ယူကရိန်း နဲ့ ရုရှား အရေး ဘာလဲ၊ ဘယ်လဲ (တကယ်ဖြစ်ခဲ့ရင် ဘယ်သူတွေသာပြီး ဘယ်သူတွေ နာမှာလဲ)

မေးတဲ့သူတွေကမေးလို့ မြင်သလောက်​ရေးပါမယ်။

​(၁) အားရပါးရပွဲကြည့်ပရိတ်သတ်များ

ဒီပွဲမှာ ဒိုးပတ်ကိုင်ပြီးစောင့်နေတာက တရုတ်ပြည်က Xi Jinping ပါ။ တရုတ်ခေါင်းဆောင်အနေနဲ့ ပွဲဖြစ်သွားရင် သူ့အတွက်အမြတ်ချည်းပါပဲ။ ထိုင်ဝမ်ကိုသိမ်းဖို့ အရှုံးအမြတ်တွက်နေချိန်မှာ ကိုယ့်ရှေ့မှာနမူနာလုပ်ပြမယ့် လူမိုက်ပေါ်လာတော့ သူကအားရဝမ်းသာစောင့်ကြည့်နေတာပေါ့။

ဒီပွဲမှာရုရှားကယူကရိန်းကိုကျူးကျော်ပြီးတက်သိမ်းရင် အမေရိကန်က ရုရှားကိုစုတ်ပြတ်သတ်သွားအောင် ဘယ်လောက်ဒဏ်ခတ်နိုင်မလဲကို သူကြည့်နေပါတယ်။ ကျန်ကမ္ဘာ့နိုင်ငံတွေနဲ့ ကုလသမဂ္ဂကဘာလုပ်နိုင်မလဲ သူလက်တွေ့ကြည့်ချင်နေပါတယ်။ အဲ့ဒီတော့ ပူတင်သာယူကရိန်းကိုသိမ်းရင် သူ့အတွက်ထိုင်ဝမ်ကိုသိမ်းဖို့ စိုင်းပြင်းနိုင်မယ်။

ရုရှားကိုအနောက်နိုင်ငံတွေက စီးပွားရေးပိတ်ဆို့လို့ ရေနံမရောင်းရရင် သူက ကယ်တင်ရှင်နေရာကနေ ဈေးအချောင်နှိုက်နိုင်မယ်။ အဲ့ဒီတော့ဒိုးပတ်ကိုင်ပြီးစောင့်ကြည့်နေပြီပေါ့။ ဒါပေမယ့် ယူကရိန်းနဲ့ထိုင်ဝမ်ကွာတာရှိတယ်။ ယူကရိန်းဟာအမေရိကန်ရဲ့ ကုန်သွယ်ဖက်စာရင်းမှာ နံပါတ် (၆၇) မှာရှိတယ်။ ထိုင်ဝမ်က အမေရိကန်ရဲ့ နံပါတ် (၉) အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံဖြစ်တယ်။

အမေရိကန်က သူ့ကုန်သွယ်ဖက်ထိုင်ဝမ်အရေးမှာ ယူကရိန်းလို နံပါတ် (၆၇) နဲ့စဉ်းစားပုံတူမှာမဟုတ်ဘူး။ ထိုင်ဝမ်ကိုအမေရိကန်က security နဲ့ economic စစ်ရေးနဲ့စီးပွားရေး key patron အဓိကအစောင့်အရှောက်ပေးနေတာဖြစ်တယ်။

ယူကရိန်းကိုအမေရိကန်က key patron အနေနဲ့ အစောင့်အရှောက်မပေးထားဘူး။ အဲ့ဒါတွေကွာတယ်။ ဒုတိယစောင့်ကြည့်နေတာက မြောက်ကိုရီးယား။ သူကဘိုင်ဒန်ရဲ့လက်စလက်နကိုသိချင်နေတာ။ အခုပွဲရဲ့ရလဒ်ကိုကြည့်ပြီး ဘိုင်ဒန်ကိုဘယ်လို သွေးတိုးစမ်းလို့ရမလဲ သိချင်နေတာဖြစ်တယ်။ တတိယစောင့်ကြည့်နေသူက အီရန်။ သူကလည်း ကမ္ဘာ့ရန်အမေရိကန်ရဲ့ ဘိုင်ဒန်အခြေအနေကို သွေးတိုးစမ်းချင်နေတာ။ အရှေ့အလယ်ပိုင်းမှာ ဆီးရီးယား၊ ယီမင်စတဲ့နေရာတွေမှာ သူကဩဇာအာဏာချဲ့ထွင်နေတဲ့သူ။

(၂) အမေရိကန်အနေနဲ့ ဒီပွဲမှာ လာစ့်ဗီးဂတ်စ် မှာလောင်းကစားလုပ်သလိုပဲ။

သူ့မြေမှာဖြစ်တဲ့ပွဲမဟုတ်။ ဖြစ်ချင်းဖြစ် ရုရှားရဲ့နောက်ပေါက်မှာဖြစ်မှာမို့ အမေရိကန်က လူကိုယ်တိုင်ဝင်မပါပဲ လက်နက်ပဲထောက်ပံ့တာ။ ယူကရိန်းကို ရုရှားကသိမ်းသိမ်းမသိမ်းသိမ်း အမေရိကန်အတွက်အရှုံးမရှိဘူး။ ရုရှားကတက်သိမ်းရင် ပူတင်ကိုဒဏ်ခတ်အရေးယူမှုတွေအတွဲလိုက်ဆော်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် ပူတင်အထိနာမှာပဲ။

(၃) ရုရှားခေါင်းဆောင်ပူတင်ဟာ ယူကရိန်းကိုသိမ်းဖို့ရာ အမေရိကန်ရဲ့ဒဏ်ခတ်အရေးယူမှုကို တွက်ဆနေတယ်လို့မြင်ပါတယ်။

ယူကရိန်းကိုရရင် သူ့အတွက်နောက်ကျောလုံသွားပြီ။ ဘီလာရုစ်ရယ်၊ ယူကရိန်းရယ်၊ တောင်ဘက်က ပင်လယ်နက်ရယ်ဆိုရင် ခြံစည်းရိုးလုံသွားပြီ။ ပြဿနာက ယူကရိန်းကိုသိမ်းရာမှာ မတော်လို့ အသေအပျောက်များခဲ့ရင် သူ့အတွက် နိုင်ငံရေးသိက္ခာအထိနာမယ်။

ဒါ့အပြင် အမေရိကန်တင်မက အနောက်အုပ်စုကပါအရေးယူဒဏ်ခတ်မှုက ပြင်းထန်နိုင်တယ်။ အကယ်လို့အခြေအနေအရမ်းဆိုးရင် ရုရှားစီးပွားရေးတအားချည့်နဲ့သွားနိုင်တယ်။ ပြီးတော့ ပူတင်ရဲ့ခရိုနီအသိုင်းအဝိုင်းပါ စီးပွားပျက်မယ်။ မတော်တဆစီးပွားရေးတအားဆိုးလို့ လူထုအုံကြွမှုဖြစ်ရင် ပြဿနာ။ မနှစ်ကတောင်အရေးအခင်းထဖြစ်ခဲ့သေးတာ။ ပြီးတော့ရေနံဈေးတက်နေချိန်ကြီး စစ်ဖြစ်လို့ ဒဏ်ခတ်ခံရတာမနိပ်ဘူး။

ဘိုင်ဒင်က တမင်ဖွင့်ပြီး ထောင်ချောက်ဆင်ထားသလားလည်း တွေးစရာဖြစ်နေတယ်။ ဒါ့ကြောင့် ပူတင်ဟာ အမေရိကန်နဲ့အတတ်နိုင်ဆုံးညှိဖို့ကြိုးစားပြီး လက်မြန်ခြေမြန်တက်သိမ်းတာမျိုးမလုပ်တာဖြစ်တယ်။ သူ့မွေးစားသားလို ခွေးရူးအာဏာသိမ်းတာမျိုးမလုပ်ဘူး။ ကိုယ့်ဇာတ်ကိုယ်မနိုင်ပဲ မင်းသားဖြစ်ချင်ရာကနေ ဘီလူးအဖြစ်ကရတဲ့ အဖြစ်မျိုးအရောက်မခံဘူး။

(၄) ပိုလန်နဲ့ရိုမေးနီးယား

ပိုလန်ရော ရိုမေးနီးယားပါ NATO အဖွဲ့ဝင်တွေဖြစ်တယ်။ အခုပဲဘိုင်ဒန်က စစ်သား ၃၀၀၀ ကို ပိုလန်နဲ့ရိုမေးနီးယားကိုပို့နေပြီ။ ပိုလန်ရော ရိုမေနီးယားရောက ဒီအရေးအခင်းမှာ ယူကရိန်းကိုရုရှားသိမ်းမှာမလိုလားဘူး။ ဒါ့ကြောင့် အမေရိကန်ကိုအမြန်ခေါ်တာဖြစ်တယ်။

(၅) သမိုင်းကြောင်းအရ ယူကရိန်းဟာ ဟိုးအရင်က ဥရောပမှာအင်အားကြီးခဲ့ဖူးတယ်။ အဲ့ဒီကနေ ပိုလန်ကအစိတ်အပိုင်းအချို့သိမ်လိုက်၊ တူရကီရဲ့အော်တိုမန်အင်ပါယာထဲအစိတ်အပိုင်းအချို့ပါလိုက်၊ ရုရှားကအစိတ်အပိုင်းအချို့သိမ်းယူလိုက်၊ ဆိုဗီယက်ပြည်ထောင်စုအောက်ရောက်သွားလိုက်ဖြစ်ခဲ့တယ်။

ဇာဘုရင်လက်အောက်မှာတုန်းက ယူကရိန်းကမပျော်ဘူး။ ပေးထားတဲ့ကတိမတည်ခဲ့လို့။ ပထမကမ္ဘာစစ်လောက်က ယူကရိန်းကနှစ်ခြမ်းကွဲခဲ့တယ်။ ယူကရိန်းပြည်သူ့ရီပတ်ဘလစ်အနေနဲ့ ၁၉၁၇ ဇွန်လ ၁၇ ရက်နေ့မှာ နိုင်ငံသစ်အဖြစ်ရပ်တည်ခဲ့တယ်။

ဒုတိယကမ္ဘာစစ်ပြီးတော့ ပိုလန်တို့နဲ့အတူ ဆိုဗီယက်ပြည်ထောင်စုအောက်ရောက်သွားတာ။ ခရိုင်းမီးယားကို ရုရှားက ၂၀၁၄ မှာသိမ်းတာက အခုလက်ရှိအကျပ်အတည်းနဲ့မတူဘူး။ ၁၉၅၄ မှာရုရှားက ခရိုင်းမီးယားကို ယူကရိန်းကိုပေးခဲ့တာကိုး။ ၂၀၁၄ မှာပြန်ယူတဲ့သဘောပဲ။ အခုယူကရိန်းကိုတက်သိမ်းရင် မတရားကျူးကျော်မှုမြောက်တယ်။ ဥပမာ – မြန်မာက ယိုးဒယားကို ဘုရင့်နောင်ခေတ်နဲ့ ဆင်ဖြူရှင်ခေတ်မှာသိမ်းခဲ့ဖူးလို့ ငါပိုင်တယ်လို့ ပြောလို့မရဘူး။

ယူကရိန်းဟာ ဟိုးပဝေသဏီကဂျာမန်မျိုးနွယ်တွေအခြေချခဲ့တာလည်းရှိတယ်။ ဇာဘုရင်ခေတ်က အော်တိုမန်အင်ပါယာရဲ့ခြိမ်းခြောက်မှုရန်ကကာကွယ်ဖို့ ဂျာမန်တွေ၊ အနောက်ဥရောပတိုင်းသားတွေကို လက်ခံခဲ့တာအများကြီးပဲ။

(၆) ယူကရိန်းပြည်သူတွေအနေနဲ့ ရုရှားနဲ့စစ်မဖြစ်ချင်ဘူး။ ဒါပေမယ့် ရုရှားတောင်းထားတဲ့ကိစ္စအလျော့ပေးလိုက်ပြန်ရင်လည်း သူတို့တသက်လုံးခြိမ်းခြောက်ခံဘဝမှာနေရလိမ့်မယ်။

တကယ်ဖြစ်လာရင် တစ်ရက်လောက်ပဲတိုက်ပြီး ရုရှားကိုအလျော့ပေးမလား? အသေအကြေခုခံမလားဆိုတာ အတိအကျပြောလို့မရဘူး။ ဘာပဲဖြစ်ဖြစ် ယူကရိန်းကသာခုခံရင်ရုရှားရော ယူကရိန်ရောအထိနာမှာအမှန်ပဲ။
ရုရှားကဒါ့ကြောင့် ယူကရိန်းစစ်တပ်ကအာဏာသိမ်းတာမျိုးကိုလိုချင်နေတာ။ စစ်မတိုက်ပဲ သူ့လက်အောက်ရောက်တဲ့သဘော။

