မြန်မာ့အစွမ်း ကမ္ဘာကို လွှမ်းစေရမယ့် ဘဘရဲ့ စီမံကိန်းနဲ့ ခေါင်းကုတ်သွားရတဲ့ သိပ္ပံကျောင်းသားလေး
ကျောင်းသို့ လူကြီးမင်းများရောက်လာကြသည်။ သင်ထားသည့်အတိုင်း ကျောင်းသူလေးတွေက နှုတ်ဆက်ကြသည်။
“မင်္ဂလာပါ ဘဘ … ကြီးရှင့်” “ကောင်းတယ် … ကောင်းတယ် … ပဉ္စဂုဏံလေးထည့်လိုက်ရင် ပိုကောင်းမယ်ထင်တယ်နော် ဆရာမကြီး” “ဟုတ်ကဲ့ပါအဘ … နောက်ဆိုရင် သင်ထားပေးပါ့မယ်” “ကိုင်း … အချိန်သိပ်မရဘူး … ကလေးတွေဆီကိုလိုက်ပို့”
ဆရာမကြီးက ဦးဆောင်က လူကြီးမင်းများ တစ်ဖွဲ့လုံးကို ကျောင်းတွင်းရှိ (လူကြီးများ ခိုင်းသည့်အတိုင်း) ကလေးများ ဖန်တီးထားသော ပြခန်းကို ခေါ်သွားကြသည်။ ကျောင်းသူလေး တစ်ယောက်က “နေစကြဝဠာ” အကြောင်းကို ရှင်းပြသည်။ လူကြီးမင်းက ကျေနပ်ပီတိဖြစ်ကာ မေးစိကို လက်နှင့်ပွတ်ပြီး ကြည့်နေသည်။ ထို့နောက်
“အိမ်း ကောင်းပေစွ ကောင်းပေစွ တစ်နေ့ ကလေးတို့ဟာ နေပေါ်ကို ဆင်းသက်ပြီး သုတေသန လုပ်နိုင်တဲ့ အဖွဲ့ထဲမှာ မပါဘူးလို့ မပြောနိုင်ပေဘူး၊ အားရလှသကွယ်၊ နေကိုသွားတဲ့အဖွဲ့ကို မြန်မာက ပထမဆုံးစေလွှတ်နိုင်ရမယ်”
ထိုအချိန်တွင် ပေစောင်းစောင်းနှင့် လက်ပိုက်ထားရသော ကျောင်းသားတစ်ယောက်က ပြောလိုက်သည်။ “မဖြစ်နိုင်ပါဘူးခင်ဗျာ” “ဘာဖြစ်လို့ မဖြစ်နိုင်ရမှာလဲကွ” ဆရာမကြီး ထိုကျောင်းသားကို ပါးစပ်သွားပိတ်သည်။
“ဆရာမကြီး နေပါစေ … သူနဲ့ကျွန်တော် ဆွေးနွေးပါရစေ … ကဲ သား … ပြောစမ်း နေပေါ်ကို ဘာဖြစ်လို့ ဆင်းလို့ မဖြစ်နိုင်ရမှာလဲ” “နေဆိုတာ အပူချိန် ဆဲလ်စီးယပ် ဒီဂရီ ထောင်နဲ့ချီပြီး ပူပါတယ်… နေပေါ်ကို ဆင်းဖို့နေနေသာသာ နေနဲ့ အနီးဆုံး မိုင် ၁၀ သန်းလောက်ကိုတောင် ချဉ်းကပ်ဖို့ မဖြစ်နိုင်ပါဘူး … ဒါကြောင့်ပါ”
ဆရာမကြီးက မျက်စိမျက်နှာ ပျက်နေသည်။ သိပ္ပံသင်သည့် ဆရာကို လက်ညိုးထောင်ပြပြီး မသင်ထားရ သလော၊ နောက်မှကောင်းကောင်းတွေ့မယ်ဆိုသည့် သဘောဖြင့်သတိပေးသည်။
လူကြီးမင်းက ကလေးကို ခေါင်းသွားပွတ်သည်။ “သားရေ … မင်းတို့ဆရာကို ပြန်ပြောလိုက် ကြားလား … ဘဘတို့က နေပေါ်ကို နေ့အချိန်မဆင်းဘူး … ညဘက်ကျမှ ဆင်းမှာလို့ … ပြောလိုက်နော်”
လူကြီးမင်းနှင့်ပါလာသော သူများအပြင် ဆရာမကြီးကပါ လက်ခုပ်တီးလိုက်ကြသည်။ “ဟုတ်တာပေါ့ … ကျွန်မတော့ ဒီလို မတွေးမိပါရှင့်” ဟု ဆရာမကြီးကဆိုသည်။
ကျောင်းသားလေးက တစ်ခုခုပြောမည်လုပ်ရာ ဆရာမကြီးက ကျောင်းသားကို ပိတ်ရပ်ပြီး လူကြီးမင်းများကို ထိုပြခန်းထဲမှ ခေါ်ထုတ်သွားသည်။ ကလေးက ခေါင်းကုတ်ကာ ကျန်ခဲ့သည်။
တင်ညွန့်
၁၅.၁.၂၀၂၂