ရန်ကုန်တမြို့လုံးကို ဖြန့်နေတဲ့ ဘုရင့်နောင်ပွဲရုံရှိ ငရုတ်သီးမှုန့်တမျိုးတွင် ဆိုးဆေးပါဝင်နေကြောင်းတွေ့ရှိ

စကစ လက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနရဲ့ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ တာဝန်ရှိသူများက မရမ်းကုန်းမြို့နယ် အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီအဖွဲ့ဝင်များနှင့် ပူးပေါင်း၍ ဘုရင့်နောင်ပွဲရုံရှိ “အံ့ထူး” ငရုတ်သီးမှုန့်နှင့်ကုန်စုံဆိုင်အား ရှောင်တခင် ဝင်ရောက်စစ်ဆေးခဲ့ကြပါတယ်။

ရှောင်တခင် ဝင်ရောက်စစ်ဆေးရာတွင် “အံ့ထူး”ငရုတ်သီးမှုန့်နှင့်ကုန်စုံ ဆိုင်မှထုတ်လုပ်သည့် ငရုတ်သီးအစိမ်းမှုန့်၊ ငရုတ် သီးခွဲခြမ်းမှုန့်၊ ငရုတ်သီးအကြမ်းမှုန့်၊ အစိမ်းမှုန့်၊ ငရုတ်သီးအကျက်မှုန့်နှင့် ငရုတ်သီးခွဲခြမ်းမှုန့်တို့မှာ ခွင့်မပြုဆိုးဆေးများပါဝင်နေတာကို စစ်ဆေးတွေ့ရှိခဲ့ရပါတယ်။

ခွင့်မပြုဆိုးဆေးများပါဝင်သည့် ငရုတ်သီးမှုန့်များအား ထိတွေ့မိပါက အရေပြား၊ မျက်စိ၊ နှာခေါင်းနှင့်လည်ချောင်းများ ယားယံစေကာ ရေရှည်စားသုံးမိပါက အသည်းနှင့် ကျောက်ကပ်ပျက်စီးနိုင်ခြင်းနှင့် ကင်ဆာရောဂါဖြစ်ပွားနိုင်ခြင်း၊ အချိန်တိုအတွင်း ပမာဏအများအပြား စားသုံးမိပါက အဆိပ်သင့်ခြင်းများ ဖြစ်ပွားနိုင်တယ်လို့ မြန်မာ့အစားစာနဲ့ ဆေးဝါး ကွပ်ကဲရေးအဖွဲ့က အသိပေးထုတ်ပြန်ခဲ့ပါတယ်။

အဲဒါကြောင့် ခွင့်မပြုဆိုးဆေးတွေ ပါဝင်နေတဲ့ ငရုတ်သီးမှုန့်များကို သိမ်းဆည်းကာဖျက်စီးခဲ့ပြီး ခံဝန်ကတိလက်မှတ်ရေးထိုးစေခဲ့တယ်လို့ သိရပါတယ်။ အစားအသောက် ရောင်းချသူများအနေဖြင့် မြန်မာ့အစားအစာနဲ့ ဆေးဝါး ကွပ်ကဲရေးအဖွဲ့မှ ခွင့်ပြုထားခြင်းမရှိတဲ့ စားသုံးရန်မသင့်သည့် အစားအသောက်များကို စျေးကွက်အတွင်း ဖြန့်ဖြူးရောင်းချခြင်းမပြုရန်နှင့် လိုက်နာခြင်းမရှိပါက အမျိုးသားအစားအသောက်ဥပဒေပုဒ်မ ၂၈(က)အရ ဒဏ်ငွေ ကျပ် ၃ သိန်း ချမှတ်ခံရမယ်လို့ သိရပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်းမှာ အစားအစာ အန္တရာယ်ကင်းရှင်းမှုနဲ့ ပတ်သက်တဲ့ ထိန်းချုပ်ရေး လုပ်ငန်းစဉ်များ ရပ်တံ့ခဲ့တာကြောင့် ဖော်မလင်နဲ့ ဆိုးဆေးများ ပါဝင်နေတဲ့ အစားအသောက်များ ပြန်လည် ခေါင်းထောင်လာပြီ ဖြစ်ပါတယ်။ အန္တရာယ်ရှိ အစားအသောက်များကို အပြသဘောမျိုး မထိန်းချုပ်ဘဲ အသေအချာ ထိန်းချုပ်မှသာ ပြည်သူများ ကျန်းမာအသက်ရှည်နိုင်မှာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page