အပူချိန် ဆက်မြင့်နေဦးမယ့် မြန်မာနိုင်ငံက မြို့ကြီးများနဲ့ စိုက်ဆင်းလေပြင်း အန္တရာယ်

တနိုင်ငံလုံးမှာ အပူချိန်တွေ မြင့်တက်ပြီး နွေရဲ့ သရုပ်အမှန်ကို တွေ့နေကြရတဲ့ အချိန်ရောက်နေပါပြီ။

အလယ်ပိုင်းဒေသက မြို့တချို့(ရေစကြို၊ မုံရွာနဲ့ မကွေး)ကို လေ့လာကြည့်တဲ့အခါ အပူချိန် ၄၀ ဒီဂရီ ဆဲလ်စီးယပ်စ်(စင်တီဂရိတ်)ကျော်တဲ့ နေ့တွေဟာ မေလဆန်းအထိ ဆက်ရှိနေဦးမှာလဲ တွေ့ရပါတယ်၊ အပူချိန်မြင့်တက်တာတွေနဲ့အတူ ဖိအားတွေ ကျလာတာကြောင့် ဖိအားမြင့်နေတဲ့ အရပ်ရပ်က ဝင်လာတဲ့အားပြင်းတဲ့ လေအေးစီးကြောင်းတွေက အဲ့ဒီဒေသတွေအတွက် လေပြင်းကျရောက်နိုင်ခြေတွေ မြင့်တက်လာစေတာကို သတိပြုကြရမှာ ဖြစ်ပါတယ်။

ရေစကြိုမှာဆိုရင် ဧပြီလ ၃၀ ရက်မွန်းလွဲပိုင်းမှာ တိုက်နိုင်တဲ့ လေပြင်းရဲ့အားက တစ်နာရီ မိုင် ၄၀ ကျော်အထိတောင်ရောက်နိုင်ကြောင်းတွေ့ရပါတယ်။

အလယ်ပိုင်းအပူချိန်မြင့်မားတဲ့ ဒေသတွေအတွက် ဧပြီလကုန်ပိုင်းနဲ့ မေလဆန်းပိုင်းတွေမှာ လေပြင်းအန္တရာယ်၊ မိုးကြိုးအန္တရာယ်နဲ့ ခြောက်သွေ့စိုက်ဆင်းလေပြင်းအန္တရာယ်တွေ ရှိနေနိုင်ကြောင်း သတိချပ်ကြစေချင်ပါတယ်။

စိုက်ဆင်းလေပြင်းအန္တရာယ်

စိုက်ဆင်းလေပြင်း ဆိုတာရဲ့ အန္တရာယ်ကို ပိုပြီး သိမြင်နိုင်အောင် ထပ်ရေးပေးပါဦးမယ်။ နွေရာသီမှာဖြစ်စေ၊ မိုးရာသီအစမှာဖြစ်စေ မိုးတိမ်တောင်ကြီးတွေ ဖြစ်လာတာက စ လို့ စိုက်ဆင်းလေပြင်း ဆိုတာ ဖြစ်လာပါတယ်၊ နွေရာသီမှာတော့ “ခြောက်သွေ့စိုက်ဆင်းလေပြင်း”ဆိုတာဖြစ်ပြီး၊ မိုးရာသီမှာ “စိုစွတ်စိုက်ဆင်းလေပြင်း”ဆိုတာ ဖြစ်တတ်ကြောင်းလဲ ရှင်းပြခဲ့ပြီးပါပြီ။

Dry Downburst ဖြစ်တဲ့အခါ – တချို့နေရာတွေမှာ မိုင် အစိတ်လောက် တိုက်ပေမဲ့ တချို့နေရာတွေမှာ မိုင် ၅၀ ကျော်အထိ တိုက်တယ်၊ မိနစ်ပိုင်းတိုက်ပြီး ပြီးသွားရော – Wet Downburst က ပိုကြောက်စရာကောင်းမယ်ထင်တယ်၊ လေအားရော ရေရဲ့ အလေးချိန် weight ရော ပါတော့ ပိုပြင်းနိုင်မယ်။ မိုးဦးကျ မိုးတိမ်တောင်ကြီးတွေက ဆင်းလာတဲ့ စိုက်ဆင်းလေပြင်းက ပိုကြောက်စရာကောင်းလိမ့်မယ်။ စိုက်ဆင်းလေပြင်းတွေကို Microburst လို့လဲ ခေါ်ကြတယ်။

လေယာဉ်တွေအတွက် အန္တရာယ်အရှိဆုံးစိုက်ဆင်းလေပြင်းပါ။ မုန်တိုင်းက ကြိုသိတယ် ကြိုရှောင်လို့ရတယ်၊ ဘယ်နေရာ ဘယ်လောက်တိုက်မယ်ဆိုတာ ခန့်မှန်းနိုင်တယ် စိုက်ဆင်းလေပြင်းကတော့ ရုတ်တရက် ဖြစ်လာတယ်၊ ခဏလေးနဲ့လဲ ပြီးသွားတယ်၊ အပျက်အစီးကတော့ တိုက်လိုက်တဲ့ လေတိုက်နှုန်းပေါ်မူတည်ပြီးတော့ ဖြစ်တာအနည်းနဲ့အများ ကွာသွားမှာပါ။

WIn Naing

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page