အလုပ်ရှိရင် ထမင်း လုံးဝ မငတ်တဲ့ အမေရိကန်မှာ အားနာပြီး အချင်းချင်း ငွေချေးလို့ မရတဲ့ အကြောင်းရင်း

အမေရိကန်မှာ အရေးပေါ်ငွေ လိုအပ်လို့ သိကျွမ်းတဲ့ သူငယ်ချင်းတွေဆီက ငွေချေးချင်လို့ မရပါ။ အားနာနာနဲ့ ငွေထုတ်ချေးသူ မရှိပါ။

အကြောင်းကတော့ ဒီမှာက ငွေကြေး တန်ဖိုးဟာ တကယ့်ကို တန်ဖိုးရှိတဲ့ အရာ ဖြစ်နေလို့ပါ။ အမေရိကန်နိုင်ငံကိုရောက်နေတဲ့ လူတိုင်းနီးနီးဟာ အိမ်ဝယ်ထားလို့ ၊ ကားအသစ်ဝယ်ထားလို့ ၊ ကွန်ပျူတာ အသစ်ဝယ်ထားလို့ ၊ ဖုန်းအသစ် ဝယ်ထားလို့ ၊ အိမ်သုံးပစ္စည်းတစ်ခုခု ဝယ်ထားလို့ ၊ လိုချင်တာတစ်ခုခုကို အတောမသတ်နိုင်အောင်ဝယ်ထားအတွက် လူတိုင်းလိုလို ဘဏ် အကြွေးက ရှိနေတတ်တယ်။

ဒီတော့ ဘဏ်အကြွေးကို လတိုင်းဆပ်နေကြရတယ်။ လူတိုင်း အကြွေးနဲ့ မကင်းကြတဲ့အတွက် လူတိုင်းမှာ ငွေပိုဆိုတာ မရှိတတ်ကြပါ။ ဒါကြောင့် တစ်ယောက်နဲ့ တစ်ယောက် ငွေချေးလို့ မရပါ။

နောက်တစ်ခုက တစ်ယောက် နဲ့ တစ်ယောက် ရင်းနှီးလို့ လက်တို့ပြီး ငွေချေးတာဟာ တရားဥပဒေနဲ့ မညီတဲ့အတွက် ပေါက်ကြားသွားရင်နှစ်ဦးနှစ်ဖက်စလုံး တရားစွဲတာ ခံရနိုင်တယ်။ ဒါကြောင့်လည်း ခင်မင်ရင်းနှီးတယ်ဆိုပြီးငွေချေးလို့ မရပါ။

ဒီမှာက တရားဥပဒေအလွန်စိုးမိုးပါတယ်။ ငွေချေးလို့ ရနိုင်တဲ့နေရာ တစ်ခုတော့ ရှိတယ်။ အဲဒါကတော့ ဘဏ်ပါပဲ။ ဘဏ်က အတိုးစားချင်တဲ့အတွက် ငွေထုတ်ချေးပါတယ်။ ဒီလို ထုတ်ချေးဖို့အတွက်တော့ ငွေကြေးနဲ့ပတ်သက်တဲ့ နာမည်ပျက်မရှိရပါ။ ကိုယ့်ဆီမှာ ခိုင်လုံတဲ့ သက်သေအထောက်အထားတွေ ရှိရမယ်။ ငွေ ပြန်ဆပ်နိုင်တဲ့ အလုပ်အကိုင်ရှိရမယ်။ ဝင်ငွေ အနည်းအများပေါ်မူတည်ပြီး ဘဏ်က ငွေချေးပေးပါတယ်။

ဘဏ်တိုး အနည်းအများကလည်း ဘဏ်တစ်ခုနဲ့တစ်ခု မတူပါဘူး။ ကျနော်ဆီကို ဘဏ်လေးငါးခုက အိမ်ဝယ်ဖို့ငွေချေးမယ်ဆိုတဲ့ စာတွေ လစဉ်ရောက်ပါတယ်။ ကားအသစ်ဝယ်ဖို့ ဘဏ် ငါးခု ခြောက်ခုက ငွေချေးမယ့်စာတွေလစဉ် ရောက်နေပါတယ်။ ဒေါ်လာ တစ်သိန်းနဲ့အထက် ငွေချေးမယ့်စာတွေ စာတိုက်ပုံးထဲကတစ်ဆင့် အိမ်ကို ပုံမှန် ရောက်နေပါတယ်။

ဘာကြောင့်ဆိုတော့ ငွေကြေးနဲ့ပတ်သက်တဲ့ နာမည်ပျက် မရှိတာရယ်၊ ပြန်ဆပ်နိုင်တဲ့ အလုပ်အကိုင် ရှိတာရယ်ကြောင့်ပါ။ အဲဒီစာတွေကို လစဉ်ပုံမှန် အမှိုက်ပုံးထဲကို ထည့်နေရပါတယ်။ အကြောင်းကတော့ အကြွေးမရှိသူဟာ ကိုယ်၊စိတ် ချမ်းသာသူလို့ခံယူထားတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ နောက်တစ်ခုကတော့ အကြွေးရဲ့ဖိစီးမှုကို မခံချင်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာတော့ အချင်းချင်း ငွေချေးကြပါတယ်။ အဓိက အကြောင်းနှစ်ခုကို တွေ့ရပါတယ်။ တစ်ခုကတော့ အတိုးများများလိုချင်လို့ ငွေချေးတာပါ။ နောက်တစ်ခုကတော့ အားနာလို့ ချေးလိုက်တာပါ။ နှစ်ခုစလုံးမှာပြဿနာတွေ ကိုယ်စီ ရှိပါတယ်။ အတိုးများများလိုချင်လို့ ချေးသူတွေက ကိုယ့်လောဘနဲ့ ကိုယ် ဒုက္ခရောက်ပါတယ်။ အားနာလို့ ငွေချေးသူက ကိုယ့်ဒေါသနဲ့ ကိုယ် ဒုက္ခရောက်ပါတယ်။

