လက်ရှိ ကားဈေးကွက် အခြေအနေနဲ့ ယခုအချိန် ကားဝယ်မယ့်သူတွေ သတိထားရမယ့် အဓိက အချက်
စီးပွားရေး မတည်ငြိမ်ခြင်းနဲ့ ဒေါ်လာလိုအပ်ချက်ရှိနေတာကြောင့်လို့ဆိုကာ ပြည်ပမှမော်တော်ယာဉ်တင်သွင်းခွင့်တွေကို (၁-၁၀-၂၀၂၁) ရက်နေ့ကစတင်ပြီး ရပ်ဆိုင်းထားခဲ့တာဖြစ်ပြီး ၂၀၂၂ ခုနှစ် ကားတင်သွင်းခွင့် မူဝါဒမှာလည်း လူစီးကားတင်သွင်းခွင့် မူဝါဒ မသေချာမရေရာသေးမှုတွေနဲ့အတူ ထိုးတက်နေတဲ့စက်သုံးဆီဈေးနှုန်းကြောင့် လက်ရှိ တစ်ပတ်ရစ်ကားဈေးကွက်အတွင်း အင်ဂျင်အရွယ်အစား 2000 CC အောက် ကားတွေသာ အရောင်းအဝယ် ဖြစ်နေလျက် ရှိပါတယ်။
စကစကထုတ်ပြန်ထားတဲ့ ကားတင်သွင်းခွင့်မူဝါဒမှာ လုပ်ငန်းသုံးကားတစ်မျိုးထဲသာ တင်သွင်းခွင့်ပေးထားတဲ့အတွက် အိမ်စီးကား တင်သွင်းခွင့် ကန့်သတ် ချက်ရှိနေပြီး ရောက်ရှိပြီး တပတ်ရစ်ကားများကိုသာ အရောင်းအဝယ် ပြုနေရခြင်းဖြစ်သည်။
ရန်ကုန်ကားဈေးကွက်အတွင်းမှာကားများ အတက်ဈေးနဲ့အရောင်းအဝယ်ဖြစ်နေသလို၊ ညာမောင်းတစ်ပတ်ရစ်ကားတွေထဲက သိန်း ၁၅၀ နှင့် သိန်း ၂၀၀ ပတ်လည် အင်ဂျင်အသေးကားတွေ အရောင်းအဝယ်ဖြစ်နေကြပြီး၊ အချို့ Brand new ကားအသစ်တွေကိုလည်း ဘဏ်စနစ်နဲ့ အရောင်းအဝယ် လုပ်လာကြပါတယ်။
ယခင်က ကားအသစ်ဝယ်ယူစီးနင်းပြီး ပြန်လည်ရောင်းချလျှင် အရှုံးပြနေသည့်အခြေအနေမှ ယခု အခါ ဈေးကွက် အရ တစ်ပတ်ရစ်ကားအရောင်းအဝယ် အမြတ်ဖြစ်ပေါ်လျက်ရှိ နေသည်ဟု ကားအကျိုးဆောင်များထံမှသိရပါတယ်။
ဘယ်မောင်းကားအသစ်များကို ပြည်တွင်းမှာတပ်ဆင်ထုတ်လုပ်နေသည့် အမှတ်တံဆိပ်များလည်း အရောင်းအဝယ် တချို့ ဖြစ်နေပြီး ပြန်လည်ရောင်းချကြသည့် ဈေးကွက်တွင်လည်း ပွဲ နည်းနည်း ဖြစ်နေတယ်လို့ သိရပါတယ်။
လက်ရှိ ပြည်တွင်း ကားအရောင်းအဝယ်ကို အွန်လိုင်း လူမှုကွန်ယက်တွေပေါ်မှာ အမျိုးအစားလိုက် ကြိုက်ရောင်း၊ ကြိုက်ဝယ် စနစ်တွေနဲ့ ရောင်းချနေမှုတွေရှိပြီး မော်ဒယ်နံပါတ်၊ လိုင်စင်သက်တမ်းစတာတွေ အပေါ်မူတည်ပြီး ယခင်ကသိန်း ၁၀၀ ကျော်ပတ်ချာလည် ဈေးဝန်းကျင်ရှိ ကားဈေးတွေဟာ ၃၀ ရာခိုင်နှုန်းကနေ ၅၀ ရာခိုင်နှုန်း ထိမြင့်တက်လျက်ရှိနေတယ်လို့ကား ရောင်း/ဝယ် ပြုလုပ်နေသူများထံက သိရှိရပါတယ်။
ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (ကညန) မှာလည်း ယာဉ်စစ်ဆေးမှုမလုပ်ဘဲ လိုင်စင်သက်တမ်းတိုးပေးနေတဲ့အတွက်ကြောင့် ဈေးကွက်အတွင်း တိုက်ကြေကားများ၊ ကားဘော်ဒီချိန်း၊ အခွံလိုက်ဖောက်စွပ် ကားများကို လိုက်လံဝယ်ယူပြီး ပြန်လည်ရောင်းချမှုတွေလည်းရှိနေလို့ ယခုအချိန်မှ ကားဝယ်ယူမယ့်သူတွေသတိထား ဝယ်ယူသင့်ပါတယ်။