အနန္တငါးပါးထဲမှာ ဆရာ့ကျေးဇူးပါတယ်လို့ မြတ်စွာဘုရား တကယ်ဟောခဲ့သလား?
ဆရာရဲ့ကျေးဇူးက အနန္တလား
အနန္တောအနန္တငါးပါးရှိတယ်လို့ ဘုရားဟောကျမ်းဂန်မှာ တိုက်ရိုက်မပါရှိပါဘူး။ ရှေးလူကြီးတွေက အနန္တောအနန္တငါးပါးလို့ စဉ်ထားခဲ့ကြတာဖြစ်တယ်။
ဘုရားဟောတာကတော့ ဆရာရဲ့ကျေးဇူးက ကြီးမားတယ်လို့သာ ဟောခဲ့တာဖြစ်တယ်။ အနန္တောအနန္တရဲ့အဓိပ္ပါယ်က မရေမတွက်နိုင်အောင် အဆုံးမရှိအောင် ကျေးဇူးကြီးမားသူလို့ အဓိပ္ပါယ်ရတယ်။ ဆရာဖြစ်တိုင်း ကျေးဇူးကြီးမားတာတော့လည်း မဟုတ်ပါဘူး။ ဆရာကျင့်ဝတ်နဲ့ကိုက်ညီသူမှသာ ကျေးဇူးကြီးမားတာပါ။
(၁) အတတ်ပညာ သင်ပေးရမယ်။
(၂)အရာဌာနအလိုက် ပြောဆိုဆုံးမပေးရမယ်။ ဆရာဖြစ်လို့ ဆုံးမပေးဖို့ တာဝန်ရှိတယ်ဆိုပြီး တပည့်တွေကို နွားလိုကျွဲလို ရိုက်နှက်တာမျိုး၊ ကြမ်းတမ်းရိုင်းပျစွာ ဆဲဆို ပြောဆိုတာမျိုးက မလုပ်အပ်ဘူး။ မလုပ်ရဘူး။
(၃) ဆရာစားမချန်ပဲ အတတ်ပညာကို သင်ပေးရမယ်။
(၄) တပည့်အပေါ်မှာ ဘေးအန္တရာယ်ကျရောက်မလာအောင် ကိုယ်စွမ်း ဉာဏ်စွမ်းရှိသလောက် ကာကွယ်ပေးရမယ်။
(၅) ကိုယ့်ဆီမှာ ပညာသင်ယူပြီးတဲ့ တပည့်ဖြစ်သူကို သင့်လျော်ရာ အခြားဆရာတစ်ယောက်ဆီကိုဖြစ်စေ၊ လုပ်ငန်းရှင်ဆီကိုဖြစ်စေ အပ်နှံပေးရမယ်။
ဝမ်းရေးအတွက် မတတ်သာလို့ ပညာသင်ခယူရပေမယ့် ဆရာ့တာဝန်ကြေရင် ကျေးဇူးကြီးတဲ့ဆရာပါပဲ။ ပညာရေးနဲ့စီးပွားရှာပြီး ဆိုင်ရာအတန်းစာလောက်ကိုသာ တာဝန်ကြေရုံသင်ပေးပြီး အခြားတာဝန်တွေ မကြေတဲ့ဆရာကတော့ ကျေးဇူးကြီးမားတဲ့ဆရာလို့ ပြောရခက်ပါတယ်။
Ashin_Khema_Nanda