ပယောဂဆရာ ဦးကိုနီနဲ့ ရွှေဘိုနယ်က သက်ရှည်ဖုတ်ကောင်ကြီး (ဖြစ်ရပ်မှန်)

ထိုအချိန်က အထက်မြန်မာပြည်တည်ငြိမ်မှုမရှိ ၊သူခိုး၊ဓားပြတို့ကလည်း သောင်းကျန်း မင်းမူနေသည့်အချိန်ဖြစ်သည်။ ၁၂၇၄ သီပေါမင်းပါတော်မူပြီးစအချိန်ဖြစ်သည်။

အုပ်ချုပ်ရေးကလည်း ရှုတ်ထွေးနေပြီးမြို့ရွာအုပ်ချုပ်သည့်အမှုထမ်းအရာထမ်းတို့သည် လည်းလွန်စွာအလုပ်ရှုတ်နေချိန် ။ပြည်သူလူထုရပ်သူရွာသားတို့သည်လည်း အစဉ်အမြဲသတိနှင့်နေကြရပြီး အသက်ကိုဖက်နှင့်ထုတ်၍နေကြရချိန်။

နေရာက ရွှေဘိုနယ်က ရွာတစ်ရွာ။ ” ဒူ……..ဒူ….” သူကြီး ဦးထွန်းလူအိမ်မှမောင်းသံသည် အရာရာအားဖုံးအုပ်ကာ ကျယ်လောင်စွာပေါ်လာခဲ့သည်။ ရွာသူရွာသားတို့သည်မောင်းသံကြောင့်လုပ်လက်စအလုပ်များကိုပစ်ချထားခဲ့ကာ သူကြီးအိမ်သို့ စုရုံးရောက်ရှိလာကြသည်။ဤမောင်းသံသည် အရေးတစ်ကြီးကိစ္စရှိ၍သာ စုဝေး ရန် အချက်ပေးသောသူကြီး၏ မောင်းသံဖြစ်ကြောင်း ရွာသူရွာသားအားလုံး နားလည်ထားကြသောကြောင့် ဤကဲ့သို့ အလျင်အမြန်လာရောက်ကြခြင်းဖြစ်သည်။

ထိုသို့မောင်းသံကြားလျှင် ရွာသူရွာသားများနှင့်အတူ အရက်မူးပြီး အော်ဟစ်ဆဲဆို ရောက်ရှိလာတတ်သည်က ရွာကာလသားခေါင်း ဆယ်မောင်။ ယခုလည်း ထိုနည်း၎င်းပင် ဆယ်မောင် မူးယစ်ဆဲဆိုပြီး ရောက်ရှိလာလေသည်။

“ဆယ်မောင် တို့ကတော့ကွာ မမူးတဲ့နေ့မရှိပါလား အခုအရေးကြီးနေပြီ လူဆိုးဖမ်းရတော့မယ် မင်းဘယ်လိုလုပ်မလဲ ” ဟု သူကြီး ဦးထွန်းလူကပြောလေရာ “ဘာလုပ်ရမလဲ သူကြီးရဲ့ ဆယ်မောင်လိုက်မှာပေါ့ ၊ဆယ်မောင် ကြောက်မယ်ထင်လား ကျွန်တော်မျိုးဆယ်မောင် ရင်ကိုမြေကတုတ်လုပ်ပြီးတော့ ရှေ့ကသွားမှာပါဗျ”

သည်အခါ သူကြီးက သဘောကျသွားသည့်ဟန်ဖြင့်ပြုံး ပြီး “ကဲ ဆယ်မောင် ဒါဆိုရင်လည်း မင်းအိမ်ပြန်ပြီး မင်းမိန်းမကိုသွားပြောချေဦး” “ကောင်းပါပြီ သူကြီး”

ထို့နောက် ဆယ်မောင်အိမ်သို့ ပြန်ပြီး ဇနီးကို တွေ့၏။ ပြီးနောက် “မြရီ ငါ့ရပ်သူရွာသားတွေကို အနိုင်ကျင့်ဗိုလ်ကျတဲ့ ငမိုက်သားတွေကို သူကြီးနဲ့ အတူ သွားဖမ်းရမယ်။ ငါ့ကို စိတ်မပူနဲ့ ကလေးတွေသာ မင်းကကောင်းကောင်း ကြည့်ထား” ဟုပြောပြီး အိမ်မှထွက်၍ သူကြီးအိမ်သို့ ခပ်သုတ်သုတ်ပြန်သွားလေသည်။

