မန္တလေးက မောင်ဇွဲဝေယံထွန်း ပျောက်ဆုံးခြင်းနဲ့ ပြန်လည်တွေ့ရှိခြင်း ဖြစ်စဉ် အပြည့်အစုံ

ပြီးခဲ့တဲ့ ဒီဇင်ဘာ (၁၁) ရက် မွန်း (၂) နာရီကျော်တွင် မန္တလေးမြို့ ၊ ချမ်းအေးသာစံမြို့နယ်၊ ရန်မျိုးလုံမြို့ရပ် ကွက် ၊ (၇၁) လမ်းနှင့် လမ်း(၃၀) ၊ (၃၁) လမ်းကြားရှိ မန္တလေးခရောစ့်ဆင့်မုန့်ဆိုင်မှ အသက် (၅) နှစ်နှင့် (၄) လအ ရွယ် မောင်ဇွဲဝေယံထွန်းသည် အဘိုး ၊ အဘွား ဖြစ်သူတို့နှင့် အတူရှိနေစဉ် ရုတ်တရက်ပျောက်ဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

မောင်ဇွဲဝေယံထွန်းသည် အခင်းဖြစ်ပွားသည့်နေ့က နေအိမ်အရှေ့တွင် ခုံဖြင့် ထိုင်ကာ ဆော့ကစားနေရာမှ ရုတ် တရက် ပျောက်ဆုံးသွားခြင်းဖြစ်ပြီး အနီးပတ်ဝန်းကျင်ရှိ စီစီတီဗီများမှတဆင့် ရှာဖွေခဲ့ကြတယ်လို့ သိရပါတယ်။

“ဘိုးအေဖြစ်သူက ကလေးကို ရေချိုးပေးမယ်ဆိုပြီး ကလေးကို အောက်ကိုခေါ်လိုက်တယ်။ ခေါ်ပြီးတော့မှ ဘိုး ဘိုး ဂျုံဇကာစစ်လိုက်ဦးမယ် ငါ့သားခဏထိုင်ဦးဆိုပြီး ပြောတော့ ကလေးက ထိုင်ခုံပေါ်မှာ ထိုင်ပြီး သေနတ်လေးနဲ့ ဆော့နေတယ်။ အဲလို ဆော့နေတဲ့ အချိန်မှာလည်း ဘွားအေဖြစ်တဲ့ ကိုယ်က “သားရေ ဇွဲရေ”ဆိုတော့ “ဗျာ”ဆိုပြီး ထူးတယ်။ သားအောက်မဆင်းနဲ့ဆိုတော့ “ဟုတ်” ဆိုပြီး ပြောတယ်။

ဆော့နေတဲ့ နေရာကလည်း အိမ်ပေါ်နဲ့ (၅) ပေတောင်မရှိဘူး။ ကပ်နေတာ ။ အဲဒီကနေ ​ဆော့​နေတဲ့သေနတ်သံပျောက်သွားလို့ ခေါ်တော့ မထူးတော့ဘူး။ အဲဒါနဲ့ အိမ်က သားငယ် မင်းတူလေး ထွက်ကြည့်ဦးဆိုပြီး ထွက်ကြည့်တော့ မရှိတော့ဘူး” ဟု မောင်ဇွဲဝေယံထွန်း၏ အဘွားဖြစ်သူက ကလေးစတင်ပျောက်ဆုံးပုံကို ရှင်းပြပါတယ်။

ပျောက်ဆုံးသွားတဲ့အတွက် အနီးပတ်ဝန်းကျင်ရှိ စီစီတီဗီများကို အကူအညီတောင်းကာ ပြန်လည်ကြည့်ရှုရာ ကလေးငယ်သည် တောင်ဘက်သို့ ပြေးထွက်သွားသည်ကို တွေ့ရှိရတဲ့အတွက် ကလေးပြေးထွက်သွားတဲ့ လမ်းထောင့်ရှိ စီစီတီဗီကို စစ်ဆေးကြည့်ရာ ကလေးငယ်ထွက်လာသည်ကို မတွေ့ရှိရတော့ပဲ စီစီတီဗီ နှစ်ခုရှိသည့်ကြားမှာ ပျောက်ဆုံး သွားခဲ့တာလို့ သိရပါတယ်။

