ပြင်သစ်ကော်ဖီဆိုင် ယဉ်ကျေးမှုနဲ့ ဝါးခယ်မက (၅၀၀) ကျပ်တန် မြန်ကောင်းသက်သာ ထမင်းဆိုင်
ဝါးခယ်မမြို့၊ မင်းပိုင်းရပ်ကွက်၊ ကမ်းနားလမ်း၊ ကွမ်းခြံကုန်းကျောင်းတိုက်မှာ ဝါးခယ်မမြို့ စေတနာရှင်များ ၅၀၀ ကျပ်တန် ထမင်းဆိုင် ဖွင့်လှစ်ထားပါတယ်။
ထမင်းဆိုင်တွင် လိုအပ်သောသူ ဖေးမကူအစီအစဉ်လည်းရှိပြီး ကူပွန်တစောင် ၅၀၀ ကျပ်ဖြင့် ဝယ်ယူပြီး အခမဲ့သုံးဆောင်နိုင်ရန် သတ်မှတ်ထားသည့် နေရာတွင် ချိတ်ဆွဲပေး ထားရမည်ဖြစ်ကာ အမှန်တကယ် ဝယ်ယူစားသောက်ရန် အခက်အခဲရှိသူများက ကူပွန်တစ်စောင်ယူပြီး စားသုံးနိုင်ကြောင်းသိရှိရပါတယ်။
ပြင်သစ်နိုင်ငံ ပါရီမြို့က ကော်ဖီဆိုင်တွေမှာ ယဉ်ကျေးမှု တခု ရှိပါတယ်။ ငွေကြေးတတ်နိုင်သူများက ကော်ဖီခွက်များ ပိုမှာပေးပြီး နံရံမှာ ကော်ဖီတခွက်လို့ အမှတ်အသား ပြုထားခဲ့ပါတယ်။
ငွေကြေး မတတ်နိုင်ပေမယ့် ကော်ဖီသောက်ချင်သူက နံရံပေါ်က ကော်ဖီတခွက်လို့ ပြောပြီး ယူသောက်ရတဲ့ ယဉ်ကျေးမှု ဖြစ်ပါတယ်။ လူသားချင်း စာနာထောက်ထားမှုကို ပြတဲ့ ဓလေ့ထုံးစံ တခုအနေနဲ့ ပြုလုပ်လေ့ ရှိပါတယ်။
အဲဒီ ပြင်သစ်ကော်ဖီဆိုင် ယဉ်ကျေးမှု ပုံစံအတိုင်း ဝါးခယ်မ (၅၀၀) ကျပ်တန်ဆိုင်ပိုင်ရှင် စေတနာများက ပြုလုပ်ထားခြင်း ဖြစ်ပါတယ်။
ဘာအကျိုးမှ မမျှော်ကိုးဘဲ စေတနာသန့်သန့်နဲ့ (၅၀၀) ကျပ်တန် ထမင်းဆိုင်တွေ ဖွင့်နိုင်အောင် ကြိုးစားပေးနေတဲ့ စေတနာဇောတိကများကိုလည်း ပြည်သူတွေ ကိုယ်စား အထူးပင် ကျေးဇူးတင်ရှိပါတယ်လို့ ဒီကနေ ပြောလိုက်ပါရစေ ခင်ဗျာ။