“ဒုစရိုက်မှုနှင့် ချမ်းသာခြင်း” – ဒုစရိုက်မှုလုပ်ပြီး ရတာတွေနဲ့ ဘုရားတည် ကျောင်းဆောက်တယ်ဆိုတာ
“ဒုစရိုက်မှုနှင့် ချမ်းသာခြင်း”
ဒုစရိုက်မှုလုပ်ပြီး ရတာတွေနဲ့ ဘုရားတည် ကျောင်းဆောက်တယ်။ အဲဒါကို အကုသိုလ်+ကုသိုလ် ရောနှောနေတဲ့ မိဿကကံလို့ ခေါ်တယ်။
မိဿကကံကို ပြုထားသူက နောက်ဘဝမှာ လူပြန်ဖြစ်ခဲ့ရင်- ကောင်းရောင်း ကောင်းဝယ် လုပ်ကိုင် စားသောက်ရင် စီးပွားမဖြစ်တော့ဘူး။ ဒုစရိုက်လုပ်ငန်းကို လုပ်ကိုင်မှသာလျှင် စီးပွားဖြစ်တော့တယ်။
အဲဒီအခါမှာ ကောင်းတာလဲလုပ်ရင် ကောင်းတာဖြစ်တယ်။ မကောင်းတာလုပ်ရင် မကောင်းတာဖြစ်တယ်ဆိုတာ မဟုတ်ဘူး။ မကောင်းတာလုပ်လို့ မကောင်းတာဖြစ်ရင် ငါစီးပွားတက်စရာအကြောင်းမရှိဘူးဆိုပြီး မိစ္ဆာဒိဋ္ဌိဖြစ်သွားတယ်။
မိစ္ဆာဒိဋ္ဌဖြစ်သွားတဲ့အခါမှာ ချမ်းသာဖို့ စီးပွားတက်ဖို့ဆိုရင် မပြုဝံ့တဲ့ဒုစရိုက်မှုဆိုတာ မရှိတော့ဘူး။ သေလွန်တဲ့အခါ ငရဲကနေ လွတ်ဖို့ ခက်သွားပါပြီ။
ဒုစရိုက်ပြုပြီး ချမ်းသာတယ် စီးပွားဖြစ်တယ်ဆိုတာ ကြာမျိုးငါးပါးနဲ့ ပြည့်စုံသာယာနေတဲ့ ရေကန်ကြီးထဲမှာ နစ်ပြီး သေရတာနဲ့ အတူတူပဲ။
သုစရိုက်မှုတွေနဲ့ ချမ်းသာတာ စီးပွားဖြစ်တာကတော့ ပျားရည်ကန်ကြီးထဲမှာ ပျားရည်သောက်ရင်း ကူးခတ်ပြီး တစ်ဖက်ကမ်းကို ရောက်သွားသူနဲ့ တူပါတယ်။ (မိုးသု)