ဒါတွေကြောင့်လည်း သူကြီးက ဆယ်မောင်ကို ကာလသားခေါင်းခန့်ထားပြီး အားကိုးနေရတာ။ သူကမူးပေမယ့် ရပ်ရွာအတွက်ဆို ရှေ့က ဦးဆောင်ပြီးလုပ်ပေးနေကျ ။

သူကြီးနှင့်ရပ်သူရွာသားများ လူဆိုးဖမ်းရန်သွားသည့်နေရာသည် ရွှေဘို နယ်က မဟာမြိုင်တောသို့ဖြစ်သည်။ ယင်းသို့သွားသည့်အချိန်တွင် ရွာသူရွာသားအားလုံး ဒါး၊လံ၊ လန ကိုယ်စီပါကြသည်။ ဆယ်မောင်က အက်တိုတစ်ချောင်းတောင်မပါခဲ့။

ထို့ကြောင့်သူကြီးက “ဟဲ့ ဆယ်မောင် လူတိုင်းမှာ လနကိုယ်စီနဲ့ မင်းမှာ ဘာလနမှမပါ ပါ့လား ဘယ်ဟာလိုချင်တုန်း” “ကျနော်မျိုးက အဲ့ဒါတွေမကိုင်ချင်ပါဘူး သူကြီး ကျနော်မျိုးက သူကြီးကိုင်တဲ့ သေနပ် ပဲကိုင်ချင်တာပါ ဘုရား ”

သူကြီးစိတ်မဆိုးပါ။ ဤကဲ့သို့ ရဲဝံ့စွာတောင်းဆိုခြင်းက ဆယ်မောင်တစ်ယောက် ရွံ့ရွံ့ချွန်ချွန် လုပ်ဆောင်တော့မည် ဟု ၎င်း၏အကြောကို သိနေသောကြောင့်ပင်။ သူကြီးကိုယ်တိုင် သူ့သေနပ်အား ဆယ်မောင့်ကို ပေးလိုက်သည်။ ဆယ်မောင်သည် သောက်တတ်စားတတ်သော်လည်း အရာရာပြောရဲဆိုရဲ လုပ်ရဲကိုင်ရဲ သူဖြစ်သဖြင့်အားလုံးကြောက်ကြ၏။

ဤသို့ဖြင့် မဟာမြိုင်တောထဲသို့ ရောက်လျှင် လူဆိုးများနှင့် ထိပ်တိုက်ဆုံတွေ့ကြပြီး တစ်ဖက်နှင့်တစ်ဖက် ပစ်ခတ်ကြသည်။ ဆယ်မောင်က အရဲရင့်ဆုံးဖြစ်သည်။ လက်နက်ကိုင်ကာ ရှေ့မှပစ်ခတ်သဖြင့် လူဆိုးအတော်များများ သေဆုံးခဲ့သလို လူဆိုးတို့ပစ်လိုက်သည့် ကျည်ဆံသည်လည်း ဆယ်မောင့် ကိုထိသွားသည်ကို အားလုံးမြင်လိုက်ကြသည်။ ဆယ်မောင်မတ်တပ်မှ လဲကျသွားသည်။

“ဟာ ဆယ်မောင်ကို မှန်သွားပြီ” ဟု အော်သူက အော်၏။ သူကြီးမှစ၍ ရွာသူရွာသားအားလုံး မြင်တွေ့လိုက်ရသောကြောင့် စိတ်မကောင်းလည်း ဖြစ်ကြသည်။ ထို့အတူ သူခိုး ဒမြတို့ဘက်မှလည်း အကျအဆုံးများစွာနှင့် အတော်ကလေး အားနည်းသွားပြီ ဖြစ်သဖြင့် ဆုတ်ခွာပြေးကြလေတော့သည်။

သည်အခါ သူကြီးနှင့်ရွာသူရွာသားများသည် ဒဏ်ရာရသူများ ၊ကျဆုံးသူများကို ကောက်ယူကြသည်။ ထိုစဉ် ဆယ်မောင်သည် သေဆုံးသူအလောင်းတစ်လောင်းကိုထမ်း၍ သူကြီးနှင့်ရွာသူရွာသားများနားသို့ ရောက်ရှိလာလေသည်။

