ဂျပန်နိုင်ငံသားတွေကို ဘောလုံး ကန်တတ်အောင် သင်ပေးသွားတဲ့ ထူးထူးခြားခြား မြန်မာနိုင်ငံသား

ဂျပန်တွေကို စနစ်တကျ ဘောလုံးကစားတတ်လာအောင် စာအုပ်ရေးပြီး စနစ်တကျသင်ပေးခဲ့တဲ့နည်းပြဟာ မြန်မာနိုင်ငံသား ရခိုင်လူမျိုးတစ်ယောက်ဆိုရင် အံသြကြမလား မသိပါဘူး။ ဒါပေမယ့် တကယ့်ဖြစ်ရပ်မှန်ပါ။သူ့နာမည်က ဦးကျော်ဒင် (ခ) ဦးကျော်ဒင်စံဖြစ်ပါတယ်။

ဦးကျော်ဒင် နည်းပြမလုပ်ခင် ဂျပန်တွေ ဘောလုံးမကစားတတ်ဘူးလားဆိုတော့ ကစားတတ်တယ်။ ဒါပေမယ့် ခွေး-ူးပြေးတန်း ကစားသလို ဘောလုံးရောက်တဲ့နေရာမှာ စုပြုံပြီး ကစားနေကြတယ်။ဘောလုံး ရှေ့တန်းရောက်ရင်တစ်အုပ်စုလုံး ရှေ့ကိုပြေးတက်ကြတယ်။ အလယ်တန်းကိုရောက်ရင် အလယ်တန်း၊နောက်တန်းရောက်ပြီဆိုရင်လည်း နောက်တန်းမှာ စုပြုံနေကြတယ်။

ဦးကျော်ဒင်က ဒီလိုကစားနေကြတာကိုကြည့်ပြီး၊ဘောလုံးဆိုတာ ဒီလိုမကစားရဘူး။ လူခွဲပြီး သူ့နေရာနဲ့သူ အကွက်ဖော်ပြီး ကစားရတာဆိုပြီး ကစားပြပါတယ်။ ဒီလိုနဲ့ ဦးကျော်ဒင်ဟာ ဂျပန်တွေရဲ့ ဘောလုံးနည်းပြဖြစ်လာခဲ့တယ်။

အပျော်တမ်းအဖြစ် ဖွဲ့စည်းထားသည့် ကျောင်းဘောလုံးအသင်းအများအပြားက ဦးကျော်ဒင် ကို နည်းပြအဖြစ် သင်ကြားပေးရန် ခေါ်ယူကြသည့် အတွက် အားလုံးအတွက် ရည်ရွယ်ကာ ဦးကျော်ဒင်က ၁၉၂၃ ခုနှစ်တွင် How to Play Association Football ဟူသည့် ဘောလုံးနည်းစနစ်ပိုင်းဆိုင်ရာ စာအုပ်တစ်အုပ် ကို အင်္ဂလိပ်ဘာသာဖြင့် ရေးသားခဲ့ပြီး သူ၏ တပည့် များက ဂျပန်ဘာသာဖြင့် ပြန်ဆိုပေးခဲ့ကြသည်။ ဒီစာအုပ်နဲ့အတူ ဦးကျော်ဒင်ရဲ့ ရုပ်တုကို တိုကျိုမြို့ ဦးချန်နောမိစုအရပ်မှာရှိတဲ့ ဘောလုံးသမိုင်းပြတိုက်မှာ ပြသထားပါတယ်။

ဦးကျော်ဒင်ဟာ ဂျပန်နိုင်ငံမှာရှိတဲ့ အထက်တန်းကျောင်းတွေက ကျောင်းသားတွေကိုလည်း စနစ်တကျဘောလုံးကစားတတ်လာအောင် လှည့်လည်ပြီး နည်းပြလုပ်ပေးခဲ့ပါတယ်။ ဦးကျော်ဒင်ရဲ့ ကျေးဇူးကြောင့် ဂျပန်တွေဟာ ၁၉၃၀ ခုနှစ် အာရှဘောလုံးပြိုင်ပွဲမှာ ဗိုလ်စွဲသွားခဲ့ပါတယ်။

ဂျပန်တွေကို စနစ်တကျ ဘောလုံးကစားတတ်လာအောင်သင်ပေးခဲ့တဲ့ ရခိုင်သားဦးကျော်ဒင်ဟာ ဘယ်လိုပုံစံနဲ့ ဂျပန်ပြည်ကို ရောက်သွားခဲ့သလဲဆိုတာကို လိုက်ရှာကြည့်ပါတယ်။ ဦးကျော်ဒင်ကို ၁၉၀၀ ခုနှစ်ပတ်ဝန်းကျင်မှာ မွေးဖွားခဲ့ပါတယ်။ဆရာတော်ဦးဥတ္တမဟာ ဂျပန်ပြည်မှာ နေထိုင်ပြီး မြန်မာပြည်ကို ပြန်ကြွလာခဲ့ပါတယ်။

