အာဏာသိမ်းတာကို ခရေဇီ ဖြစ်နေတဲ့ အနောက်အာဖရိက စစ်တပ်တွေနဲ့ တကယ့် သံသရာဝဋ်ဆင်းရဲဆိုတာ…

အနောက်အာဖရိကမှာ အာဏာသိမ်းတာ ရောဂါထနေတဲ့ကိစ္စ

အိမ်နီးချင်းနိုင်ငံတွေအကြား ဒီမိုကရေစီတော်လှန်ရေးအောင်မြင်ရင် တော်လှန်ရေးလှိုင်းဝင်တတ်သလို စစ်တပ်က အာဏာသိမ်းတာ အောင်မြင်ရင်လည်း စစ်တပ်တွေက အာဏာသိမ်းရောဂါ ထတတ်ပါတယ်။

အနောက်အာဖရိကမှာ စစ်တပ်က အာဏာသိမ်းတဲ့လှိုင်းအသစ်ဟာ ၂၀၂၀ မာလီနိုင်ငံမှာအာဏာသိမ်းမှုကစပါတယ်။ နောက်တော့ ၂၀၂၁ မှာ ဂီနီယာဘစ်ဆောမှာ အာဏာထသိမ်းပြန်ပါတယ်။ ဂီနီယာဘစ်ဆောမှာအာဏာသိမ်းမှုက မအောင်မြင်ခဲ့ပါ။

ပြီးခဲ့တဲ့ဇန်နဝါရီလ ၂၃ ရက်နေ့က ဘာကီနာဖက်စကိုမှာ အာဏာသိမ်းမှုဖြစ်ခဲ့ပြန်ပါတယ်။ အနောက်အာဖရိကဟာ အာဏာသိမ်းမှုတွေနဲ့ ဖွတ်ဖွတ်ညက်ညက်ကြေခဲ့တဲ့နေရာပါ။

ဒုတိယကမ္ဘာစစ်အပြီး ၁၉၄၆ ခုနှစ်ကစပြီး အနောက်အာဖရိက၁၅ နိုင်ငံမှာ အာဏာသိမ်းမှုပေါင်း အကြိမ် (၁၀၀) ဖြစ်ခဲ့ပြီးပါပြီ။ ၂၀၁၀ ခုနှစ်အကျော်ကာလမှာ အာဏာသိမ်းမှုငြိမ်ချက်သားကောင်းနေရာက မြန်မာနိုင်ငံလိုပဲ ၁၀ စုနှစ်တစ်စုလောက်ပဲခံခဲ့တာပါ။

အာဏာကို ငမ်းငမ်းတက် မက်မောပြီး ရှေ့ကနေ အာဏာသိမ်းပြသူက သိမ်းပြတဲ့အတွက် စစ်တပ်နောက်ပေါက်တွေကလည်း တနေ့ငါ့အလှည့်ကျရင် အာဏာသိမ်းပြီး မိန်းမကို ဟာမီးအိတ် ပေးကိုင်နိုင်ရမယ်လို့ သွားရည်တများများကျတဲ့သူက ကျနေပါတော့တယ်။

ကျန်တဲ့ပြည်သူတွေထဲမှာလည်း တစ်တုံးစားရုံမက အတုံး ၁၀၀ စားလည်း ချေးမှန်းမသိသူတွေက လက်ခံတဲ့သူတွေက လက်ခံကြပါတယ်။ အာဏာသိမ်းမှု အောင်မြင်တယ်ဆိုတာ လက်ခံတဲ့သူရှိမှ အောင်မြင်တာပါ။

အနောက်အာဖရိကဟာ အာဆီယံလိုပဲ ECOWAS ဆိုပြီး ဒေသအတွင်း (၁၅) နိုင်ငံပါတဲ့ အဖွဲ့ရှိပါတယ်။ အခု (၁၅) နိုင်ငံမှာ (၃) နိုင်ငံအာဏာသိမ်းမှုဖြစ်ခဲ့ပြီး ကျန်နိုင်ငံတွေကလည်း လစ်ရင်လစ်သလိုသိမ်းဖို့ ကြံစပြုနေပြီလို့ဆိုပါတယ်။

ပြည်သူလူထုကို စောင့်ရှောက်ပေးပါမယ်လို့ မနက်တိုင်းသစ္စာဆိုလေ့ရှိတဲ့အဖွဲ့က ငါကြိုက်တဲ့နေ့ လက်နက်အားကိုးနဲ့ ဒါးပြကောက်လုပ်မယ်လို့ ခြိမ်းခြောက်နေတာလည်း အရှက်တရားကင်းလွန်းပါတယ်။

အာဏာသိမ်းလို့တိုင်းပြည်ကမွဲ၊ ပညာရေးကနိမ့်ကျ။ ပညာရေးနိမ့်ကျလို့ ပညာတတ်ခေါင်းဆောင်ကောင်းတွေမပေါ်ပေါက်တော့ ဖြစ်မြောက်အောင်ဦးဆောင်မယ့်သူကမရှိ။ နောက်ဆုံးမြို့စွန်ကအရက်သမားငမွဲသားအဖလိုပဲ အဖေက အရက်သမားလူဆိုးမို့ မိသားစုကမွဲပြာကျပြီး သားကပညာမတတ်။

သားသမီးက ပညာမတတ်တော့ အရက်သမားဖဲသမားပြန်ဖြစ် နောက်မျိုးဆက်က ပညာမတတ်။ လုံးလည်ချာလည်လိုက်။ ကျနော်တွေးမိတယ်။ လောကကြီးမှာ သံသရာဝဋ်ဆင်းရဲဆိုတာ အာဏာသိမ်းခံရခြင်းကမှအစစ်လို့။

ကျန်တာတွေ မြင်ရတာမမြင်ရတာက အသာထား။ လက်တွေ့မြင်နေရတဲ့ အခုလက်ညိုးထိုးပြလို့ရတဲ့ သံသရာဝဋ်ဆင်းရဲဆိုတာ အာဏာသိမ်းခံရခြင်း သံသရာလည်နေတဲ့ ပြည်သူတွေပဲ။

နော်ဝေတို့၊ ဆွစ်စလန်တို့မှာ လူဖြစ်ရတာနဲ့ အာဏာအသိမ်းခံရတဲ့နိုင်ငံမှာ လူဖြစ်ရတာနဲ့ ဘဝချင်းဟာ မိုးနဲ့မြေလို တကယ်ကွာတယ်။ ဆင်းရဲခြင်းဒုက္ခသံသရာက လွတ်မြောက်ချင်ရင် ကိုယ်တိုင်ရုန်းမှရမယ်။

Richard Myo Thant

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page