ဒေါ်အောင်ဆန်းစုကြည် ပုသိမ်မြို့တွင် စက်ဘီးစီးခဲ့ရသည့် အကြောင်းအရင်း

ဒေါ်အောင်ဆန်းစုကြည် ပုသိမ်မြို့တွင် စက်ဘီးစီးခဲ့ရသည့် အကြောင်းအရင်း…

၁၉၈၉ ခုနှစ်၊ ဒီဇင်ဘာလ အတွင်းက ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် ပုသိမ်မြို့သို့ရောက်လာသည်။ ဒေါ်အောင်ဆန်းစုကြည် ပုသိမ်မြို့သို့ရောက်သောအခါ ထိုစဉ်က ဧရာဝတီတိုင်း၊ တိုင်းမှူးအဖြစ် တာဝန်ထမ်းဆောင်နေသော တိုင်းမှူးဗိုလ်ချုပ်မြင့်အောင်က အမိန့်အမျိုးမျိုးထုတ်ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်သူလူထုမတွေ့နိုင်အောင်လုပ်သည်။

ဒေါ်အောင်ဆန်းစုကြည် ပုသိမ်မြို့ပေါ်ကကားတွေငှားမရအောင် နည်းအမျိုးမျိုးဖြင့်ပိတ်ပင်သည်။ ယာဉ်ပိုင်ရှင်တွေကို ခြိမ်းခြောက်သည်။ လူငါးယောက်ထက်ပိုမစုရဟု အမိန့်ထုတ်သည်။

ယင်းသို့ဆောင်ရွက်သည့်အတွက် ဒေါ်အောင်ဆန်းစုကြည်တစ်ယောက် သူတည်းခိုရာနေအိမ်မှ ပုသိမ်မြို့ထဲသို့ဝင်မရ။ ပုသိမ်မြို့ခံများနှင့်လည်း တွေ့ဆုံခွင့်ရလိမ့်မည်မဟုတ်ဟု တိုင်းမှူး ဗိုလ်ချုပ်မြင့်အောင်က တွက်ဆထားပုံရသည်။

သို့သော် နိုဘယ်ငြိမ်းချမ်းရေးဆုရှင်၊ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်က တိုင်းမှူးဗိုလ်ချုပ်မြင့်အောင် ထင်မှတ်မထားသည့်ပုံစံဖြင့် ပုသိမ်မြို့ထဲဝင်လာခဲ့သည်။ ဖြစ်သည့်နည်းဖြင့် ပုသိမ်မြို့ထဲဝင်လာသည့် ဒေါ်အောင်ဆန်းစုကြည်ကိုမြင်တော့ ပုသိမ်မြို့ခံတွေကအံသြဝမ်းသာကြသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ပြည်သူလူထုနှင့်တစ်သားတည်းရှိသော ခေါင်းဆောင်ကောင်း တစ်ယောက်ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် ပုသိမ်မြို့ထဲဝင်ပုံက ထူးခြားသည်။ ကားတွေငှားမရတော့ စက်ဘီးတစ်စီးရှာခိုင်းသည်။ ရှာလို့ရသည့်စက်ဘီးကို ကိုယ်တိုင်နင်းပြီး ပုသိမ်မြို့ထဲဝင်ခဲ့ခြင်းဖြစ်သည်။ ညနေစောင်း လူအစည်ကားဆုံးအချိန်တွင် ပုသိမ်မြို့တွင်းလမ်းတွေပေါ် မှာ စက်ဘီးစီးနင်းနေသော ဒေါ်အောင်ဆန်းစုကြည်ကို ပုံပါအတိုင်းမြင်တွေ့နိုင်သည်။

ခြိမ်းခြောက်မှုတွေရှိနေသော်လည်း ဒေါ်အောင်ဆန်းစုကြည်က ရဲရင့်ရွှင်လန်းစွာဖြင့် ပုသိမ်မြို့က လမ်းတွေပေါ် မှာ တည်ငြိမ်ပျော်ရွှင်စွာစက်ဘီးစီးနေခဲ့သည်။ ပုသိမ်မြို့သူမြို့သားတွေက ဒေါ်အောင်ဆန်းစုကြည်လွတ်လပ်စွာစက်ဘီးစီးခွင့်ရရှိအောင် ကူညီစောင့်ရှောက်ပေးခဲ့သည်လားဟု ကျွန်တော်တွေးမိသည်။

ဒေါက်တာစစ်တင် (GP)

ဆောင်းပါးရှင် ဒေါက်တာစစ်တင်(GP) သည် ၁၉၉ဝ ပြည့်နှစ်ရွေးကောက်ပွဲ၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဝင်ရောက်အရွေးခံခဲ့ပြီး ငပုတောမြို့နယ်၊ လွှတ်တော်ကိုယ်စားလှယ်အဖြစ်ရွေးကောက်ခံခဲ့ရသူတစ်ဦးဖြစ်သည်။ ငပုတောမြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စည်းရုံးရေးတာဝန်ခံအဖြစ် ၁၉၉ဝ ပြည့်နှစ်မှ ၁၉၉၅ ခုနှစ် အထိ ဆောင်ရွက်ခဲ့သူတစ်ဦးလည်းဖြစ်သည်။ ယခုအခါ မိသားစုနှင့်အတူပုသိမ်မြို့တွင် နေထိုင်လျက်ရှိသည်။ (OrientalNews)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page