ဖေဖော်ဝါရီ ၁၂ ရက်နေ့မှ စပြီး ဝိုင်ဘီအက်စ်ယာဉ်များ လမ်းကြောင်း ပြောင်းလဲ ပြေးဆွဲတော့မည်
ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) ကြီးကြပ်မှုဖြင့် YBS ယာဉ်လိုင်းများ ပြေးဆွဲလျက်ရှိသော YBS ကုမ္ပဏီများမှ စီမံမှုအောက်ရှိ ယာဉ်လိုင်းနံပါတ်တူ ဂိတ်ရင်း၊ ဂိတ်ဖျား မတူသောယာဉ်လိုင်းများအား ၁၂-၂-၂၀၂၂ ရက်နေ့မှစ၍ ဖော်ပြပါအတိုင်း ယာဉ်လိုင်းနံပါတ်အသစ်များဖြင့် ပြောင်းလဲ ပြေးဆွဲသွားမယ်လို့ သိရပါတယ်။
လက်ရှိအချိန် YBS ယာဉ်လိုင်းများမှာ ခရီးစဉ် လမ်းကြောင်း အပြည့် မပြေးဆွဲခြင်း၊ ယာဉ်စီးခများ ထင်သလို ကောက်ခံခြင်း၊ စပယ်ယာများ၊ ဒရိုင်ဘာ မိန်းမများက ယာဉ်စီးခများကို ကောက်ယူခြင်း၊ ညနေ ၃ နာရီဆိုလျှင် ကားများ မထွက်တော့ခြင်း၊ ကားများ စုတ်ချာလာခြင်း စတဲ့ ပြင်ဆင်ရမယ့် အချက်များ အများအပြား ရှိနေပါတယ်။
ထိုအချက်များကို ဦးစားပေး ပြင်ဆင်ခြင်း မပြုလုပ်ဘဲ ယာဉ်လိုင်းများကို ယခုလို ပြောင်းလဲ ပြေးဆွဲမည် ဆိုပါက ခရီးသွားပြည်သူများအနေနဲ့ အခက်အခဲတွေ ပိုမိုကြုံတွေ့ ရနိုင်ပါတယ်။
ကတ်စနစ်ကို အကောင်အထည်ဖော်နေတယ်ဆိုပေမယ့်လည်း ကတ်နဲ့ ဖြတ်လို့ ရတဲ့ စက်များကို ဒရိုင်ဘာများ ကိုယ်တိုင်က ဖြုတ်ထားခြင်း၊ ကတ်ငွေဖြည့်သည့် စနစ်များ အဆင်လုံးဝ မပြေခြင်းကြောင့် ကတ်စနစ်ဟာ အောင်မြင်နိုင်မှာ မဟုတ်ဘူးလို့ YBS စီးနင်းသူ ပြည်သူတဦးက မှတ်ချက်ပေးထားပါတယ်။
အများပြည်သူလူထု သက်သာချောင်ချိရေးအတွက် မစဉ်းစားဘဲ ရှေ့လူ လုပ်ထားသမျှကို အတင်းဝင်လုထားတဲ့ နောက်လူက ထင်သလို ပြင်ဆင်နေရင်တော့ စနစ်တခုလုံး ကမောက်ကမနဲ့ ပြည်သူတွေ ပိုဒုက္ခရောက်နိုင်တယ်လို့လည်း ပြည်သူတဦးက ပြောကြားထားပါတယ်။
မကြာခင်ကာလမှာ ယာဉ်စီးခ ၄၀၀ ဖြစ်တော့မယ့် ဝိုင်ဘီအက်စ်ယာဉ်လိုင်းတွေဟာ ယခုလို အနာအဆာတွေ များလွန်းလှတဲ့ အခြေအနေကြောင့် ရေရှည်တည်တံ့မလား၊ အရင်တုန်းကလိုပဲ ဟိုင်းလတ်ကား ခြေနင်းခုံမှာ တန်းစီ တွယ်စီးရတဲ့ အဖြစ်ရောက်မလားဆိုတာကတော့…..