သံဃာ အတုအယောင်တွေရဲ့ မလုပ်သင့်တဲ့ လုပ်ရပ်နဲ့ ဆွမ်းကျွေးဖိတ်မယ့်သူတွေ ဂရုပြုရမယ့် အဖြစ်

သံဃာအတုအယောင်လို့ ခေါင်းစဉ်တပ်လို့ရလားမသိတဲ့ အဖြစ်အပျက်တစ်ခု အိမ်မှာ ဖြစ်ပျက်သွားလို့ တစ်ခြားသူတွေလည်း သတိထားရအောင် ရေးပေးလိုက်ပါတယ်။ မေမေနဲ့ အဲဒီ ဦးဇင်း သိခဲ့တာတော့ ကြာပါပြီ။

ဆွမ်းခံကြွခွင့်တောင်းလို့ မေမေက ခွင့်ပြုခဲ့ပြီး သူကြွလာရင် ခြံထဲမှာပဲဆွမ်းလောင်းတော့ ကိုယ်တွေကလဲ မပြောဘဲ ကြည့်နေခဲ့မိတယ်။ နောက်တော့ သူလဲ မကြွတော့ပဲ ရခိုင်ပြန်မယ်၊ မပြန်ခင် ဆွမ်းစားမယ်လို့ သူကပြောလို့ မေမေက ခွင့်ပြုခဲ့တယ်။

ကိုယ်က အဲဒီဘုန်းကြီးမှန်း ​မသိလိုက်ဘူး။ မေမေက ဗုဒ္ဓဂါယာသွားတုန်းက ဦးဇင်းတစ်ပါးကို ဒေါက်တာဘွဲ့ ရအောင် ကျောင်းထားပေးခဲ့ဘူးတော့ သားအမိလိုရင်းနှီးနေတဲ့ ဦးဇင်းကလဲ ရခိုင်လူမျိုးမို့ အသံကဝဲတယ်။ မေမေက ဆွမ်းစားဖို့ခွင့်ပြုတော့ ကိုယ်က အမေ့သားတော်ပဲထင်နေတာ၊ တကယ်ရောက်လာတော့ ဟိုတစ်ပါးဖြစ်နေတယ်။

စိတ်ထဲဘဝင်မကျပေမယ့် မတတ်သာတော့ ကြည့်နေရပြီး ဆွမ်းဝိုင်းနားသွားရပ်တော့ လိပ်စာကတ် (Visiting Card) ထုတ်ပေးတယ်။ ထိုင်းနိုင်ငံမှာ ရခဲ့တဲဘွဲ့ တွေ ရေးထားတယ်။ ကိုယ့်စိတ်ထဲတော့ ဒီကတ်မျိုးတွေကလဲ လုပ်ရတာလွယ်တော့ သိပ်တော့ မယုံကြည်ဘူးရယ်။

သူပြန်သွားတော့ အဲလို မသိတဲ့ ဘုန်းကြီးတွေ အိမ်ထဲဆွမ်းပင့်တာ အန္တရာယ်များလို့ နောက်မလုပ်ဖို့ မေမေ့ကို ပြောမိတယ်။ မေမေကလဲ နောက်မလုပ်တော့ဘူးပေါ့။ နောက်တော့ အဲဒီဦးဇင်းက မကြာမကြာဆိုသလို အိမ်ကို ဆွမ်းလာစားမယ့်အကြောင်း ဆွမ်းဖိတ်ကျွေးဖို့ မေမေ့ကို ဖုန်းဆက်ပါတယ်။

မေမေကလဲ တစ်ခါငြင်း၊ နှစ်ခါငြင်း နဲ့ နောက်တော့ စိတ်ညစ်လာလို့ သူ့ကို ဘလော့လိုက်တယ်။ ကိုယ့်စိတ်ထင်မမှားဘူးဆို တခုခုလှူလိုက်သေးတယ်ထင်တယ်။ စာအုပ်ဖိုးလား ဘာလားတော့မသိဘူး။ ဘလော့ထားလို့ ဖုန်းဆက်လို့မရတဲ့ အဆုံး တစ်ရက်ကျတော့ တခြားဘုန်းကြီးတစ်ပါးခေါ်ပြီး အိမ်ကိုပေါက်ချလာပါလေရော။

လှေကားက ဆင်းလာရင်း စကားပြောနေတဲ့အသံကြားတော့ ကောင်မလေးကို လှမ်းခေါ်မေးတော့ ဟိုဘုန်းကြီးတဲ့။ စိတ်ထဲမှာ မေမေ့ကို စိုးရိမ်စိတ်နဲ့ မလှမ်းမကမ်းသွားပြီး ဆေးအော်ဒါတွေ ပါကင်ထုတ်နေတဲ့ ကလေးနှစ်ယောက်နဲ့အတူ ပါကင်ထုတ်ရင်း နားစွင့်နေမိတယ်။

