လကမ္ဘာပေါ်ကိုပါ ရောက်ရှိခဲ့ဖူးတဲ့ မြန်မာနိုင်ငံအလံနဲ့ ပျောက်ဆုံးသွားတဲ့ လကျောက်တုံးအကြောင်း

မြန်မာပြည် အလံ နိုင်ငံတကာ အာကာသစခန်းထဲ ရောက်ရှိခဲ့တယ်လို့ ဒီနေ့ အွန်လိုင်းပေါ်က သတင်းတွေအရ သိရှိရပါတယ်။ အရှေ့ဖျား စီးပွားရေးဖိုရမ်ကို ဂုဏ်ပြုတဲ့အနေနဲ့ ဖိုရမ်မှာ ပါဝင်တဲ့ မြန်မာ၊ ရုရှား၊ တရုတ်၊ အာမေနီးယားနဲ့ မွန်ဂိုလီးယား အလံတွေကို ရုရှားအာကာသယာဉ်မှူးများက နိုင်ငံတကာ အာကာသစခန်းရဲ့ တနေရာမှာ ၅ နိုင်ငံအလံတွေကို လွှင့်ထူခဲ့တာ ဖြစ်ပါတယ်။

အလားတူ ဖြစ်ရပ်မျိုး လွန်ခဲ့တဲ့ နှစ်ပေါင်း (၅၀) တုန်းက ဖြစ်ပျက်ခဲ့တယ်ဆိုတာ သိရှိသူ သိပ်မရှိတော့ပါဘူး။ လွန်ခဲ့တဲ့ နှစ်ပေါင်း (၅၀) ဖြစ်တဲ့ ၁၉၇၂ ဒီဇင်ဘာလ ၇ ရက်နေ့မှာ လပေါ်ကို လွှတ်တင်ခဲ့တဲ့ အပိုလို (၁၇) အာကာသယာဉ် ခရီးစဉ်မှာ မြန်မာနိုင်ငံရဲ့ အလံကို အမေရိကန် အာကာသယာဉ်မှူးတွေက ယူဆောင်သွားခဲ့ဖူးပါတယ်။

မြန်မာနိုင်ငံသား ဦးသန့်က ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ရာထူးကို ဒုတိယအကြိမ် တာဝန်ထမ်းဆောင်ခြင်းကို ဂုဏ်ပြုတဲ့အနေနဲ့ အမေရိကန် အာကာသယာဉ်မှူးတွေက လပေါ်ကို မြန်မာနိုင်ငံအလံ ယူဆောင်သွားခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ အလံနဲ့ အတူ လပေါ်ကနေ ယူဆောင်လာတဲ့ လကျောက်တုံး တတုံးကို အမေရိကန်နိုင်ငံက မြန်မာနိုင်ငံသို့ လက်ဆောင်ပေးအပ်ခဲ့ပါတယ်။ အဆိုပါ မြန်မာအလံနဲ့ လကျောက်တုံးကို အမျိုးသား ပြတိုက်မှာ ပြသထားရှိခဲ့ပေမယ့် ယခုတော့ ဘယ်ရောက်သွားလဲ မသိတော့ဘူးလို့ ပြတိုက်ကို ရောက်ရှိသူတွေက ပြောပြခဲ့ကြပါတယ်။

အဆိုပါ အပိုလို (၁၇) ခရီးစဉ်ဟာ လူသားတွေအနေနဲ့ လကမ္ဘာပေါ်ကို ခြေချခဲ့တဲ့ နောက်ဆုံး ခရီးစဉ် ဖြစ်ပြီး နှစ်ပေါင်း ၅၀ ကြာမြင့်တဲ့ ယနေ့ ၂၀၂၂ ခုနှစ်မှာ လူသားတွေအနေနဲ့ လပေါ်ကို ပြန်ခြေချဖို့ ကြိုးပမ်းနေကြပါတယ်။ မြန်မာနိုင်ငံအလံအနေနဲ့ အာကာသထဲမှာ သာမက လကမ္ဘာအထိပါ ရောက်ရှိခဲ့ဖူးကြောင်းကို ဗဟုသုတအနေနဲ့ ဖော်ပြ ပေးလိုက်ပါတယ်ခင်ဗျာ။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page