မိဘသွေးအုပ်စုအလိုက် ဖြစ်လာနိုင်တဲ့ ရင်သွေးတို့ရဲ့ သွေးအုပ်စုနဲ့ လုံးဝမဖြစ်နိုင်တဲ့ သွေးအုပ်စုများအကြောင်း
“ဆရာ ကျွန်မကို ကူညီပါဦးဆရာ။ ဒီမှာ ပြဿနာ တက်နေလို့ပါ။ကလေးအဖေက` B`သွေးပါ ။ကျွန်မက`A`ပါ ။ကျွန်မတို့နှစ်ယောက်ရဲ့သမီးက`O`ပါ။ ကလေးအဖေဘက်ကအဖိုးက`O`၊အဖွားက `B`သွေးပါ။ ကျွန်မအဖေက`A`ပါ။ အမေကတော့မသိပါဘူး ။
အဲဒါကျွန်မတို့နှစ်ယောက်ရဲ့သမီးက`O`သွေးဖြစ်နေလို့ပါ။ သူ့အဖိုးက ဘယ်လိုဖြစ်လို့အဖေ `B`သွေးနဲ့ အမေ`A`ကမွေးတဲ့ကလေးက`O`သွေးဖြစ်ရတာလဲ ဆိုပြီးတော့လေ။ သူ့သားရဲ့ ကလေး လုံးဝ မဖြစ်နိုင်ဘူးဆိုပြီး ပြဿနာရှာနေပါတယ်ဆရာ။ ကျွန်မဘက်က ဖြူစင်ကြောင်း ကျွန်မဘဝနဲ့ချီပြီး သစ္စာဆိုရဲပါတယ်ဆရာ။ ကျွန်မ ဘယ်ယောက်ျားနဲ့မှ မဖောက်ပြန်ခဲ့ပါဘူး။ ဆရာ ကူညီပါဦးဆရာ”
အထက်ပါစာကို ကျွန်တော့် မေးလ်တွေစစ်ရင်းတွေ့ခဲ့ရပါတယ်။ တွေ့တွေ့ချင်း အင်္ဂလိပ်စာသားတချို့ကို ပြေးပြီး မြင်ယောင်မိတယ် ။ A little knowledge is a dangerous thing( အပြည့်အစုံ မဟုတ်ဘဲ မစို့မပို့ တဝက်တပျက်သာ သိခြင်းသည် အန္တရာယ်ရှိ၏) တဲ့။
ရင်သွေးငယ်ရဲ့ သွေးအုပ်စုကြောင့်ပဲ လင်မယား တွေ ကွဲကြတဲ့အထိ ဖြစ်ကြသည်တဲ့။ ပြဿနာတွေ တက်ကြရသည်တဲ့လေ။ သွေးအုပ်စုတွေနဲ့ ပတ်သက်ပြီး ဇာတ်လမ်းတချို့နဲ့ ဝတ္ထုတချို့မှာလည်း မှားယွင်းစွာ ဖော်ပြတာကို တွေ့ဖူးပါတယ်။ တကယ်တော့ ကိုယ့် Professional နယ်ပယ်က မဟုတ်တဲ့ ပညာရပ်ဆိုင်ရာ အပိုင်းတွေမှာ သိသူ၊တတ်သူ ပညာရှင်ကို အရင်မေးပြီးမှသာ ဆုံးဖြတ်ချက် တွေ ချသင့်ပါတယ်။
သတိထားဖို့က သွေးအုပ်စုအဖြေထုတ်တာ အများအားဖြင့် မှန်ပေမဲ့ တစ်ခါတလေ မှားထုတ်ထားသူတွေလည်း တွေ့ဖူးပါတယ်။ မိဘ သွေးအမျိုးအစားအလိုက် ဖြစ်လာနိုင်တဲ့ ရင်သွေးတို့ရဲ့ သွေးအမျိုးအစားများ စာရင်းကို ဖော်ပြ လိုက်ပါတယ်-
(၁) မိဘသွေးအုပ်စု (အေ) + (အေ) = သားသမီး (အေ) နှင့် (အို)၊ မဖြစ်နိုင်သော သွေးအုပ်စု – (ဘီ) နှင့် (အေဘီ)။
(၂) မိဘသွေးအုပ်စု (အေ) + (ဘီ) = သားသမီး (အေ)၊ (ဘီ)၊ (အေဘီ) နှင့် (အို)၊ မဖြစ်နိုင်သော သွေးအုပ်စု မရှိ။
(၃) မိဘသွေးအုပ်စု (အေ) + (အေဘီ) = သားသမီး (အေ)၊ (ဘီ) နှင့် (အေဘီ)၊ မဖြစ်နိုင်သော သွေးအုပ်စု – (အို)
(၄) မိဘသွေးအုပ်စု (အေ) + (အို) = သားသမီး (အေ) နှင့် (အို)၊ မဖြစ်နိုင်သော သွေးအုပ်စု – (ဘီ) နှင့် (အေဘီ)
(၅) မိဘသွေးအုပ်စု (အေဘီ) + (အေဘီ) = သားသမီး (အေ)၊ (ဘီ) နှင့် (အေဘီ)၊ မဖြစ်နိုင်သော သွေးအုပ်စု – (အို)
(၆) မိဘသွေးအုပ်စု (အေဘီ) + (အို) = သားသမီး (အေ) နှင့် (ဘီ)၊ မဖြစ်နိုင်သော သွေးအုပ်စု – (အေဘီ) နှင့် (အို)
(၇) မိဘသွေးအုပ်စု (ဘီ) + (ဘီ) = သားသမီး (ဘီ) နှင့် (အို)၊ မဖြစ်နိုင်သော သွေးအုပ်စု – (အေ) နှင့် (အေဘီ)
(၈) မိဘသွေးအုပ်စု (ဘီ) + (အေဘီ) = သားသမီး (အေ)၊ (ဘီ) နှင့် (အေဘီ)၊ မဖြစ်နိုင်သော သွေးအုပ်စု – (အို)
(၉) မိဘသွေးအုပ်စု (ဘီ) + (အို) = သားသမီး (ဘီ) နှင့် (အို)၊ မဖြစ်နိုင်သော သွေးအုပ်စု – (အေ) နှင့် (အေဘီ)
(၁၀) မိဘသွေးအုပ်စု (အို) + (အို) = သားသမီး (အို)၊ မဖြစ်နိုင်သော သွေးအုပ်စု – (အေ)၊ (ဘီ) နှင့် (အေဘီ)
ဟမ်စိုင်း(ဆေး-မန်း)