တစွန်းတစ ကြားလိုက်တာက ဒကာမကြီး အဆင်မပြေမှန်းလဲ သိပါတယ်။ ဒီတခါပြီးရင် နောက်တခါ မလာတော့ဘူးတဲ့။ ကိုပြေတီဦးကိုလဲ ပြောပေးပါဦးတဲ့။ ဒီတခါ နောက်ဆုံးပဲလို့ ထပ်ပြောတယ်။ စိတ်ထဲမှာတော့ အံ့သြသွားတယ်။ အဆင်မပြေဘူးလို့ မေမေက ပြောနေရက်နဲ့ ဘာတွေများ ဇွတ်အလှူခံနေလဲပေါ့။

ဘုန်းကြီး အစစ်ဆိုရင်တော့ ဒါမျိုးမလုပ်လောက်ဘူးလဲ တွေးမိတယ်။ ပြီးတော့ သူတို့ထပြန်တယ်တော့ မေမေက အနားကို ရောက်လာတယ်။ ဘာတဲ့လဲ မေမေဆိုတော့ မေမေက ထုံးစံအတိုင်း ကတ်ပြား တစ်ခုကို ကိုယ့်ကို လှမ်းပေးရင်း ဘုန်းကြီးက သူ့ကိုလှူထားတဲ့မြေကွက်မှာ ကျောင်းဆောက်မလို့တဲ့။ အဲဒါ လမ်းခင်းဖို့ အလှူလာခံတာတဲ့။ ဘယ်လောက်လဲဆိုတော့ ၁၅ သိန်း တဲ့။

ကိုယ်ကလည်း မေမေ့စိတ်ကို စမ်းချင်လို့ မေမေက လှုချင်လို့လားလို့ မေးကြည့်မိတာ၊ လှူချင်တာပေါ့တဲ့၊ ပြောတာတောင် ရိုးရိုးမဟုတ်ဘူးနော်။ ကိုယ့်ကိုမျက်စောင်းဝင့်ပြီး မာန်ပါပါနဲ့ ပြောတော့ ကိုယ်တောင် အံ့သြသွားတယ်။ အော် မေမေလှုချင်ရင်တော့ အစစ်အမှန်ဟုတ်မဟုတ် သမီးတို့က စုံစမ်းပေးရတော့မှာပေါ့လို့။ ဒါပေမယ့် တွေ့ကရာ မြေကွက်ပြပြီး သူ့လှူထားပါတယ်ဆို ဟုတ်မဟုတ် ဘယ်လို လိုက်ကြမတုန်းလို့ ပြန်ပြောမိတယ်။

မေမေ့ကြည့်ရတာ မူမမှန်ဘူး ပြောမိတယ်။ ဆေးများမိနေလား မသိဘူးလို့ ပြောတော့လဲ နဝေတိမ်တောင်နဲ့ ထွက်သွားပြီး တော်တော်ကြာလို့ ညနေရောက်မှ မေမေက သူနဲ့ဘုန်းကြီး အရင်ကအဖြစ်အပျက်တွေ နည်းနည်းချင်း ပြန်အမှတ်ရလာတယ်။

တော်တော်ကြာမှ ပုံမှန်ဖြစ်လာပြီး သမီးပြောတာ မှန်ပါတယ်တဲ့။ သံဃာအစစ်ဆိုရင်တော့ ဒီလိုမလုပ်လောက်ဘူးတဲ့။ နောက်နေ့ စကားစပ်မိကြတော့ မေမေက ပြောပြတယ်။ ဆေးနဲ့လုပ်တယ်ဆိုတာ ဟုတ်လောက်တယ်တဲ့။ သူပေးတဲ့ကတ်ကို ယူပြီးတဲ့နောက်ပိုင်း သူတို့တောင်းတဲ့ ပိုက်ဆံကို အတင်းကိုပြေးတက်ပြီး ယူပြီး ပေးလိုက်ချင်တဲ့ စိတ်တွေပဲ အတင်းကို ​ ဖြစ် နေတော့တာတဲ့။

နောက်တစ်ခုက ဘယ်လောက်လိုတာလဲမေးတော့ ပါလာတဲ့ ဘုန်းကြီးက ၁၀ သိန်းတဲ့။ သူက မေမေ့ကို သေချာကြည့်ပြီး ၁၅ သိန်းတဲ့။ ကတ်ကိုလဲ မပျောက်စေနဲ့ သိမ်းထားလို့ မှာသွားသေးတာ၊ အနားမှာ လူတွေအများကြီးရှိနေလို့ ခံသာသွားတာတဲ့။

ဘာပဲဖြစ်ဖြစ် ခေတ်မကောင်းတဲ့အချိန်မှာ အစစအရာရာ သတိရှိစေချင်ပါတယ်။ တံခါးခေါက်တိုင်း အလွယ်တကူ မဖွင့်စေချင်ပါဘူး။ အထူးသဖြင့် လူကြီးတွေ အထူးသတိပြုစေချင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page