“ကဲ လာ ပြန်ကြမယ်” ဟုပြောသဖြင့် အားလုံးအံ့အားသင့်နေကြသည်။ သူကြီးက “ဆယ်မောင် မင်းရန်သူ့ကျည်ထိတာ တွေ့လိုက်လို့ ငါတို့အားလုံး စိတ်မကောင်းကြဘူး၊ မသေပဲမြင်ရလို့ ဝမ်းသာတယ်ကွာ” ဟု ဝမ်းသာအားရပြော၍ ပြန်ခဲ့ကြလေသည်။

ထို့နောက်ဆယ်မောင်က မူးမြဲမူးနေသကဲ့သို့ ဆယ်မောင့်မိန်းမ၏ မြည်တွန်တောက်တီး သံကိုလည်း ကြားမြဲတိုင်းကြားခဲ့ရ၏။

မြည်တွန်တောက်တီးသည်မှာ ငပိ နှင့် ငခြောက်များ မကြာခဏပျောက်ဆုံးသည်ဟူ၍ စကားလုံးတစ်မျိုးတိုးကာ မြည်တွန်သံကိုလည်းကြားရလေသည်။

ထို့နှင့်များမကြာမီ တောပုန်း သူခိုး ဓားပြ တို့သည် မဟာမြိုင်တောကိုအမှီ ပြု ၍သောင်းကျန်းခဲ့ပြန်၏။ သည်အခါ၌လည်း ဆယ်မောင်က “ဘာမှမပူနဲ့ သူကြီး ကျနော်မျိုးကိုယ်တိုင်ဦးစီးပြီး ဒီဓားပြတွေကိုနှိမ်နှင်း ပေးပါမယ် ” ဟုပြောကာ ရွာသူရွာသားများကို ဦးဆောင်၍ မဟာမြိုင်တောသို့ ချီတက်ခဲ့ကြလေ၏။

ရွာသူရွာသားများအား မဟာမြိုင်တောစပ်သို့ ရောက်လျှင် ဆယ်မောင်က “မင်းတို့တောစပ်က စောင့်ပြီးထွက်လာသမျှ လူဆိုးတွေကို ချေမှုန်း ငါက အထဲဝင်ပြီးတိုက်မယ်” ဟုပြောကာ သူကြီးပေးလိုက်သောသေနပ်ကိုထမ်း၍ တောထဲသို့ ဝင်သွားတော့၏။

တစ်နာရီခန့်ကြာသော် ဓားပြတောပုန်းတို့သည် ကစဉ့်ကလျှား ထွက်ပြေးလာကြလေ၏။ တောစပ်တွင် စောင့်နေသော ရွာသားများက ဝိုင်းဝန်းချေမှုန်းလိုက်ကြရာ ကျဆုံးသူ ကျဆုံးပြီး တစ်ချို့ ကို လက်ရဖမ်းဆီးမိလေ၏။ထိုအချိန်မှ ဆယ်မောင်သည်တောထဲမှ ထွက်လာခဲ့လေသည်။

ဤသို့နှိမ်နှင်းသည်မှာ တစ်ကြိမ်မဟုတ်၊ အကြိမ်ကြိမ်ဖြစ်၏။ သည်အခါ လူဆိုးတို့သည် ထကြွပုန်ကန်ခြင်း မပြုနိုင်တော့။ ထိုနယ်သည် အေးချမ်းသွားတော့သည်။ ယင်းကဲ့သို့ပင် သူကြီးဦးထွန်းလူသည် အသက်ကြီး၍ အနားယူသောအခါ ဆယ်မောင်ကိုပင် သူကြီးရာထူး လွှဲအပ်ခဲ့လေသည်။

