တချိန်က ရန်ကုန်မြို့ရဲ့ လမ်းမတွေပေါ်မှာ မင်းမူခဲ့တဲ့ စစ်ကျန် ဗိုက်ပူဘတ်စ်ကားကြီးများ အကြောင်း

ဒုတိယကမ္ဘာစစ်ရှိန်တက်ခါစ ၁၉၄၀ ခုနှစ်ပြင်သစ်နိုင်ငံမြောက်ပိုင်း Dunkirk မှာနာဇီဂျာမန်ရဲ့ထိုးစစ်ကြောင့်အင်္ဂလိပ်နဲ့ ပြင်သစ်တပ်အလုံးအရင်းနဲ့ဆုတ်ခွါခဲ့ကြရတယ်။

ဒါကြောင့် အရေးပေါ်စစ်ရေးလိုအပ်ချက်အရ ထရပ်ကားအကြီးအစား အပေါ့စားစစ်သုံးထရပ်ကားတည်ဆောက်ဖို့ အင်္ဂလိပ်တက်သုတ်ရိုက်စီစဉ်ခဲ့တယ်။

ကျွန်တော်တို့စီးခဲ့ကြတဲ့ ဘတ်စ်ကားက ဒုတိယကမ္ဘာစစ်သုံးအပေါ့စား ထရပ်ကားကို လူစီးလို့ရအောင်ဘော်ဒီပြန်ပြင်ထားတဲ့ကားပါ။ ဓါတ်ပုံထဲက ဘတ်စ်ကားက ၁၉၄၃ ခုနှစ်က ထုတ်လုပ်တဲ့ Ford Model: F15-A

၁၉၈၉ အရေးအခင်းပြီးကာစ နေ့တိုင်းဘတ်စ်ကားစီး ပန်းဆိုးတန်းရုံးတက်နေကြ။ ငါးလုံးတန်းမှာ ၃၆ စီး၊ ဆူးလေးမှာဆင်း၊ ရုံးကိုလမ်းလျှောက်၊ ကားစုတ်တာမစုတ်တာ မရွေးနိုင်ဘူး။ ကားပေါ်တက်နိုင်ဖို့ ရုံးကို အချိန်မှီရောက်ဖို့ပဲ လိုတယ်။

ရုံးတက်ချိန် ကားပေါ်လူအပြည့်ဆိုတော့ ဟာမစ်တစ်ကုန်းတက်ဆို ဘတ်စ်ကားအစုတ် အိပဲ့အိပဲ့ဖြစ်နေပြီ။ အားကုန် ကုန်းရုန်းတက်ရတယ်။ ညနေမြို့ထဲကအပြန် ဆူးလေမီးသတ်ကစီး၊ နှင်းဆီကုန်း ကုန်းတက်ရောက်ရင် ဘတ်စ်ကားငယ်သံပါအောင် အင်ဂျင်ရုန်းပြီး ကုန်းတက်ရပြီ။

ဘတ်စ်ခြေနင်း သံပြားပေါက်ကနေ အောက်ကကားလမ်းအတိုင်းသား မြင်နေရတဲ့ဘတ်စ်ကားစုတ် ခဏခဏစီးခဲ့ဘူးတယ်။ အပေါ်ကလူအားနဲ့ ကားကြမ်းခင်းကျွံသွားလို့တော့ သွားပြီတွေးခဲ့ဖူးတဲ့ အကြိမ်မနည်းဘူး။

မိုးတွင်းမိုးရွာလို့ ခေါင်မိုး မိုးယိုတာ ရိုးနေပြီ။ တံခါးပေါက်ခုံထိုင်တဲ့သူက ရေမပက်အောင် သစ်သားတံခါးအလေးကြီးဆွဲတင်၊ တံခါးပြန်မကျအောင် တံတောင်ဆစ်နဲ့မှေးထား။

