ကိုဗစ် ကာကွယ်ဆေး ဒုတိယအသုတ် (၂) သန်း ရောက်ရှိမယ့်နေ့နဲ့ ပြည်သူတွေကို စထိုးပေးမယ့်နေ့

ကိုဗစ် ကာကွယ်ဆေး ဒုတိယအသုတ် (၂) သန်း ရောက်ရှိမယ့်နေ့နဲ့ ပြည်သူတွေကို စထိုးပေးမယ့်နေ့

မန္တလေးမြို့ရှိ ကျန်းမာရေးဝန်ထမ်းများအား မနက်ဖန် ဇန်နဝါရီ (၂၇)ရက်က စတင်ကာ ကိုဗစ် ကာကွယ်ဆေး ထိုးနှံပေးမည်ဖြစ်ပြီး နှစ်ရက်အတွင်း အပြီးထိုးနှံနိုင်ရန် စီစဉ်ထားကြောင်း ဆေးရုံ တာဝန်ရှိသူများက ပြောပါတယ်။

ကိုဗစ် အတည်ပြုလူနာများ ထားရှိကုသပေးနေသော မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ၆၂လမ်းပေါ်ရှိ ခုတင်(၃၀၀)ဆံ့ သင်ကြားရေးဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများအား အဆိုပါ ဆေးရုံ၌ပင် မနက်ဖန် ဇန်နဝါရီ (၂၇)ရက် နေ့လည်ပိုင်းတွင် ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးမည်ဟု ယင်းဆေးရုံ၊ ဆေးရုံအုပ်ကြီး ဒေါက်တာဝေဝေဦးက ပြောပါတယ်။

ခုတင်(၃၀၀)ဆံ့ သင်ကြားရေးဆေးရုံ၌ တာဝန်ထမ်းဆောင်နေသာ ကျန်းမာရေးဝန်ထမ်း (၅၀၀)ကျော် ရှိပြီး အဆိုပါ ဝန်ထမ်းများ အားလုံးကို နှစ်ရက်ခွဲကာ ထိုးနှံပေးနိုင်ရန် စီစဉ်ထားကြောင်း ဒေါက်တာဝေဝေဦးက ရှင်းပြပါတယ်။ ထို့အပြင် ဆေးတက္ကသိုလ် (မန္တလေး)မှ ကျန်းမာရေးဝန်ထမ်းများကိုလည်း မနက်ဖန် နံနက်ပိုင်းမှ စတင်ကာ မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် လမ်း(၃၀)နှင့်(၇၃)လမ်းထောင့်ရှိ အောင်ပင်လယ်ခန်းမ၌ ကာကွယ်ဆေး ထိုးနှံပေးမည်ဟု ဆေးတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာခင်မောင်လွင်က ပြောပါတယ်။

ဆေးတက္ကသိုလ်(မန္တလေး)တွင် ကျန်းမာရေးဝန်ထမ်း (၈၀၀)ကျော်ရှိပြီး နှစ်ရက်ခွဲကာ ထိုးနှံမည်ဟု ၎င်းက ဆိုသည်။ ဝန်ထမ်းအားလုံးကို ကာကွယ်ဆေး ထိုးနှံပေးနိုင်ရန် စာရင်းကောက်ယူ တင်ပြထားပြီး ဆေးထိုးခြင်း၊ မထိုးခြင်းမှာမူ တစ်ဦးချင်းစီ၏ သဘောဆန္ဒအရသာဖြစ်ကာ အတင်းအကြပ် ထိုးခိုင်းခြင်းမျိုး မရှိကြောင်း ဒေါက်တာခင်မောင်လွင်က ပြောပါတယ်။

မန္တလေး အထွေထွေဆေးရုံကြီးမှ ကျန်းမာရေးဝန်ထမ်းများကိုလည်း မနက်ဖန် ဇန်နဝါရီ (၂၇)ရက်တွင် ကာကွယ်ဆေး ထိုးနှံမည် ဖြစ်ပြီး ယခုကဲ့သို့ ကိုဗစ် ကာကွယ်ဆေး ထိုးနှံခွင့်ရမည့်အပေါ် ဝမ်းသာကြောင်း မန္တလေးဆေးရုံကြီး လက်အောက်ရှိ ကန်တော်နဒီဆေးရုံမှ လက်ထောက်ဆေးရုံအုပ်ကြီး ဒေါက်တာသက်ပိုင်ဦးက ပြောပါတယ်။

မြန်မာနိုင်ငံ အနေဖြင့် အိန္ဒိယနိုင်ငံမှ ပေးပို့ထောက်ပံ့ထားသည့် COVISHIELD ကိုဗစ်ကာကွယ်ဆေး အလုံးရေ တစ်သန်းခွဲ လက်ခံရရှိထားပြီး ယင်းဆေးများဖြင့် လူဦးရေ ခုနှစ်သိန်းခွဲအား စတင်ထိုးနှံပေးမှာ ဖြစ်ပါတယ်။ ကာကွယ်ဆေးများကို ပထမဦးစားပေးအဖြစ် ကျန်းမာရေးဝန်ထမ်းများအား ထိုးနှံပေးမည်ဖြစ်ကြောင်းနှင့် လတ်တလော ကောက်ယူထားသည့် စာရင်းအရ မြန်မာနိုင်ငံတွင် ကျန်းမာရေးဝန်ထမ်း (၁၁၀၀၀၀)ကျော် ရှိကြောင်း အစိုးရ တာဝန်ရှိသူများက ပြောကြားထားပါတယ်။

(၂) လပိုင်း ပထမ အပတ်တွင် ကာကွယ်ဆေးများ ထပ်ရောက်မည်၊ (၅) ရက်နေ့တွင် ပြည်သူတွေကို စတင် ထိုးပေးမယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page