နှစ်သန်းတထောင် သက်တမ်းရှိတဲ့ ကမ္ဘာ့အကြီးဆုံး စိန်နက်တုံးကြီးကို လေလံတင်ရောင်းချ
နှစ်ပေါင်း အနည်းဆုံး တစ်ဘီလီယံ (သန်းတထောင်) သက်တမ်း ရှိပြီလို့ ယုံကြည်ရတဲ့ ကမ္ဘာ့ အကြီးမားဆုံး စိန်တုံးကြီးကို လေလံ တင်ရောင်းချရာမှာ ဒီဂျစ်တယ်ငွေကြေး ကုမ္ပဏီ ပိုင်ရှင်တစ်ဦး က ကန်ဒေါ်လာ ၄ ဒသမ ၃ သန်း ပေးပြီး ဝယ်ယူခဲ့တယ်လို့ သိရပါတယ်။
ပဟေဠိပုစ္ဆာ လို့ နာမည်ပေးထားတဲ့ အဲဒီအနက်ရောင် စိန်တုံးကြီး ဟာ ၅၅၅ ဒသမ ၅၅ ကာရက် အလေးချိန် ရှိပြီး ၂၀၀၆ အတွင်း ကမ္ဘာ့ ဂင်းနစ် စံချိန် အဖွဲ့က ကမ္ဘာ့ အကြီးမားဆုံး စိန်တုံး အဖြစ် သတ်မှတ်ခဲ့ပါတယ်။
အဲဒီ စိန်တုံးကြီးဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂ ဒသမ ၆ ဘီလီယံ ကနေ ၃ ဒသမ ၈ ဘီလီယံ လောက်က ကမ္ဘာ မြေ ကို ဂြိုလ်သိမ်ဂြိုလ်မွှား တစ်ခု ဝင်တိုက်ချိန်မှာ ဖြစ်ပေါ် လာတာ ဖြစ်တယ်လို့ ယုံကြည် ထားကြပေမယ့် ဒီပြော ဆို ချက်ကို အယုံအကြည် မရှိ လက်မခံတဲ့ ငြင်းချက်ထုတ်မှုတွေလည်း ရှိနေပါတယ်။
ငှက်ပျောသီးတစ်လုံးလောက် အလေးချိန် ရှိတဲ့ ဒီစိန်တုံးကြီးဟာ စိန်တစ်တုံး အနေနဲ့ အရမ်းလေးတယ်လို့ မှတ်ယူ ထားကြပြီး ကမ္ဘာပေါ်က ဒိုင်နိုဆောတွေ မျိုးသုန်း ပျောက်ကွယ်သွားတဲ့ကာလ မတိုင်ခင်ကတည်းက ရှိနေခဲ့တာလို့ ဆိုပါတယ်။ ဒီလို စိန်မျိုး ကို ဘရာဇီးနဲ့ ဗဟိုအာဖရိကနိုင်ငံတို့မှာပဲ တွေ့ရလေ့ရှိပြီး မာကျောမှု အဆင့်အမြင့်မားဆုံး သဘာဝ စိန်တုံးတွေ ဖြစ်ပါတယ်။
ယခုစိန်တုံးကြီးမှာ ဥက္ကာပျံတွေမှာ ပါဝင်တဲ့ သတ္တုဓာတ် တစ်မျိုး ပါဝင်နေတာကြောင့် အာကာသကနေ လာတာ ဖြစ်နိုင်တယ်လို့ ယုံကြည်ထားပေမယ့် မူလအစကို အသေအချာ မသိနိုင်ဘဲ ရှိနေပါတယ်။ ဒီစိန်တုံးကြီး ကို မရောင်းချ ခင် ပြီးခဲ့တဲ့လက ဒူဘိုင်း မှာ ပထမဆုံး ခင်းကျင်း ပြသခဲ့ပါတယ်။ လက်ရှိစိန်တုံးကြီးကို ၁၉၉၀ ပြည့်နှစ်တွေက လက်ရှိပိုင်ရှင်က အရိုင်းတုံးအနေနဲ့ဝယ်ယူခဲ့ပြီး လက်ရှိ ပုံစံဖြတ်တောက် ထားတာဖြစ်ပါတယ်။