အိမ်က လှလှပပပြင်လာတဲ့ ယောက်ျားမိန်းမအကုန်ဘတ်စ်ကားပေါ်ကြရင် ငဖယ်လုံးသလို လုံးခံရပြီ။ စပယ်ယာ ဘာပြောပြောခေါင်းငုံ့ခံရတဲ့ ဘဝရောက်သွားရပြီ။ ဘတ်စ်ကားခ အကြွေ အတိအကျမဆောင်လို့ကတော့ စပယ်ယာပြန်အမ်းမယ့်ငွေ တမျော်မမျော်နဲ့ ဆင်းရမယ့်မှတ်တိုင်အထိ မျော်ရမယ့်ဘဝရောက်သွားပြီ။

မိန်းကလေးအချို့ ရှက်လို့ ပြန်မတောင်းကြတော့ဘူး။ အချို့အသံစာစာနဲ့ စပယ်ယာအမ်းဖို့ကျန်တဲ့အကြွေရအောင် ပြန်တောင်းကြတယ်။ ရူးချင်ယောင်ဆောင်တဲ့ စပယ်ယာနဲ့တွေ့ရင် ရှိစုမဲ့စု အကြွေသွားပြီ။

လူကြပ်ညှပ်နေတဲ့ ဘတ်စ်ကားပေါ်မှာ ခြေထောက်တက်နင်းခံရတယ် ဆိုတာရိုးနေပြီ။ ဒါပေမယ့် ဒီလောက်ဘတ်စ်ကား နှစ်ပေါင်းများစွာစီးခဲ့တာ တခါမှ ခါးပိုက်မနှိက်ခံခဲ့ရဘူး။ ကိုယ့်ပုံက ခါးပိုက်နှိုက်ချင်စရာမကောင်းလို့ဖြစ်မှာ။ ကိုယ်စီးလာတဲ့ကားပေါ်မှာ ခါးပိုက်နှိက်ခံရလို့ အော်ကြီဟစ်ကျယ်ဖြစ်တာလည်း တခါမှမကြားမိဘူး။

ရန်ကင်းရဲစခန်းထဲကို ခါးပိုက်နှိက်ပါလာတယ်ဆိုပြီး လူအပြည့်နဲ့ ဘတ်စ်ကားဝင်လာတာ ခဏခဏတွေ့ဘူးတယ်။ ရဲက တယောက်ခြင်းပိတ်ရှာလိုက်ရင် ခါးပိုက်နှိက်မိတာလည်းရှိတယ် မမိတာလည်းရှိတယ်။

ဒီစစ်သုံးထရပ်ကားကို မဟာမိတ်စစ်တပ်က CMP (Canadian Military Pattern) ခေါ်တယ်။ အမေရိကန် Ford နဲ့ကနေဒါအခြေစိုက် GM (General Motor) ပူးပေါင်းထုတ်လုပ်တာပါ။ ဒုတိယကမ္ဘာစစ်အတွင်း ကနေဒါနိုင်ငံမှာ အင်္ဂလိပ်စံချိန်စံညွှန်းအတိုင်း အရေးပေါ်ထုတ်လုပ်လိုက်တဲ့စစ်သုံး လိုက်ထရပ်ကားပါ။

ရန်ကုန်မြို့ပေါ် ပြေးဆွဲခဲ့တဲ့ ဘတ်စ်ကားအများစုကကမ္ဘာ့စစ်သမိုင်းမှာ CMP ခေါ်တဲ့ Ford F15A စစ်သုံးလိုက်ထရပ်ကားပါ။ ဘတ်စ်ကားကို အရှေ့ဘက်ကကြည့်လိုက်ရင် စတီယာရင်အုံ နဲ့ ဘန်ပါပေါ်က သံချိတ်ကြီးနှစ်ခုကိုတွေ့ရလိမ့်မယ်။ ရေတိုင်ကီရှေ့ သံကိုင်းရှိတယ်။

