ရန်ကုန်မြစ် အောက်ခြေမှာ ထာဝရ လဲလျောင်းနေတဲ့ ၁၇ ရာစု ပင်လယ်ကူး ဒတ်ချ်သင်္ဘောကြီး
ရန်ကုန်မြစ် အောက်ခြေတစ်နေရာတွင် ‘ကိုနင်းဒေးဗစ်’ အမည်ရ အရှေ့အိန္ဒိယကုမ္ပဏီပိုင် ဒတ်ချ်သင်္ဘောတစ်စီး နစ်မြုပ်နေလျက် ရှိပါသည်။
ဂွတ်ဟုပ်အငူမှ ဘတ္တားဗီယားမြို့သို့ ရွက်လွှင့်ခဲ့ပြီး ထိုမှတစ်ဆင့် ပဲခူးသို့ ဆက်လက် ထွက်ခွာလာရာလမ်းတွင် သင်္ဘောကြီး နစ်မြုပ်သွားခဲ့ခြင်းဖြစ်ပြီး ၁၆၆၁ ခုနှစ် ဧပြီလက ဖြစ်သည်။
နစ်မြုပ်သည့်နေရာမှာ ကမ်းစပ်နှင့်မလှမ်းမကမ်း ယနေ့ရန်ကုန်မြို့နေရာတွင် ဖြစ်သည်။ Verenigde Oostindische Compagnie အမည်ရ ဒတ်ချ် အရှေ့အိန္ဒိယကုမ္ပဏီပိုင် သင်္ဘောဖြစ်ပြီး သင်္ဘောကပ္ပတိန်မှာ အမ်စတာဒန်မြို့မှ ကော်နယ်လိစ်ရော့ဘ် အမည်ရှိ ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။
သင်္ဘောပေါ်တွင် မြန်မာနိုင်ငံနှင့် ကုန်သွယ်ရန် ထိုစဉ်က မြန်မာတို့အကြိုက်ဖြစ်သည့် အနောက်တိုင်းလက်ရာ ရွှေထည်ငွေထည်များ၊ ဟင်းချက်အမွှေးအကြိုင်ပစ္စည်းများ၊ ပိုးလိပ်အထည်လိပ်များ စသည်တို့ကို အပြည့်တင်ဆောင်လာခြင်းဖြစ်သည်။
ယင်းသင်္ဘောကြီးသည် သစ်သားဖြင့်ဆောက်လုပ်ထားသည့် သင်္ဘောအမျိုးအစားများဖြစ်ကာ သင်္ဘောပေါ်တွင် အမြောက်ကြီး အလက်(၂၀)ခန့်ပါဝင်သည်။ ထိုခေတ်ထိုအခါက ပင်လယ်ကူးသင်္ဘောကြီးဖြစ်၍ ရန်ကုန်မြို့နှင့် သန်လျင်မြို့အကြားသို့ ရောက်ရှိလာစဉ်တွင် နစ်မြုပ်ခဲ့ခြင်းဖြစ်သည်။
ထိုခေတ်က မြန်မာပြည်တွင် လာရောက်လုပ်ကိုင်သည့် ဒတ်ချ်စီးပွားရေးလုပ်ငန်း အရေအတွက်မှာ များများစားစား ရှိခဲ့သည်။ အင်းဝ၊ ပဲခူး၊ သန်လျင်တို့တွင်သာမက အာရကန်ရခိုင်ပြည်တွင်လည်း ရုံးခန်းများ အတည်အကျဖွင့်ကာ လည်ပတ်ခဲ့သော ဒတ်ချ်ကုမ္ပဏီများ ရှိခဲ့သည်။
ဒတ်ချ်တို့သည် တောင်အိန္ဒိယမှ အထည်အလိပ်၊ ငွေဝယ်ကျွန်၊ သေနတ်၊ ဟင်းခတ်အမွှေးအကြိုင် စသည့် ကုန်စည်များကို ကူးသန်းရောင်းဝယ်ခဲ့ကြသည်။ ၁၇ ရာစု မြန်မာတို့သည် (ယနေ့နယူးယောက်မြို့) ဟက်ဒဆန်တောင်ကြားမှ ဘီဘာသားမွေး ဦးထုပ်ကိုပင် ဒတ်ချ်ကုန်သည်များထံမှ ဝယ်ယူဝတ်ဆင်ခဲ့ကြသည်။
အနောက်တိုင်းပညာရှင်များ၏ လေ့လာတွေ့ရှိချက်များအရ အဆိုပါသင်္ဘောကြီးသည် ရန်ကုန်မြစ်အောက်ခြေတွင် ရှိနေသည့် ဒဏ္ဍာရီလာ ဓမ္မစေတီခေါင်းလောင်းကြီးတည်နေရာအနီးတွင်ပင် ရှိနိုင်ကြောင်းခန့်မှန်းကြသည်။
ဓမ္မစေတီခေါင်းလောင်းကြီးနစ်မြုတ်ခဲ့သည့်နေရာဟု ခန့်မှန်းရသောအနီးတစ်ဝိုက်တွင် ရေဝဲကြီးများ မကြာခဏ ဆိုသလို ဖြစ်ပွားခဲ့ကြောင်း ၁၈၀၀ ပြည့်နှစ်များတွင် ရေးသားထားသည့် သမိုင်းအထောက်အထားများအရ သိရှိရသည်ဟု ဆိုသည်။
ဓမ္မစေတီခေါင်းလောင်းကြီးနှင့်သင်္ဘောကြီးနစ်မြစ်နေသည့် နေရာများအား အင်္ဂလိပ် အစိုးရလက်ထက်တွင်လည်း အင်္ဂလိပ်တို့မှဆယ်ယူရန် အကြိမ်ကြိမ် ကြိုးစားခဲ့ကြပြီး အောင်မြင်မှုမရရှိခဲ့ပေ။
ခေါင်းလောင်းကြီးအပြင် စူးစမ်းရှာဖွေစရာ ရန်ကုန်မြစ်အောက် စုန်းစုန်းမြုပ်နေသည့် အရာများစွာ ရှိနေသည်။ ထိုအထဲတွင် ကိုနင်းဒေးဗစ်သင်္ဘောကြီးလည်း အပါအဝင်ဖြစ်သည်။ သင်္ဘောပေါ်ရှိ ရတနာများလည်း ပကတိတိုင်း ရှိနေကောင်း ရှိနေနိုင်ပေသည်။
lostfootstep