အားနာတယ်ဆိုတာ သဘောကောင်းတာ မဟုတ်ပါဘူး။ တစ်ဖက်သားရဲ့ အထင်အမြင် သေးမှာကို ကြောက်တာပါ။ အဲဒီကြောက်တဲ့စိတ်ကြောင့် မရှိတဲ့ကြားထဲက ထုတ်ချေးလိုက်တာပါ။ ပြီးတော့ တစ်ချိန်လုံး ပူပန်ကြောင့်ကြနေရပါတယ်။ ပြောတဲ့အတိုင်း ဖြစ်မလာတော့ ဒေါသ ဖြစ်ရပါတယ်။ စိတ်ပျက်ရပါတယ်။ မိတ်ပျက်ရပါတယ်။ အားနာတဲ့စိတ်အခြေခံက စလိုက်တဲ့ကြောက်စိတ်ဟာ ကိုယ့်ငွေနဲ့ကိုယ် တောက်လျှောက် ဒုက္ခရောက်နေရတာပါ။ ကြောက်တာဟာ တရားကိုယ်အားဖြင့် ဒေါသ ပါပဲ။

အမေရိကန်နိုင်ငံမှာတော့ ငွေလိုချင်ရင် အလုပ်လုပ်ပါ။ အလုပ် ရှိရင် ငွေလည်း ရှိတယ်။ ပြီးရင် ဘာမဆို ရှိနိုင်တယ်။ အစိုးရက ဘယ်သူမဆို အလုပ်လုပ်နိုင်အောင် ဥပဒေနဲ့ အညီ အလုပ်တွေကို ဖန်တီးပေးထားတယ်။ အသက်( ၁၆ )က စပြီး ကျောင်းသူကျောင်းသားတွေအတွက် အချိန်ပိုင်း ( Part Time )အလုပ်တွေကို စတင်နိုင်အောင် စီစဉ်ထားတယ်။ အချိန်ပိုင်းအလုပ်က တစ်ပတ်ကို နာရီ ၂၀- ဝန်းကျင် လုပ်ခွင့်ရတယ်။ လခကို နာရီ နဲ့ သတ်မှတ်ထားတယ်။ အနည်းဆုံးလစာက တစ်နာရီ ၁၀-ဒေါ်လာဖြစ်တယ်။ ပြည်နယ်တစ်ခုနဲ့ တစ်ခုတော့ အနည်းအကျဉ်းကွာခြားပါတယ်။

အမေရိကန်နိုင်ငံမှာ အသက် ( ၆၅ )နှစ်မှာ ပင်စင်ပေးတယ်။ ကျန်းမာနေသေးရင် အချိန်ပိုင်း အလုပ်လုပ်နိုင်သေးတယ်။ အပိုဝင်ငွေ ရှာနိုင်သေးတယ်။ အချိန်ပြည့် ( Full Time ) အလုပ်တွေဟာ ကျန်းမာရေးဆိုင်ရာ အခွင့်အရေးတွေ အပြည့်အဝ ရပါတယ်။ သက်ပြည့်ပင်စင်ကလည်း အိုတဲ့အခါ စား၊ဝတ်၊နေရေးအတွက် လုံလုံလောက်လောက် သုံးစွဲနိုင်ပါတယ်..။

အချိန်ပြည့် (Full Time) အလုပ်တွေဆိုတာ တစ်နေ့ကို ရှစ်နာရီ၊ တစ်ပတ်ကို နာရီ ၄၀ သာလုပ်ရတယ်။ နှစ်ပတ်ကို တစ်ကြိမ် လခ ထုတ်ပါတယ်။ ဒီမှာက ငွေလိုချင်ရင် အလုပ်လုပ်ပါ ဆိုတာကို လူတိုင်းနားလည်အောင် လုပ်ထားတယ်။ လူတိုင်းရဲ့ အဖိုးတန်လုပ်အားတွေကိုလည်းနိုင်ငံတော် က ယူထားတယ်။ နိုင်ငံတော်က တန်ရာ တန်ဖိုးပြန်ပေးထားတယ်။

နိုင်ငံသားတွေရဲ့ လုပ်အားနဲ့တည်ဆောက်ထားတဲ့အတွက်ကြောင့် အမေရိကန်နိုင်ငံဟာ အတိုးတက်ဆုံးနိုင်ငံတစ်နိုင်ငံအဖြစ် ကာလတာရှည်စွာ ရပ်တည်နိုင်ခဲ့တာပါ။ အမေရိကန်နိုင်ငံဟာ နိုင်ငံသားတွေရဲ့ လုပ်အားနဲ့ နိုင်ငံကို သိက္ခာရှိရှိ တည်ဆောက်ခဲ့ကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page