ဘတ်စ်ကားစီးရင် ကံကောင်းရင် ဒရိုင်ဘာဘေးခုံရှည်မှာ ထိုင်ခွင့်ရတတ်တယ်။ ကားရှေ့မြင်ကွင်းကိုဘေးစောင်းကြည့်ရင်း စီးခွင့်ရတာ နည်းနည်းနှောနှောအခွင့်အရေးမဟုတ်ဘူး။ ပုဆိုးကို ဒူးခေါင်းပေါ်အောင်ဆွဲထားပြီး မီးမရှိတဲ့ဆေးပေါ့လိပ်ခဲထားတဲ့ ဘတ်စ်ကားဆရာကြီးကို ရှေ့တည့်တည့်မှာတွေ့ရမယ်။ ဆေးလိပ်မခဲပဲ ကွမ်းမြုံ့နေတတ်တဲ့ ဒရိုင်ဘာလည်းအများကြီး။

သင်္ဘောဆေးနဲ့ ရေးထားတဲ့ ဆီ၊ ရေ၊ လေ၊ ဝိုင်ဆိုတဲ့ စာသားကို စက်ဖုံးပေါ်မှာတွေ့ရမယ်။ ဂီယာတံ ပြန်ပြုတ်မကျအောင်ထောက်တဲ့ ပတ္တာနဲ့သစ်သားတုတ်ကို တွေ့ရမယ်။

ယာဉ်မောင်း အများစုက ဖိနပ်ချွတ်ပြီး ခြေဗလာနဲ့ ကားမောင်းကြတယ်။ ရွှေဂုံတိုင်ရေခဲဆိုင်လို မှတ်တိုင်ရောက်ရင် မီးခြစ်ပြီး ဆေးလိပ်သောက်လေ့ရှိကြတယ်။ ကွမ်းသမား ကွမ်းအသစ်လဲတယ်။ ဒရိုင်ဘာက အသက် ၄၀- ၅၀ တဝိုက်များတယ်။ အများစု စွတ်ကျယ်ပုဆိုးစုတ်နဲ့ မောင်းကြတယ်။

ကားရှေ့လေကာမှန်က အရှင်ဖြစ်လို့ နွေဆိုရင် ကားထဲလေဝင်အောင် ကားရှေ့မှန်ကို အရှေ့ကို တွန်းတင်ပြီးမောင်းတဲ့ ဘတ်စ်ကားလည်း ရှိတယ်၊

ဆူးလေးကစီးလာပြီး ကိုယ်ဆင်းရမယ့် စာတိုက်မှတ်တိုင်ရောက်ပေမယ့် ဆင်းရမှာပျင်းရင် အဖေါ်ကောင်းပြီးထိုင်ခုံလည်းရနေရင် တခါတလေ (၇)ဂိတ်ဆုံး တောင်ဥက္ကလာမြင်သာအထိ လိုက်စီးဖူးတယ်။

Ford F15-A စစ်သုံးလိုက်ထရပ်ဆိုတာ ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်နဲ့ အ-သကျေတိုက်ခဲ့ကြတဲ့ အင်္ဂလိပ်ဦးဆောင်တဲ့ မဟာမိတ်စစ်တပ်က စစ်သည်ရဲမက်တွေ မြန်မာပြည် စစ်မြေပြင်မှာစီးခဲ့ကြတဲ့ စစ်ကားပါ။ ဒီစစ်ကားတွေကို ကျွန်တော်တို့ မထသဘတ်စ်ကားနံပတ် ၇(အနီ)(အဝါ)၊၃၆ ၊၃၇ ဆိုပြီးတောင်ဥက္ကလာ – ရန်ကင်း – ဆူးလေနှစ်ပေါင်းများစွာစီးခဲ့ကြတယ်။ လွင်ဦး_ရန်ကင်း (မူရင်းရေးသားသူအား‌ လေးစားမှုဖြင့် – bkr)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page