မြန်မာပြည်ကနေ ဂျပန်ပြည်ကို ပြန်ကြွတဲ့အခါ ဆရာတော်ရဲ့ညီမနဲ့အတူ လူငယ် ၅ ဦးကို ပညာသင်ဖို့အတွက် ဂျပန်ပြည်ကိုခေါ်ယူသွားခဲ့ပါတယ်။ ဒီလူငယ် ၅ ဦးထဲမှာ ဦးကျော်ဒင်လည်း ပါဝင်ပါတယ်။ ၁၉၂၀ ခုနှစ်မှာ တိုကျိုမြို့ စက်မှုအထက်တန်းကျောင်းမှာ ပညာတော်သင်အဖြစ် တက်ရောက်ခဲ့ပါတယ်။

စက်မှုအထက်တန်းကျောင်းမှာ တက်ရောက်ရင်း အထက်တန်းကျောင်းတွေမှာ ကျောင်းသားများ ဘောလုံးကို စနစ်တကျ ကစားတတ်လာဖို့ နည်းပြအဖြစ် လုပ်ပေးခဲ့ပါတယ်။ ၁၉၂၄ ခုနှစ်မှာ ဦးကျော်ဒင်ဟာ ဂျပန်ပြည် စက်မှုအထက်တန်းကျောင်းမှ အောင်မြင်ပြီး မြန်မာနိုင်ငံကို ပြန်လာခဲ့ပါတယ်။

မြန်မာနိုင်ငံကို ပြန်ရောက်တဲ့အခါ သံရည်ကျိုလုပ်ငန်းကို လုပ်ကိုင်ခဲ့သည်။ ၁၉၆၇ ခုနှစ်တွင် စက်မှုလုပ်ငန်းများကို ပြည်သူပိုင်သိမ်း သောအခါမှ ဦးကျော်ဒင်ရဲ့ သံရည်ကျိုလုပ်ငန်းဟာ ရပ်တန့်သွားပြီး ဦးကျော်ဒင်ရဲ့သတင်းအစအနပါ ပျောက်ကွယ်သွားပါတော့တယ်။

တချို့တလေရဲ့ ပြောပြချက်အရဆိုရင်တော့ ဂျိုးဖြူကန်မှာ ရေတံခါးဗိုလ်လုပ်ပြီး၁၉၈၈ အရေးအခင်းပြီးကာစမှာမှ ပြည်မြို့မှာ လူကြီးရောဂါနဲ့ ကွယ်လွန်သွားတယ်လို့ ပြောကြပါတယ်။ ဂျပန်ဘောလုံးအသင်းချုပ်က ဦးကျော်ဒင်အား ကျေးဇူးဆပ်ချင်တဲ့အတွက် ဦးကျော်ဒင်၏မိသားစုဝင်များကိုလိုက်လံရှာဖွေစုံစမ်းသော်လည်း မတွေ့ရှိသေးပေ။ ကြေးမုံသတင်းစာတွင် ခင်ရတနာ၏ဆောင်းပါးတစ်ပုဒ်၌ ဦးကျော်ဒင်၏မိသားစုဝင်များမှာ အမေရိကန်ပြည်ထောင်စုတွင် နေထိုင်ကြကြောင်းလည်း တစ်ချိန်က ဖတ်လိုက်ရသည်။

၂၀၁၉ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့ မြန်မာနိုင်ငံတွင် ကျင်းပသော ၂၀၂၂ ဖီဖာ၏ ကမ္ဘာ့ဖလား အာရှ ဒုတိယအဆင့်ခြေစစ်ပွဲ၊ မြန်မာနှင့်ဂျပန်အသင်းတို့ ကစားကြသောပွဲတွင် ဂျပန်လူမျိုး ဘောလုံးဝါသနာရှင်များက “ဂျပန်ဘောလုံး အားကစားကို ကြီးမားတဲ့အကျိုးသက်ရောက်မှုတွေ ပေးစွမ်းခဲ့တဲ့ ဦးကျော်ဒင်နဲ့ သူ့ရဲ့မိခင်မြန်မာနိုင်ငံအား ကျေးဇူးတင်လျှက်ပါ”ဟု ဗီနိုင်းချပ်ကြီးဖြင့် ဂုဏ်ပြုခဲ့သည်။ ရမ်မာဝတီဇီဝဇိုး (၂၁-၁၁-၂၀၁၉)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page