ဆယ်မောင် သူကြီးအဖြစ်တာဝန်ယူသောအခါ ထိုနယ်သည်အေးချမ်းသွားခဲ့သည်။ယင်းသို့ဖြင့် ဆယ်မောင် သူကြီးတာဝန်ယူ၍အုပ်ချုပ်လာခဲ့ရာ သုံးနှစ်ခန့်ကြာခဲ့ပြီ။ ထိုအခါမန္တလေး သို့ဆေးကုရန် ထွက်ခွာခဲ့ပြီး ယခုအခါရွာသို့ပြန်လာခဲ့ပြီဖြစ်သည့် ဆယ်မောင်၏ ဦးလေးတော်စပ်သူ မြန်မာဆေးဆရာလည်းဖြစ်၊ ပယောဂ ဆရာလည်းဖြစ်သည့် ဆရာဦးကိုနီသည် တူတော်မောင် ဆယ်မောင်နှင့် ဆွေမျိုးများကို တွေ့ဆုံရန် ဆယ်မောင်ရှိရာသို့လာခဲ့လေသည်။

သို့သော် ထွက်ခွာသွားခဲ့သည်မှာ ကြာခဲ့ပြီဖြစ်သဖြင့် ဘယ်ဆွေမျိုးဘယ်မှာနေသည်ကို မသိတော့ပေ။ ထို့ကြောင့် သူကြီးဖြစ်နေပြီဟု သတင်းရသော ဆယ်မောင် အိမ်သို့မေးမြန်းရာ ရွာသားတစ်ဦးက သူကြီးအိမ်သို့လိုက်ပို့၏။

“သူကြီး သူကြီး ဧည့်သည်” ဟု လူငယ်က အော်လိုက်လေသည်။ ဦးကိုနီကလည်း “ဟေ့ ဆယ်မောင် တူကြီး ဦးကြီးလာတယ်လေ” ဟုလှမ်းအော်ပြောရာ ဆယ်မောင်သည် ကမန်းကတန်း အခန်းထဲမှထွက်လာရာ ဦးကြီးဖြစ်သူ ဦးကိုနီ နှင့် ဧည့်ခန်းတွင်ထိပ်တိုက်ဆုံမိသည့်အခိုက် ခြေလှမ်းတွေ တုန့်ကနဲ ရပ်သွား၏။ ထို့နောက်ဦးကိုနီအားစိမ်းစိမ်းကြည့်နေ၏။

ဆေးဆရာလည်းဖြစ် ၊ပယောဂ ဆရာလည်းဖြစ်သည့် ဦးကိုနီ ကလည်း တူတော်မောင်ဆယ်မောင့်ကိုကြည့်ရင်း ယင်းဆယ်မောင်သည် သူ့၏တူ ဆယ်မောင်အစစ်မဟုတ်ကြောင်း အပမှီ ဖုတ်ဝင် နေသူဖြစ်မှန်းသိသဖြင့် “သြော် ဆယ်မောင်သူကြီးက တယ်ကြီးပွားနေသကိုး” ဟုပြောလိုက်စဉ်မှာပင် ဆယ်မောင်၏ ခြေလက်တို့သည် တစ်ဆစ်ဆစ်မြည်သံပေး၍ ပြုတ်ကျကုန်လေတော့သည်။

သည်တော့မှ ဆယ်မောင်၏ဇနီးနှင့် တစ်ရွာလုံး အုံးအုံး ကြွက်ကြွက် ဖြစ်ကာ လူသားဆယ်မောင်မဟုတ်၊ အပမှီဖုတ်ကောင်မှန်းသိသွားကြလေသည်။

မှတ်ချက်။ ဆယ်မောင်သည် သေနပ်မှန်ပြီးလဲအကျတွင် အပမှီဖုတ်ဝင်သွားသဖြင့် ဒဏ်ရာမရှိပဲ ချက်ချင်းထကာ လူကောင်းကဲ့သို့ဖြစ်နေခြင်းဖြစ်သည်။ ဖုတ်ဝင်နေသဖြင့် ငပိ ငခြောက်များအား မိန်းမမသိအောင်ဖြစ်စေ၊ညအခါ ခိုးယူ၍စားသောက်ခြင်းဖြစ်သည်။ ပယောဂ ဆရာနှင့်တွေ့လျှင် ရုပ်မဆောင်နိုင်သောကြောင့် အရိုးပုံဖြစ်ခဲ့ခြင်းပင်။ ဤသည်ကို အပမှီ ခြင်း၊ ဖုတ်ဝင်ခြင်း ဟုဆိုကြပါသည်။

ဒေဝေါ

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page