မွှေးမွှေးလေးနဲ့ စားလို့ကောင်းတဲ့ ထန်းပင်မြစ်ကို ထန်းပင်ကြီးရဲ့ အမြစ်လို့ အခုထိ ထင်နေကြတုန်းလား
ထန်းပင်မြစ်ကိုရော စားဖူး ကြလား။ ထန်းပင်မြစ်ဆိုတော့ အချို့မသိသေးသူများက ထန်းပင်ကြီးရဲ့ အမြစ်တွေလို့ထင်နေကြတော့ ရယ်လိုက်ရသေးတယ်။
ထန်းပင်ကြီးရဲ့အမြစ်က ကြီးမားလွန်းလို့ နွားတွေစားဖို့အတွက် နွားစာကျင်း (မြက်တွေ ထည့်ကျွေးတဲ့ခွက်ကြီး) တွေတောင် ထွင်းလို့ရပါတယ်။ စားလို့ရတဲ့ ထန်းပင်မြစ်က ထန်းသီးအရင့်တွေကို မြေမြုပ်ထားပြီး ထွက်လာတဲ့ ထန်းပင်ပေါက်ပါ။ ဥပမာပြောရရင် ယာတောသူတို့စားနေတဲ့ ပဲပင်ပေါက်လိုဘဲပေါ့
အာ့တာကိုမစားရင် ထန်းပင်ကြီးဖြစ်လာမှာပေါ့လေ။ သူ့အရသာက နုလွန်းရင် ခါးသက်သက်ဖြစ်တတ်ပြီး ရောင်းတန်းဝင် အရွယ်လောက်ဆိုရင်တော့ စားပြီးရင်း စားချင်စရာကောင်းတဲ့ ထူးဆန်းတဲ့အရသာမျိုးလေးပါ။ မီးဖုတ်စားရင် အနံ့ပိုပြီး မွှေးပါတယ်။
စားသုံးရန်အတွက် ထန်းပင်မြစ်မီးဖုတ် (သို့) ထန်းပင်မြစ်ပြုတ်ကို အခွံခွာပြီးလျှင် ထန်းမြစ်ဖွေးဖွေးလေး တွေ့ပါလိမ့်မယ်။ ထိုထန်းမြစ်လေးရဲ့ အပေါ်ယံအမျှင်ပါးလေးကို နောက်တစ်ကြိမ်ထပ်ခွာပါ။ ထို့နောက်အလယ်ကနေခြမ်းကာ အထဲက အူတိုင်အနှံလေးကို ဖယ်ပြီး စိတ်ကြိုက်စားလို့ရပါပြီ။
ထန်းပင်မြစ်ကို မီးဖုတ်ပြီးလည်း စားလို့ရသလို ပြုတ်ပြီးလည်း ဆီနဲ့ဆားနဲ့ တို့စားကြပါတယ်။ အချို့ကလည်း ထန်းမြစ်ကြော်၊ ထန်းမြစ်နှမ်းထောင်း စသဖြင့်အမျိုးမျိုး စားလေ့ရှိကြပါတယ်။ ဒါကြောင့် ယာတောသူတို့လည်း အညာစာတစ်မျိုးဖြစ်တဲ့ ထန်းပင်မြစ်ကို လမ်းကြုံရင်စားကြည့်ဖို့ မမေ့ကြပါနဲ့နော် (ယာတောသူ)