ထိုင်းမှာထားသည့် ရေငုပ်သင်္ဘော အချိန်မီ မပြီး၍ အဟောင်း နှစ်စီး ခေတ္တပေးမည်ဟု တရုတ်ကမ်းလှမ်း
ထိုင်းကမှာယူထားသည့် တရုတ်လုပ် ရေငုပ်သင်္ဘောများ ပထမဆုံးပေးပို့မှုကို စောင့်ဆိုင်းနေချိန်တွင် တရုတ်ရေတပ်က ၎င်းအသုံးပြုပြီး ရေငုပ်သင်္ဘောနှစ်စင်းကို ထိုင်းရေတပ်အား လေ့ကျင့်ရေးအတွက် ပေးအပ်ရန် အလွတ်သဘော ကမ်းလှမ်းထားသည်ဟု ထိုင်းရေတပ်ဗိုလ်ချုပ်ကြီး ဆွမ်ပရာဆွန် နီလ်စမိုင်က တနင်္ဂနွေနေ့တွင် အတည်ပြုခဲ့တယ်လို့ သိရပါတယ်။
နီလ်စမိုင်က အဆိုပါကိစ္စနှင့် ပတ်သက်၍ နောက်ထပ်မှတ်ချက်ပေးရန် ငြင်းဆိုခဲ့ပါတယ်။။ ထိုင်းရေတပ်အတွက် ဝူဟန်၌ တပ်ဆင်ထားသည့် S26T Yuan-class ရေငုပ်သင်္ဘောတွင်သုံးရန် ဂျာမနီ MTU မှ ရေငုပ်သင်္ဘောအင်ဂျင်ကို တရုတ်က ဝယ်ယူဖို့ ကြိုးပမ်းရာတွင် ပြဿနာများကြုံခဲ့ရသောကြောင့် ယခုကဲ့သို့ ကမ်းလှမ်းရခြင်းဖြစ်ကြောင်း ရေတပ်သတင်းရင်းမြစ်တစ်ခုကနေ သိရပါတယ်။
ဂျာမန်ရေငုပ်သင်္ဘောအင်ဂျင် တင်သွင်းရောင်းချသူမှ အင်ဂျင်ကို အခြားနိုင်ငံသို့ ရောင်းချမည့် ရေငုပ်သင်္ဘောအသစ်တွင် တပ်ဆင်ရန် တရုတ်က အသုံးပြုမည်ကို သိရှိပြီးနောက် ရောင်းချရန် ငြင်းဆိုခဲ့ပါတယ်။။ ထိုဖြစ်ရပ်အပြင် တစ်စိတ်တစ်ပိုင်းအားဖြင့် ထိုင်းနှင့် တရုတ်ကြား ဆက်ဆံရေး ကောင်းမွန်ခြင်းကြောင့်လည်း တရုတ်က အသုံးပြုပြီးရေငုပ်သင်္ဘောများပေးရန် ကမ်းလှမ်းခဲ့ခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။
စေ့စပ်ညှိနှိုင်းမှုများ ဆက်လက်လုပ်ဆောင်နေသောကြောင့် ရေငုပ်သင်္ဘောသစ် ပေးပို့မှုကို ယခင်နှစ် စက်တင်ဘာအစား ၂၀၂၄ ခုနှစ် ဧပြီလအထိ ရွှေ့ဆိုင်းရမှာ ဖြစ်ပါတယ်။
ဒုတိယဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာဝစ် ဝေါင်ဆူဝမ် ကာကွယ်ရေးဝန်ကြီး တာဝန်ထမ်းဆောင်စဉ်က တရုတ်ရေငုပ်သင်္ဘောသစ် စတင်ဝယ်ယူခဲ့ခြင်းဖြစ်ပြီး၊ တနင်္ဂနွေနေ့က နောက်ဆုံးဖြစ်ပေါ်တိုးတက်မှုနှင့် ပတ်သက်၍ မေးမြန်းသောအခါတွင် “သတင်းကောင်းကို မျှော်လင့်ခြင်းဖြစ်သည်” ဟု မှတ်ချက်ပေးရုံမှတပါး အခြား အသေးစိတ်အချက်အလက်များ ထုတ်ဖော်ပြောကြားခြင်းမရှိခဲ့ပါဘူး။