မသင့်လျော်တဲ့ အပြုအမူကြောင့် ဝေဖန်ခံနေရတဲ့ မာစတာချက် ပြိုင်ပွဲဝင်ဟောင်း အောင်ဝေဖြိုး

လတ်တလော လူမှုကွန်ရက်ပေါ်မှာ လူပြောများနေတဲ့ အကြောင်းအရာကတော့ မာစတာချက် ပြိုင်ပွဲဝင်ဟောင်း အောင်ဝေဖြိုးရဲ့ ဗီဒီယိုဖိုင် အကြောင်းပဲ ဖြစ်ပါတယ်။

မာစတာချက် ပြိုင်ပွဲဝင်ဟောင်း အောင်ဝေဖြိုးဟာ ပြိုင်ပွဲက ထွက်ခဲ့ရပြီးနောက် လူမှုကွန်ရက်ပေါ်မှာ ဟင်းချက်ဗီဒီယိုတွေကို တင်လေ့ ရှိသူပါ။ ယမန်နေ့က တင်ခဲ့တဲ့ ဗီဒီယိုတခုမှာ ရန်ကုန် တရုတ်တန်းရဲ့ လမ်းဘေး အစားအစာတွေကို မြည်းစမ်းပြီး သုံးသပ်တဲ့ ပုံစံ ပြုလုပ်ခဲ့ပါတယ်။

အဆိုပါ ဗီဒီယိုထဲမှာ ထိုင်းရေခဲသုပ်ကို မြည်းစမ်းကြည့်ပြီးနောက် အောင်ဝေဖြိုးဟာ မကြိုက်ဘူးဆိုတဲ့ အကြောင်း ပြောပြီး ယင်းရေခဲသုပ်ကို အမှိုက်ပုံးထဲ ပစ်ထည့်ခဲ့တဲ့ ပြကွက်ကို ထည့်သွင်း ပြသခဲ့ပါတယ်။ ထိုဗီဒီယိုဖိုင်ကို လူအများအပြားက ဝေဖန်မှု ရှိခဲ့ပြီးနောက် အမှိုက်ပုံးထဲ ပစ်ထည့်ပြတဲ့ ပြကွက်ကို တည်းဖြတ်ပြီး ဗီဒီယိုဖိုင်ကို ပြန်တင်ခဲ့ပါတယ်။

ဒါပေမယ့် လူမှုကွန်ရက် အသုံးပြုသူတချို့က အဆိုပါ ပြကွက်ကို ရရှိခဲ့ကြပြီး လူမှုကွန်ရက်မှာ ပြန်လည် တင်ခဲ့တာကြောင့် လူအများအပြားက ဆက်လက် ဝေဖန်နေကြပါတယ်။ လမ်းဘေးဆိုင်ကို ဟိုတယ်စံနှုန်းတွေနဲ့ တိုင်းတာပြီး အပြစ်ပြောတာဟာ မဖြစ်သင့်ကြောင်း၊ မကောင်းဘူးလို့ ပြောတာထက် အမှိုက်ပုံးထဲ ပစ်ထည့်ပြတာဟာ ရိုင်းစိုင်းတဲ့ အပြုအမူ ဖြစ်တဲ့အကြောင်း၊ နာမည်ကြီးချင်လည်း အခြားနည်းနဲ့ ပြုလုပ်သင့်ကြောင်း၊ ယခုကဲ့သို့ မလျော်ကန်တဲ့ လုပ်ရပ်တွေ လုပ်ပြတာဟာ သူများ စီးပွားရေးကို တုတ်နဲ့ထိုးတာ ဖြစ်ကြောင်း စသဖြင့် ဝေဖန်နေကြတာ ဖြစ်ပါတယ်။

အောင်ဝေဖြိုး တယောက် ဆီးသီးသည် မဗျိုင်းလို ဘဝမေ့သွားပြီလား ဆိုတာကတော့ သူကိုယ်တိုင်ပဲ သိလိမ့်မယ့် အခြေအနေပဲ ဖြစ်ပါတယ်။ ဗီဒီယိုဖိုင် ရိုက်ကူးတဲ့ အဖွဲ့ကလည်း ယခုလို မသင့်လျော်တဲ့ အပြုအမူမျိုးကို ထည့်သွင်းရိုက်ကူးခဲ့တာလည်း အတော်အံ့ဩဖို့ ကောင်းပါတယ်။ ဘာပဲ ဖြစ်ဖြစ် သူတပါး စီးပွားရေးကို ထိခိုက်စေမယ့် အကြောင်းအရာမျိုးတွေကို မပြုလုပ်သင့်တာကတော့ အမှန်ပဲ ဖြစ်ကြောင်း အသိပေး ရေးသားလိုက်ရပါတယ် ခင်ဗျာ။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page