မနေ့က NATO အဖွဲ့ကပေါက်ကြားလာတယ်လို့ စပိန်သတင်းစာ The Daily El Pais ပြောတာက အမေရိကန်အနေနဲ့ ရုရှားတောင်းဆိုထားတဲ့ ဥရောပတိုက်ရှိဒုံးကျည်းစခန်းတွေကို စစ်ဆေးခွင့်ပေးမယ်လို့ဆိုတယ်။ ဒီသတင်းကို NATO အဖွဲ့ကအရာရှိတွေကအတည်မပြုသေးပါ။

ရုရှားက အမေရိကန်ရဲ့ တိုမားဟွတ်ဒုံးကျည်တွေ ပိုလန်နဲ့ရိုမေးနီးယားမှာမရှိစေချင်ဘူး။ အမေရိကန်ရဲ့ Aegis တိုမားဟွတ်ဒုံးခွင်းဒုံးတွေက ရုရှားရဲ့ တာတိုနဲ့တာလတ်ဒုံးကျည်တွေကို ပစ်ချနိုင်တယ်။

အချုပ်အားဖြင့်ဆိုရရင် … ပူတင်ရော၊ ယူကရိန်းရောကတကယ်စစ်မတိုက်ချင်ဘူး။ အမေရိကန်က ဘာအကွက်လှမ်းနေမှန်းမသိဘူး။ ရုရှားကိုတမင်ထောင်ဖမ်းတာလား? ပျော့ညံ့ညံ့လုပ်နေတာလားမသိရဘူး။ ဒါပေမယ့် ရုရှားကဂျာမနီကို သဘာဝဓာတ်ငွေ့ဖြတ်ခဲ့ရင် အမေရိကန်က ပို့ပေးဖို့တော့စီစဉ်နေတာကို တွေ့ရတယ်။

အမေရိကန်အနေနဲ့ စစ်ဖြစ်ခဲ့လည်း မနစ်နာဘူး။ စစ်ဖြစ်ရင် တကယ်နစ်နာမှာက ယူကရိန်းနဲ့ ရုရှားပဲ။ အိုးစည်ဒိုးပတ်ပွဲနဲ့ စစ်ဖြစ်တာထိုင်စောင့်နေတာကတော့ ကျနော်တို့အိမ်နီးချင်းပဲ။ စစ်ဖြစ်လို့အရေးယူတာမလုပ်နိုင်ရင် ကုလသမဂ္ဂသိက္ခာကျပါမယ်။ လုံခြုံရေးကောင်စီထဲမှာ တရုတ်နဲ့ရုရှားပါနေတော့ ထူးမခြားနားဖြစ်ပါမယ်။

တူရကီကစစ်ဖြစ်မှာမလိုလားဘူး။ ဝင်ညှိဖို့ကြိုးစားနေတယ်။ တူရကီခေါင်းဆောင်က အဲ့ဒီခရိုင်းမီးယားမှာစစ်ဖြစ်လို့ သူ့ဩဇာအာဏာထိခိုက်မှာကို မလိုလားဘူး။ ဥရောပကလည်းစစ်မဖြစ်ချင်ဘူး။ ပိုနေမြဲကျားနေမြဲဖြစ်စေချင်တယ်။

မြန်မာပြည်အတွက်က အကယ်လို့ယူကရိန်းနဲ့ရုရှားစစ်ဖြစ်လည်း သိပ်မထူးဘူး။ ပူတင်တကယ်ထိအောင် အမေရိကန်နဲ့အနောက်အုပ်စုက ပြတ်ပြတ်သားသားအရေးယူနိုင်ရင်တော့ ရုရှားအထိနာမယ်။ ရုရှားအထိနာလို့ မတော်တဆ ရှားရှားပါးပါးရုရှားမှာအပြောင်းအလဲဖြစ်ရင်တော့ မြန်မာအတွက်ထူးမယ်။

Richard Myo Thant
3-February -2022

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page