ဆန်တအိတ် တသိန်းကျော်ပြီ (ပြည်တွင်း ဆန်ဈေး အတက်ကြမ်းနေ၊ ဆက်တက်မည်ဟုဆို)
ဈေးကွက်အတွင်း အမြင့်ဆုံးဆန် ဖြစ်တဲ့ ရွှေဘိုပေါ်ဆန်း အမျိုးအစားဟာ ၂၄ ပြည်ဝင် တစ်အိတ်ကို ၁ သိန်း ၃ ထောင်ကျပ်အထိ လက်လီဈေးကွက်မှာ ရောင်းချနေပြီး ဆန်ဈေးနှုန်းအတက်ကြမ်းလာတယ်လို့ စားသုံးသူ ဈေးကွက်အတွင်းကနေ သိရပါတယ်။
“ဆန်ဈေး အခုတအားတက်တယ်။ အရင်လက စပါးပေါ်ချိန်ကြောင့် ဆန်ဈေးခဏ ပြန်ကျသွားသေးတယ်။ ကျတုန်းကတော့ ရွှေဘိုပေါ်ဆန်းတအိတ် ၉ သောင်းကျော်ကျော်ပဲ။ ပြန်တက်မှသာ သိန်းဂဏန်းဖြစ်သွားတာလို့” အင်းစိန်ဈေးအတွင်း ဆန်ရောင်းချသူ တဦးက ပြောပါတယ်။
နိုဝင်ဘာလအတွင်းမှာ ဆန်ဈေးနှုန်း ကျဆင်းမှု ရှိခဲ့ပေမယ့် အခု ဒီဇင်ဘာလဆန်းက စကာ ရွှေဘိုပေါ်ဆန်းတအိတ် ၁ သိန်းကျော်နဲ့ ဧရာဝတီပေါ်ဆန်းတအိတ် ၇၀၀၀၀ ကျပ်ကနေ ၈၅၀၀၀ကျပ်နှုန်းနဲ့ ဆန်ကြမ်း ရက်၉၀ တအိတ် ၄၂၀၀၀ ကျပ်ကနေ ၅၅၀၀၀ ကျပ်နှုန်းတွေအထိ ဈေးနှုန်းအတက်ကြမ်း နေတာဖြစ်ပါတယ်။
ပြည်တွင်းစပါးဈေးနှုန်းမှာလည်း နိုဝင်ဘာလက ရွှေဘိုပေါ်ဆန်း စပါးတင်း ၁၀၀ ကို ၂၄ သိန်းအထိ ပေါက်ဈေးရှိခဲ့ရာကနေ လက်ရှိဒီဇင်ဘာလမှာတော့ တင်း ၁၀၀ ကို ၂၆ သိန်းပေါက်ဈေးအထိ ဈေးမြင့်တက်သွားတယ်လို့ သိရပါတယ်။
လက်ရှိအချိန်မှာ မြန်မာပြည်ရဲ့ အဓိက ထွက်ကုန်အဖြစ် ဆန်ကို အဓိက တင်ပို့နေပြီး ပြည်တွင်း စားသုံးမှု ဖူလုံသော်လည်း မြန်မာကျပ်ငွေ တန်ဖိုး ကျဆင်းမှု၊ စိုက်ပျိုးစရိတ်များ မြင့်တက်မှုတို့ကြောင့် ဆန်ဈေးနဲ့ စပါးဈေးဟာ ဆက်လက် တက်နိုင်တယ်လို့ ဈေးကွက်ပညာရှင်များက ခန့်မှန်းထားကြပါတယ်။