မီးပြတ်တဲ့ ကိစ္စ ဆင်ခြေပေးကာမှ ကိုယ့်ပေါင် ကိုယ်လှန်ထောင်းသလို ဖြစ်သွားတဲ့ လျှပ်စစ်ဝန်ကြီး

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးက ပြောသွားတယ်။ မီးပုံမှန်မပေးနိုင်တာ အကြောင်း ၂ ခုကြောင့်တဲ့။ တခုက တာဝါတိုင်တွေ ပျက်စီးလို့။ ဒါ့ကြောင့် မဂ္ဂါဝပ် ၂၂၀ ဆုံးရှုံးတယ်။ နောက်တခုက LNG ဈေးနှုန်းမြင့်တက်လို့ ဓာတ်ငွေ့သုံး လျှပ်စစ် ဓာတ်အားပေး စက်ရုံတွေ မလည်နိုင်ဘူး။ ဒါ့ကြောင့် ၇၅၀ မဂ္ဂါဝပ် ထပ်မံဆုံးရှုံးတယ်။

ဒီအတိုင်းဆိုရင် ဟိုဖက်ရပ်ကွက်က လူတွေပြောနေကြသလို တာဝါတိုင်တွေ ပျက်စီးလို့ မီးပျက်ရတာ ၂၅% ဘဲ ရှိတယ်ဆိုတဲ့သ‌ဘောဘဲ ။ ကျန်တဲ့ ၇၅% က စီမံခန့်ခွဲမှုညံ့ဖျင်းခြင်းကြောင့်လို့ ဆိုလို့ရတယ်။

နွေရာသီတိုင်း မီးပျက်တယ်ဆိုတာ မအလ တပ်ရင်းမှူးဘဝလောက်ကတည်းက ဖြစ်နေကြ ကိစ္စ။ အရင်အစိုးရ လက်ထက်တုန်းက သီလဝါမှာ LNG သင်္ဘောကြီး ဆိုက်ကပ်ပြီး ၅ နှစ်ကြာ နွေရာသီမှာ မီးပေးဖို့ စီမံထားခဲ့တယ်။ အာဏာသိမ်းခဲ့တာ ၁ နှစ်ကျော်ပါပြီ။ ပြောရင် ပြင်ဆင်ချိန် ၁ နှစ်တိတိ ရှိပါတယ်။

LNG ဈေးတက်တယ်ဆိုတာလဲ ဆင်ခြေကောင်းတခုတော့ မဟုတ်ပါဘူး။ လက်နက်တွေကျ ဘယ်လောက်ပေးရ ပေးရဝယ်ယူနေတဲ့ နိုင်ငံမှာ LNG ဝယ်ဖို့ကျတော့ ပိုက်ဆံ မရှိတော့ဘူးတဲ့လား။

လိုရင်းပြောရရင် ဒီအခက်အခဲဟာ ဖြစ်နေကျ၊ ဘယ်လို ဖြေရှင်းမယ်ဆိုတာလဲ အဖြေကလဲ ရှိပြီးသား၊ အချိန်ကလဲ လုံလုံလောက်လောက်ရှိတယ်။ ဒီလို ကိစ္စမျိုးကိုတောင်မှ မဆောင်ရွက်နိုင်တဲ့ မအလ ရဲ့ စီမံခန့်ခွဲမှုဟာ အရည်အချင်းရှိရဲ့လားလို့ မေးခွန်းထုတ်စရာပါဘဲ။

ဒါမှ မဟုတ် နောက်တခုလဲ ဖြစ်နိုင်ပါသေးတယ်။ အရာရာကို တတ်ကျွမ်းနားလည်သိမြင်တဲ့ မအလဟာ သူ့ကိုယ်သူ ၁ နှစ်တောင် ခံမှာ မသေချာလို့ မစီမံထားခဲ့မိတာ ဆိုတာပါဘဲဗျာ။ (Nay Myo Nwe)

မီးတွေ ပြတ်တာများတဲ့အပေါ် လျှပ်စစ်ဝန်ကြီးရဲ့ ပြောစကားကို အောက်မှာ ဖော်ပြ ပေးလိုက်ပါတယ်-

ဝန်ကြီးဦးအောင်သန်းဦးက “အခု ဘီလူးချောင်းလျှပ်စစ်ဓါတ်အားပေးစက်ရုံမှ ထွက်ရှိ လာသော လျှပ်စစ်ဓါတ်အားပို့လွှတ်နေသည့် တာဝါတိုင်များဖျက်ဆီးခံရသည့်အတွက် မဂ္ဂါ ဝပ် ၂၂၀ခန့် အား နိုင်ငံတော်လျှပ်စစ်ဓါတ်အားသို့ ပို့လွှတ်နိုင်မှုမရှိခြင်းနဲ့ LNG စျေးနှုန်း အဆ မတန်မြင့်တက်ပြီး နိုင်ငံတကာရေနံစျေးကွက်တည်ငြိမ်မှုမရှိ၍ ဝယ်ယူရန်ခက်ခဲ နေသည့် ကာလအတွင်း LNG ဓါတ်ငွေ့ရည်သုံးလျှပ်စစ် ဓါတ်အားပေးစက်ရုံများ ၏ ဓါတ်အား ထုတ်လုပ်မှု ၇၅၀မဂ္ဂါဝပ်ခန့် ရပ်တန့်ထားရခြင်းတို့ကြောင့်ဖြစ်တယ်” လို့ ဆိုပါတယ်။

မတ်လ ၅ ရက်နေ့က ရန်ကုန်ရှိ ရန်ကုန်မြို့တော်လျှပ်စစ်ဓါတ်အားပေး ကော်ပိုရေးရှင်း ရုံးချုပ်မှာ ဝန်ထမ်းတွေနဲ့ တွေ့ဆုံစဉ် အခုလိုမျိုး ပြောခဲ့တာ ဖြစ်ပါတယ်။

ယခုမတ်လဆန်းစပြီးတော့ ရန်ကုန်မြို့တွင်း မြို့နယ်များတွင် မီးပြတ်ချိန်ပိုများလာပြီး တစ်ရက် ၅ နာရီနဲ့ အထက် တစ်နေ့ ၂ ကြိမ် ပြတ်နေတာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page