ကျန်တဲ့အချိန်အားလုံးပါ။ လုပ်ရတာတွေက အစုံပါပဲ။ မားကက်တင်းလုပ်ရသလို စာရင်းဇယားတွေကော၊ ဈေးညှိနှိုင်းမှုတွေပါ လုပ်ရပါတယ်။ အဲလို ရေကုန်ရေခမ်းကြိုးစားရခြင်းက အချည်းနှီးတော့ မဟုတ်ပါဘူး။ သင်ဟာ အမှတ်တံဆိပ်တစ်ခုကို တည်ဆောက်နေတာပါ။

သင်ကြိုးစားလေလေ သင့်ရဲ့တန်ဖိုးက တက်လာလေလေပါပဲ။ သင့်ရဲ့ ကုမ္ပဏီကို ရောင်းတော့မယ် ဒါမှမဟုတ် ပါတနာတစ်ယောက်နဲ့ လက်တွဲလုပ်ဖို့ ကမ်းလှမ်းတော့မယ်ဆိုရင် သင့်ရဲ့ ချွေးနဲ့ကြိုးစားမှုတွေဟာ ရုပ်လုံးပေါ်လာပါလိမ့်မယ်

၇။ ကြော်ငြာနဲ့ မားကက်တင်း အခမဲ့လုပ်လို့ရမယ့် နည်းလမ်းတွေကို အသုံးချပါ။

ငွေကြေးအလွန်အကျွံသုံးစွဲစရာမလိုအပ်ဘဲ သင့်လုပ်ငန်းကို လူသိအောင်လုပ်လို့ရတဲ့ နည်းလမ်းတွေရှိပါတယ်။ ဆိုရှယ်မီဒီယာ ဥပမာ ၊ ၊ များဟာ အလားအလာရှိတဲ့ ဖောက်သည်များနဲ့ ထိတွေ့မှုရအောင်လို့ ကူညီနိုင်ပါတယ်။

သင်ဟာ ဒေသခံမီဒီယာတွေနဲ့ ဆက်သွယ်ပြီးတော့ သင်ကျွမ်းကျင်တဲ့အရာတွေကို လူတွေသိအောင် ဗဟုသုတပေး ဒါမှမဟုတ် သင်ကြားပေးတဲ့ပုံစံမျိုးနဲ့လည်း သင့်ကိုယ်သင်ကြော်ငြာလို့ရပါတယ်။

၈။ အကြမ်းပတမ်းခံနိုင်ဖို့ ကြိုတင်ပြင်ဆင်ထားပါ။

ကြိုးကြိုးစားစားလုပ်ရတာဟာ တကယ့်လိုအပ်တဲ့အရာပါ။ သင့်ဟာ ငွေကြေးအရင်းအနှီးမရှိဘဲ စီးပွားရေးတစ်ခုကို စလုပ်တော့မယ်လို့ စဉ်းစားလိုက်ပြီဆိုတာနဲ့ လုပ်ငန်းအောင်မြင်ဖို့ သင့်မှာရှိသမျှ ခွန်အားတွေကို အသုံးချရတော့မှာပါ။

ဖောက်သည်အသစ်တွေနဲ့ စကားပြောဆိုရခြင်း၊ ဖောက်သည်လိုအပ်တာတွေကို ပြင်ဆင်ပေးရခြင်း၊ ငွေပေးချေရခြင်း၊ စာရင်းဇယားတွက်ချက်ရခြင်း စတာတွေ အားလုံးလုပ်ဖို့ ပြင်ဆင်ထားပါ။ ခွန်အားတွေ အချိန်တွေ ပေးဆပ်ရမယ့် အလုပ်အစုံကို သင်လုပ်ရတော့မှာပါ။

ငွေသိပ်မရှိလို့ သင့်အိုင်ဒီယာကို အကောင်အထည်မဖော်နိုင်ဘူးဆိုတာမျိုး အဖြစ်မခံပါနဲ့။ ခက်ခဲမှာလား၊ စိတ်ပင်ပန်းမှာလားလို့ မေးရင်၊ မပူပါနဲ့။

ဖြစ်ကိုဖြစ်မှာပါ။ ဒါဟာ စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေ သွားရမယ့် ခရီးလမ်းတစ်ခုပဲဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page