မြန်မာ့ဈေးကွက်ထဲမှာ စားသုံးဆီ ပြတ်တော့မယ် (အရင်ကလို တန်းစီရတဲ့ခေတ် ပြန်ရောက်တော့မှာလား)

မြန်မာနိုင်ငံကို တင်သွင်းနေတဲ့ စားသုံးဆီအမျိုးမျိုးက နိုင်ငံခြားငွေလဲလှယ်နှုန်း မြင့်တက်တာ၊ သယ်ယူပို့ဆောင်ရေးခက်ခဲတာတွေကြောင့် ဈေးမြင့်တက်နေပြီးတော့ စားအုန်းဆီဟာ ပြည်တွင်းကထုတ်တဲ့ ပဲဆီစျေးနီးပါး ဖြစ်နေတယ်လို့ ရန်ကုန်မြို့ ကုန်မျိုးစုံ လက်လီရောင်းဝယ်သူတစ်ဦးကပြောပါတယ်။

စျေးကွက်ထဲစားအုန်းဆီစျေးတွေ တစ်နေ့တစ်ခြားမြင့်တက်လျက်ရှိနေတယ်လို့ စားသုံးသူတွေကပြောကြပါတယ်။ မနက်ဈေးနဲ့ ညဈေး မတူတော့ကြောင်း၊ ဆိုင်မှာ ရောင်းဖို့တောင် ခက်လာကြောင်း ဆီရောင်းချသူ တဦးက ပြောပါတယ်။

မြန်မာနိုင်ငံကို တင်သွင်းနေတဲ့ စားသုံးဆီအမျိုးမျိုးက ဈေးမြင့်တက်နေသလို ပြည်တွင်းထုတ်လုပ်တဲ့ မြေပဲဆီ နှမ်းဆီတွေကလည်း ကုန်ကြမ်း ပြတ်တောက်နေပြီး ကုန်အသစ် ထပ်မရသေးတဲ့ ကြားကာလဖြစ်နေတာကြောင့် ကုန်ကြမ်းရှားပါးတာတွေ ဖြစ်နေတယ်လို့ သိရပါတယ်။

ယခင်က ဆီတစ်ပိဿာကို ၁၈၀၀ ကျပ်ခန့် ရှိရာကနေ လက်ရှိအချိန်မှာ အပြင်ဈေး တပိဿာ ၇၅၀၀ ကျော်အထိ မြင့်တက်လာနေပါတယ်။

ထို့အပြင် လျှပ်စစ်မီးပြတ်တောက်တာတွေများတာကြောင့် ဆီစက်တွေ ပုံမှန်လည်ပတ်နိုင်ဖို့လည်း အခက်အခဲတွေရှိနေတယ်လို့ ဆီစက်လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

မြန်မာတစ်နိုင်ငံလုံးမှာ ဆီစက်အလုံးရေ ၃၀၀၀ခန့် ရှိတဲ့အထဲက ဆီစက်အချို့သာ ထုတ်လုပ် လည်ပတ်နေပြီး အရင်က ပြည်ပကနေ တင်သွင်းလာတဲ့ စားအုန်းဆီတွေကို ရောနှောပြီး ရောင်းချမှုတွေ ရှိခဲ့ပါတယ်။

ယခုလို စားသုံးဆီဈေးတွေ အဆမတန် စျေးတက်တာတွေက ဈေးကွက်ထဲမှာ ဆီလက်ကျန်နည်းနေတာကြောင့်လို့လည်း သိရပါတယ်။ ယူကရိန်နဲ့ ရုရှား စစ်ပွဲကြောင့် ကမ္ဘာ့ဆီဈေးကွက် ကမောက်ကမ ဖြစ်ရာကနေ မြန်မာပြည်ထဲကို စားသုံးဆီ တင်သွင်းမှုတွေ လျော့နည်းလာပါတယ်။

လက်ရှိ မြန်မာငွေ တန်ဖိုးလျော့နည်းလာပြီး ဒေါ်လာဈေးမြင့်နေတဲ့ အချိန်၊ ဈေးကွက် မတည်ငြိမ်တဲ့ အချိန်မှာ လုပ်ငန်းရှင်တွေ အနေနဲ့ စားသုံးဆီတွေကို ဈေးအမြင့်နဲ့ တင်သွင်းဖို့ အများကြီး စဉ်းစားနေရတယ်လို့ ဆီလုပ်ငန်းရှင် တဦးက ပြောပါတယ်။

မြန်မာနိုင်ငံဟာ မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံများမှ စားသုံးဆီ လစဉ် တန်ချိန် (၅၀၀၀၀) ခန့်ကို ပုံမှန်တင်သွင်းနေရပြီး ပြည်တွင်းဆီစားသုံးမှုကလည်း တစ်နှစ်မှာ တန်ချိန်(၁.၁)သန်းခန့် ရှိကာ (၈၀) ရာခိုင်နှုန်းကို ပြည်ပမှ တင်သွင်းနေရတာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ ဈေးကွက်ထဲမှာ စားသုံးဆီများ တဖြည်းဖြည်း ပြတ်လပ်လျက်ရှိပြီး တန်းစီကိုယ်တာ စနစ်နဲ့ ရောင်းချတဲ့ ဆိုင်များ များပြားလာလျက်ရှိပါတယ်။ အဲဒါကြောင့် ၂၀၀၀ ခုနှစ်ဝန်းကျင်က မြန်မာပြည် ကြုံတွေ့ခဲ့ရသလို ရပ်ကွက်ထဲက ဆီဆိုင်တွေမှာ ပါမစ်နဲ့ တန်းစီရောင်းရမယ့် ခေတ်ကို ပြန်ရောက်မလား ဆိုတာကတော့….

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page