မောင်ဇွဲဝေယံထွန်း ပျောက်ဆုံးမှုအတွက် ဖခင်ဖြစ်သူက လူမှုကွန်ရက်ပေါ်တွင် အကူအညီ တောင်းခံခဲ့ရာမှ သတင်းပျံ့နှံ့သွားပြီး တနိုင်ငံလုံးက ပြည်သူများက စိတ်ဝင်စား ဝမ်းနည်းခဲ့ကြပြီး အမြန် ပြန်လည်တွေ့ရှိဖို့ ဆုတောင်းခဲ့ကြပါတယ်။

ယနေ့ (၁၆-၁၂-၂၀၂၂) ရက်နေ့ မနက်မှာတော့ (၅) ရက်ကြာ ပျောက်ဆုံးနေတဲ့ မောင်ဇွဲဝေယံထွန်းကို ဘေးချင်းကပ်လျက် တိုက်ခန်းမှာ ပြန်တွေခဲ့တယ်လို့ မိသားစုဝင်အသိုင်းဝိုင်းကနေ သိရပါတယ်။ “အဲ့နေ့နေ့လယ်က ကလေးက အိမ်ရှေ့မှာ ဆော့နေတာ ပျောက်သွားတာနဲ့ အိမ်အနီးနားပတ်ဝန်းကျင်က စီစီတီဗီတွေကို ကြည့်တော့ ကလေးက အဲ့ဒီအိမ်ရှေ့က သစ်ပင်နားတင်ပျောက်သွားတာ လမ်းဘက်တွေ ထွက်သွားတာလည်း မတွေ့လိုက်ဘူး။

ဒီကနေ့မနက် ဘေးအိမ်က တယောက်က ဖုန်းဆက်လာတယ်။ မသင်္ကာလို့ ဒီအိမ်ထဲဝင်ရှာကြည့်စမ်းပါအုံးဆိုလို့ ဝင်ရှာတာ အပေါ်ထပ်က အခန်းထဲမှာ ကလေးကို စောင်ခြုံထားတဲ့အနေအထားနဲ့တွေ့တာပါ” လို့ မိသားစုဝင် အသိုင်းအဝိုင်းနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

မောင်ဇွဲဝေယံထွန်းရဲ့ မိဘတွေနဲ့ မတည့်တဲ့ ဘေးအိမ်က အသက် (၅၀) အရွယ် အမျိုးသမီးက ခေါ်ယူထားတာလို့ သိရပါတယ်။ အဆိုပါ အမျိုးသမီးဟာ ကလေးကို အခန်းထဲ ထည့်ထားပြီး တံခါးသော့ပိတ်ထားတာ ဖြစ်ပါတယ်။

အမျိုးသမီးရဲ့ ယောက်ျားဖြစ်သူက မိန်းမ မူမမှန် ဖြစ်နေကြောင်း၊ အဆိုပါ အခန်းကို သော့ပိတ်ထားပြီး သူ့ကို အဝင်မခံကြောင်း သက်ဆိုင်ရာသို့ အကြောင်းကြားခဲ့တာကြောင့် ဝင်ရောက် ရှာဖွေရာမှ တွေ့ရှိခဲ့ခြင်း ဖြစ်ပါတယ်။ အတည်မပြုနိုင်သေးတဲ့ သတင်းအရ မောင်ဇွဲဝေယံထွန်းကို ခေါ်ဆောင်သွားတဲ့ အမျိုးသမီးဟာ မိဘတွေဆီကို ဗိုင်ပါကနေ ငွေ သိန်းသုံးထောင် တောင်းခဲ့တယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာ ပျောက်ဆုံးနေတဲ့ ကလေးကို ဘေးမသီရန်မခ ပြန်လည်တွေ့ရှိခဲ့တာကြောင့် ပြည်သူများ စိတ်လှုပ်ရှားနေကြပြီး ဝမ်းသာနေကြပါတယ်။ ပျောက်ဆုံးနေသေးတဲ့ ကလေးတွေကို ဆက်လက် ရှာဖွေကြဖို့လည်း တွန်းအား တခု ဖြစ်စေခဲ့ပါတယ်။ ပျောက်ဆုံးနေတဲ့ ကလေးတွေလည်း အမြန်ပြန်တွေ့နိုင်ကြပါစေလို့ ဆုတောင်း ပေးလိုက်ပါတယ် ခင်ဗျာ။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page