YBS ပေါ်ကို အနံ့ပြင်းတဲ့ ဒူးရင်းသီး ယူလာလို့ရတယ်လို့ အခုထိ ထင်နေကြတုန်းပဲလား

ယနေ့ လူမှုကွန်ရက်ပေါ်မှာ လူပြောအများဆုံး အကြောင်းအရာကတော့ YBS ပေါ်မှာ ဒူးရင်းသီး သယ်လာတဲ့ အမျိုးသမီးတယောက်က ရေးထားတဲ့ ပို့စ်ပဲ ဖြစ်ပါတယ်။ သူသယ်လာတဲ့ ဒူးရင်းသီးအနံ့ကြောင့် ဘေးနားက နှာခေါင်းရှုံတဲ့သူကို အပြစ်တင်တဲ့ အသုံးအနှုန်းနဲ့ ရေးထားတာ ဖြစ်ပါတယ်။ ပို့စ် အပြည့်အစုံကို ပြန်လည် ဖော်ပြ ပေးလိုက်ပါတယ်-

“ယနေ့ ၁၂ ခွဲလောက်က YBS20 စီးတော့ ညီမနဲ့ ညီမ အမျိုးသားက သီရိမင်္ဂလာဈေးက အသီးဝယ်ပြီး ပြန်အလာ ကိုယ်တွေ ဝယ်လာတာ ဒူးရင်းသီးဖြစ်နေလို့ ဆိုပြီး ဒူးရင်းသီးနံ့ရတယ် ဘာညာနဲ့ နှာခေါင်းကို ပိတ်ရတာနဲ့ တစ်သျူးရှာရတာနဲ့ လုပ်ပါတယ်။

အဲဒါနဲ့ ညီမလည်း တခွန်းပဲ ပြောလိုက်တယ်။ တကယ်လို့ အနံ့ မခံနိုင်ရင် ကိုယ်ပိုင်ကား (သို့) တက်စီငှားစီးလို့ တခွန်းပဲ ပိတ်ပြောထားလိုက်တယ်။ အကုန်လုံးကတောင် ဘာမှ မပြောဘဲ ကားသမားတောင် မြင်ရက်နဲ့ မပြောတာဗျာ။ အဲဒါကို -င်ခေါင်းလာကျယ်ပြနေတယ်။ အဲဒီလို လူတွေလည်း ရှိသေးတာလား။

YBS စီးရင် လူတန်းစား အလွှာအမျိုးမျိုးရှိတာမို့လို့ လူလိုနားလည်ပြီး လူမှုရေး နားလည်မှ YBS ကိုစီးပါ အမရေ၊ ထပ်ပြောမယ်။ ကိုယ်လုပ်ခဲ့တဲ့ အပြုအမူအပေါ် လာတောင်းပန်ပါ။ အခုပို့စ်ကို အာ့မတွေ့ပါစေ၊ သူဆင်းတဲ့ မှတ်တိုင်က ရွှေမန်းမှတ်တိုင်ပါ၊ အရှက်လေး ရှိတတ်ပါစေ။”

ဒီစာကို ဖတ်ပြီးရင် သင်ရော ဘယ်လိုထင်ပါသလဲ။ ကိုယ်ကြိုက်လို့ စားတဲ့အရာကို အဲကွန်းကားလို အလုံပိတ်နေရာမျိုးမှာ ယူလာလို့ ရတယ်လို့ ထင်နေပါသလား။

အဖြေကတော့ လုံးဝ မရပါဘူး။ ဒူးရင်းသီးလို ရနံ့ပြင်းထန်တဲ့ အသီးမျိုးကို အများပြည်သူတွေ ရှိနေတဲ့ အလုံပိတ်နေရာမျိုးမှာ ယူလို့ မရပါဘူး။ ဒူးရင်းသီးကို အလွန်ကြိုက်ကြတဲ့ အရှေ့တောင်အာရှဒေသက နိုင်ငံတွေမှာ အဲဒီစည်းမျဉ်းကို တင်းတင်းကျပ်ကျပ် ထုတ်ပြန်ထားပါတယ်။

အများပြည်သူ လိုက်ပါလာတဲ့ ဘတ်စ်ကား၊ မီးရထားနဲ့ လေယာဉ်တွေပေါ်မှာ ဒူးရင်းသီးကို ယူဆောင်စားသုံးလို့ မရပါဘူး။ သယ်ချင်ရင် ကုန်သယ်တဲ့နေရာကနေပဲ သယ်လာရပါတယ်။ အဲဒါတောင် အနံ့လုံအောင် ပိတ်ပြီးမှ သယ်လာရမှာ ဖြစ်ပါတယ်။

စင်ကာပူနိုင်ငံမှာ ဆိုရင် အများပြည်သူစီးနင်းနေတဲ့ ဘတ်စ်ကားနဲ့ မြေအောက်ရထားတွေပေါ်မှာ ဒူးရင်းသီးသာမက မည်သည့်အစားအစာမျှ ယူဆောင် စားသုံးလို့ မရပါဘူး။ ဒူးရင်းသီး ယူဆောင်မိရင် ဒဏ်ငွေ ဆောင်ရတဲ့ နေရာတွေပါ ရှိပါတယ်။

ဒီမိုကရေစီ ထွန်းကားနေတဲ့ နိုင်ငံတွေမှာ ကိုယ်ပိုင်အခွင့်အရေးတွေလည်း အပြည့်အဝ ရသလို တပါးသူရဲ့ အခွင့်အရေးကိုလည်း မထိခိုက်အောင် စည်းကမ်းတွေ ချမှတ်ထားပါတယ်။ ကိုယ်ကြိုက်လို့ ကိုယ်စားတာ၊ ကိုယ်ယူလာတာ ဘာဖြစ်လဲဆိုတဲ့ စကားဟာ အင်မတန် တာဇံဆန်လွန်းတဲ့ စကားပဲ ဖြစ်ပါတယ်။

ဒူးရင်းသီး အနံ့ဟာ ကြိုက်တဲ့သူတွေအတွက် အရမ်းမွှေးပေမယ့် မကြိုက်တဲ့သူတွေအတွက်တော့ လုံးဝ မခံနိုင်အောင် ပြင်းထန်လှပါတယ်။ အဲဒါကြောင့် တဦးနဲ့ တဦး ကိုယ်ချင်းစာတရား ထားပြီး လူတဦးချင်းစီရဲ့ အခွင့်အရေးကို မထိခိုက်အောင် ပြုမူနေထိုင်သင့်ပါတယ်။ ပို့စ်မှာ ရေးထားတဲ့ အမျိုးသမီးအနေနဲ့လည်း အတ္တမာနတွေ လျှော့ချပြီး အမြင်ကျယ်ကျယ် ထားပါလို့ အကြံပြုချင်ပါတယ်။

အခုဆိုရင်တော့ ဒူးရင်းသီးလို အနံ့ပြင်းတဲ့ စားစရာမျိုးကို YBS ပေါ်ကို ယူလာသင့်လား မသင့်လား ဆိုတဲ့ မေးခွန်းရဲ့ အဖြေကို အားလုံး သိရှိသွားမယ်လို့ ထင်ပါတယ်။ တခြားနိုင်ငံတွေမှာ အများပြည်သူနဲ့ သက်ဆိုင်တဲ့နေရာတွေကို ဒူးရင်းသီးတွေ ယူမလာဖို့ စည်းကမ်းချက် ထုတ်ထားတဲ့ ပုံတချို့ကို ဖော်ပြလိုက်ပါတယ်။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page