စစ်ကိုင်းဆရာတော်ကြီးရဲ့ ရုပ်ကလာပ်တော်ကို စင်းလုံးငှား လေယာဉ်ဖြင့် မုံရွာသို့ ပြန်လည်ပင့်ဆောင်
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ဆေးရုံကြီး၌ ရိုးတွင်းချဉ်ဆီလဲလှယ်ရန်နှင့် သွေးဖြူဥရောဂါတို့အတွက် ဆေးကုသမှုခံယူလျက်ရှိရာမှ ပျံလွန်တော်မူသွားသည့် စစ်ကိုင်းတိပိဋကဆရာ တော်ကြီး၏ ရုပ်ကလာပ်တော်သည် မုံရွာမြို့၊နန္ဒဝန်ရပ်၊သုဗောဓာရုံကျောင်းတိုက်သို့ ရောက်ရှိခဲ့ပြီ ဖြစ်တယ်လို့ သိရပါတယ်။
ဆရာတော်ကြီးရဲ့ ရုပ်ကလာပ်တော်ကို မြန်မာအမျိုးသားလေကြောင်း Flight No. UB-2502 ဖြင့် မြန်မာနိုင်ငံသို့ ယနေ့နံနက် ၉ နာရီအချိန်တွင် ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့မှ ပြန်လည်ပင့်ဆောင်လာခဲ့ပြီး မုံရွာလေဆိပ်သို့ နံနက် ၁၁ နာရီ ၂၄ မိနစ် ၌ဆိုက်ရောက်ခဲ့တာ ဖြစ်ပါတယ်။
ရုပ်ကလာပ်တော်အား မုံရွာလေဆိပ်မှတဆင့် လူ မှုကူညီရေးအသင်းကားဖြင့် သုဗောဓာရုံကျောင်း တိုက်သို့ ပြန်လည်ပင့်ဆောင်ခဲ့ကြပါတယ်။
ဆရာတော်ကြီးရဲ့ ရုပ်ကလာပ်တော်အား မုံရွာမြို့သို့ ပြန်လည်ပင့်ဆောင်ရာတွင် ကုန်ကျသည့်လေယာဉ်စရိတ် အမေရိကန်ဒေါ်လာ ၂၅၀၀ အား မြန်မာအမျိုးသားလေကြောင်းမှလှူဒါန်းခဲ့ခြင်းဖြစ်ပါတယ်။
ဘဒ္ဒန္တအဘိဇာတာဘိဝံသသည် စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ဆင်နင်းကျေးရွာတွင် ခမည်းတော်ဦးတင်ရနှင့် မယ်တော် ဒေါ်ညွန့်ခင်တို့မှ ၁၃၃၀-ပြည့်နှစ် သီတင်းကျွတ်လဆန်း (၈)ရက်၊ (၂၉-၉-၁၉၆၈)ရက်၊ တနင်္ဂနွေနေ့တွင် ဖွားမြင်ခဲ့ခြင်းဖြစ်ခဲ့သော သားရတနာ ဖြစ်ပါတယ်။
မွေးချင်း (၇)ဦး အနက် တတိယသားရတနာ ဖြစ်ပါတယ်။ ဆရာတော် သည် (၂၉၊ ၁ဝ၊ ၁၉၇၉)ရက်တွင် မိဘနှစ်ပါး၏ ပစ္စယာ နုဂ္ဂဟဖြင့် ဆင်နင်းကျေးရွာ၊ ဇမ္ဗူမင်္ဂလာရွှေရပ်သာကျောင်း ဆရာတော်က ဦးပဇ္ဈာယ်ပြု၍ ရှင်သမဏေ အဖြစ်သို့ ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။
ဆရာတော်သည် ဓမ္မာစရိယ (၁၀)ဘွဲ့၊ ပါဠိပါရဂူ (၃)ဘွဲ့၊ ဝိဒူ(၅)ဘွဲ့၊ မဟာဝိဒူ(၅)ဘွဲ့နှင့် အခြားအစိုးရ တိပိဋကဆိုင်ရာ ဘွဲ့များ အပါအဝင် ဘွဲ့တံဆိပ်ပေါင်း (၄၇)ဘွဲ့ရရှိခဲ့ပါတယ်။