ဘောလိဝုဒ်ရုပ်ရှင်ကားလို ဖြစ်နေတဲ့ ကမ္ဘာ့ဖလားဖိုင်နယ်နဲ့ မက်ဆီ မျက်ရည်ကျသွားနိုင်တဲ့ ဇာတ်သိမ်း

ဒီနေ့ပွဲမှာ တကမ္ဘာလုံးက မက်ဆီပါတဲ့ အာဂျင်တီးနားကိုပဲ နိုင်စေချင်နေကြပါတယ်။ ဒီကမ္ဘာ့ဖလားပွဲစဉ်တလျှောက်လုံးလည်း ဒိုင်လူကြီးတွေကအစ မက်ဆီ အဆုံးထိ အောင်ပွဲရအောင် လိုလိုလားလား ပံ့ပိုးပေးခဲ့ကြတယ်လို့ ပြောသူတွေလည်း ရှိခဲ့တယ်။

အခု မက်ဆီ ဗိုလ်လုပွဲရောက်လာတော့ ရလဒ်အဖြစ်လက်မှတ်တွေ ရောင်းရတယ်။ စျေးကောင်းရတယ်။ ပွဲစီစဉ်တဲ့လူတွေ ကာတာမှာလုပ်လို့ အပြောခံနေရတဲ့ကြားက နာမည်ကောင်းရစရာတစ်ခုပဲ။ တကယ်သာ မက်ဆီ ဖလားရသွားခဲ့ရင်တော့ ဒါဟာ ရုပ်ရှင်ကားတကားရဲ့ ဇာတ်ညွှန်းလို ဖြစ်သွားလိမ့်မယ်။

ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားရဲ့ နောက်ဆုံးပွဲ။ သူ့အတွက် လိုနေသေးတဲ့ အရေးအကြီးဆုံးလည်းဖြစ်တဲ့ ဖလားကြီး။ တကမ္ဘာလုံး ပျော်လိုက်မဲ့ ဖြစ်ခြင်း။ ဒါပေမဲ့ ဘ၀ဆိုတာ ရုပ်ရှင်မဟုတ်ဘူး။ လက်တွေ့ဘ၀ဟာ ဇာတ်ညွှန်းမဟုတ်ဘူး။ လောကမှာ ကိုယ်ဖြစ်ချင်တိုင်း ဖြစ်တာမျိုးက ရှားတယ်။

ကျွန်တော်ကတော့ ဒီနေ့ပွဲမှာ တကမ္ဘာလုံး အသည်းကွဲပြီး နောက်ဆုံးတော့ အားလုံးက အမြင်ကပ်တဲ့ ပြင်သစ်ပဲ ရသွားလိမ့်မယ်လို့ထင်တယ်။ မက်ဆီ ခြေစွမ်းပြမှာ ဖြစ်ပေမဲ့ နောက်ဆုံးတော့ အားလုံးရဲ့ ချဉ်ဖတ် အမ်ဘက်ပေပဲ မွှေပြီး ဒုက္ခပေးသွားလိမ့်မယ်။ သူ့ကြောင့်ပဲ ပြင်သစ် ဂိုးရဦးမှာပဲ။

မက်ဆီက နောက်ဆုံးလက်ကျန် အရည်အသွေးတွေကို ကျောက်ခဲရေညှစ်သလို ညှစ်ထုတ်နေရတဲ့အချိန်မှာ အမ်ဘက်ပေက ခပ်ပြုံးပြုံးနဲ့ မထီမဲ့မြင်ပုံစံ တဘက်အသင်းသားတွေကို အနိုင်ကျင့် ပြေးလွှားကျော်တက်ပြီး ကန်နေတာဟာ စိတ်ကသိကအောက် ဖြစ်စရာတော့ ကောင်းတယ်။

ဒီပွဲမှာ ပြင်သစ်ရှုံးသွားရင် အမ်ဘက်ပေဟာ မက်ဆီတို့လို ရင့်ကျက်တဲ့ ကစားသမားတစ်ယောက်ဖြစ်လာနိုင်တယ်။ ပြင်သစ်နိုင်သွားရင်တော့ အမ်ဘက်ပေဟာ ရော်နယ်ဒိုလို ပုံစံမျိုး ဖြစ်သွားလိမ့်မယ်။

ကျွန်တော်ကတော့ ဒီနေ့ ကမ္ဘာ့ဖလား ဖိုင်နယ်ပွဲကြီးမှာ မက်ဆီအတွက် အားလုံး ငိုပေးကြရဦးမယ် ထင်မိတာပါပဲ။ (Ko Chan)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page