စစ်ကိုင်းတွင် အဝေးပြေးကားပေါ် သယ်ဆောင်လာတဲ့ ငွေတုထုတ်စက်နဲ့ တသောင်းတန်အတုများ ဖမ်းမိ
စစ်ကိုင်းတိုင်းအတွင်း ပြေးဆွဲနေတဲ့ ဟိုက်ကလပ် အဝေးပြေးယာဉ်တစ်စီးကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က တားဆီးစစ်ဆေးရာမှာ ငွေစက္ကူအတုတွေနဲ့ ငွေစက္ကူအတုလုပ်ဆောင်ဖို့ မိတ္တူစက်တွေ သယ်ဆောင်လာတာကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
ဖေဖော်ဝါရီလ ၃ရက်နေ့ မွန်းလွဲပိုင်းမှာ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က အဝေးပြေးယာဉ်တစ်စီးကို တားဆီးစစ်ဆေးရာမှာ ငွေစက္ကူအတု စုစုပေါင်း ၅ သိန်းကျော်နဲ့ ငွေစက္ကူအတု ထုတ်လုပ်ဖို့ ရည်ရွယ်ချက်နဲ့ သယ်ဆောင်လာတဲ့ မိတ္တူစက်တွေကိုပါ ဖမ်းဆီးရမိခဲ့တာပဲ ဖြစ်ပါတယ်။
ငွေအတုထုတ်သူတွေကို ဆက်လက်စစ်ဆေးနိုင်ရေးအတွက် ယာဉ်ပေါ်လိုက်ပါလာသူ ၃ဦးနဲ့ ယာဉ်ပေါ်ပါ ပစ္စည်းတွေကို သိမ်းဆည်းပြီး လွတ်မြောက်နယ်မြေကို ပို့ဆောင်ထားခဲ့တယ်လို့ သိရပါတယ်။
ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေအနေနဲ့ လုံခြုံရေးနဲ့ ကာကွယ်ရေး အခြေအနေအရ ခရီးသွားကားများ၊ ကုန်တင်ကားများ ကို စစ်ဆေးလျက်ရှိပြီး ယာဉ်များအနေနဲ့ ပူးပေါင်းပါဝင်ပေးကြဖို့ မေတ္တာရပ်ခံထားကြောင်း သိရပါတယ်။
ဓာတ်ပုံ – တော်ဝင်လင်းယုန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပုလဲ)